လမင်း(ဘုရား)

ပျိုရွယ်သွေးကြွ ငယ်စဉ်ကမူ၊
ငါနှင့်ပါသာ၊ နှိုင်းစရာဟု၊
ပညာမုန်ယို၊ မဆိုသလောက်၊
မာန်စောင် မြောက်ခဲ့မိပါသည်။ ။

ယခုမှာမူ
ဇရာမုန်း၍ လူလုံးမလှ
ရွတ်တွ ယွင်းယို၊ ခန္ဓာကိုယ်နှင့်
အိုကြီးအိုမ၊ ငါ့ဘ၀သည်၊
မလှမပ၊ ရှိခဲ့ပြီ။ ။

လောကဓာတ်လုံး၊ နေလုံးကွယ်ပျောက်၊
ညမှောင်ရောက်သို့၊ မှဲ့ပြောက်ယှက်ဖြာ၊
ငါ့ခန္ဓာလည်း၊ မကြာတိမ်မြှုပ်၊
ဇီဝိန်ချုပ်သို့၊ မလှုပ်ယှက်သာ၊
ဝိဇ္ဇာဥာဏ်ကင်း၊ အသိဖျင်းလျက်၊
သေမင်းခေါ်က၊ လိုက်ပါရမည်၊
ဘ၀နေ၀င်ချိန်ပါတကား။ ။

ထိုစဉ်ခိုက်ဝယ်၊ လှိုက်လှဲ မေတ္တာ၊
ကြင်နာသနား၊ လမင်းဘုရားလျှင်၊
ငါ့အားချီးမြောက်၊ ကြွလာရောက်စဉ်၊
အစ္စယော မေ ဘန္တေ၊ အစ္စဂမာ အစဖြာလျှက်၊
ကျမ်းလာရှိမှန်၊ တောင်းပန်လျှောက်ထား၊
ငါ့စကားကို၊ ၀ုဒ္ဓိဟေသာ အာယတိံ သံဝရ မိန့်ဟစကား၊
ခွန်းတုန့်ကြားလျက်၊
မြွက်ထားဆုံးမ၊ သြ၀ါဒကို၊
တုပ်ကွနာစဉ်၊ အသိဝင်၍၊
ရင်တွင်းပီတိ၊ ဂွမ်းဆီထိသို့၊
ရွှန်းအိဝေဖြာ၊ ဘယာကွေကွင်း၊
ငါ့ရင်တွင်းဝယ်၊ လမင်းဘုရား လင်းခဲ့ပြီ။ ။
အော်...အနောက်ဖက်ဆီ၊ နေ၀င်ပြီမို့၊
ရောင်နီပြိုးပြက်၊ မလင်းလက်လည်း၊
ရှေ့ဖက်ဆီမှ၊ သော်တာလသည်၊
ရွှန်းပ ၀င်းလက်ခဲ့ပြီတကား။ ။
 ****************
လမင်း (ဘုရား)သို့ ထာဝရ ဦးခိုက်လျှက်
တပည့် ဒေါက်တာ သြသဓသာရ

0 comments:

Post a Comment