ခါးနာခြင်းအကြောင်း သိကောင်းစရာ

ခါးနာခြင်းဟာ လူ ၁၀ ယောက်မှာ ၈ ယောက် ခံစားရလေ့ရှိတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ တော်တော်ဆိုးပြီး အလုပ်ပျက် အကိုင်ပျက် ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ ခါးနာခြင်းကို ဖြစ်စေတဲ့ နောက်ခံ အကြောင်းတရား ရောဂါတွေက အများကြီး ဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်း တွေကတော့ ..........
(၁) ခါးရဲ့ ကြွက်သား၊ အရွတ်၊ အဆစ်တွေကို ထိခိုက်မိခြင်း (သို့) အလွန်အကျွံ အလုပ်လုပ်မိခြင်း
(၂) ကြောရိုးအာရုံကြောမကြီး ရှိတဲ့ အခေါင်းပေါက်ထဲက အာရုံကြော အရင်း (nerve root) ကို ထိခိုက်မိခြင်း ( လှုပ်ရှားမှု၊ အလေးမမှု စသည်တို့မှာ ပုံစံမမှန်ခြင်း၊ Osteoarthritis ခေါ် အရိုးပွန်း အဆစ်ယောင် ရောဂါ၊ ခါးရိုး ကျီးပေါင်းတက်ခြင်း၊ ကြောရိုးအာရုံကြောမကြီး ရှိတဲ့ အခေါင်းပေါက်ကျဉ်း၍ ပိတ်သွားခြင်း၊ မွေးရာပါ သော်လည်းကောင်း အခြားအကြောင်း အရင်း တစ်ခုခုကြောင့် အရိုးပုံပျက်သွားခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်)။ ဒါပေမယ့် မပူပါနဲ့၊ သင့်ရဲ့ ခါးကို နာကျင်ခြင်းတွေမှ ကင်းဝေးအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း အဆင့်လေးတွေကို ပညာရှင်များက လေ့လာသုတေသနပြုပြီး ထုတ်ပြန်ပေးထားတဲ့ အတိုင်း တင်ပြပေးလိုက်ပါတယ်။ (အကောင်းဆုံး နည်းလမ်း တစ်ခုကို ပြောရရင်တော့ လေ့ကျင့်ခန်း မှန်မှန်လုပ်ကာ ခါးနဲ့ ၀မ်းဗိုက်ကြွက်သားတွေကို တောင့်တင်းသန်မာစေခြင်းဖြင့် ခါးနာခြင်းကို ကာကွယ်ခြင်းပါပဲလို့ ကျွန်တော့်ရဲ့ဆရာ အရိုးအကြောပါရဂူကြီး တစ်ဦးက ပြောပါတယ်)
(၁) ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှု၊ အလုပ် စသည့် တစ်စုံတစ်ရာ လုပ်ပြီးတိုင်း ခါးကိုဆန့်ထားကာ အနားယူပါ။
(၂) ထိုင်နေတဲ့အချိန် သို့မဟုတ် လမ်းလျှောက်နေတဲ့ အချိန်တွေမှာလဲ လွန်မင်းစွာ ပျော့တိပျော့ခွေစွာနဲ့ ခွေခေါက်နေခြင်းကို ရှောင်ပါ။
ဒီပုံမှာ ပြထားတဲ့အတိုင်း လမ်းလျှောက်ရင် သင့်ခါးအတွက် အကောင်းဆုံးပါပဲ။
(၃) ခုံမှာထိုင်ထိုင် ကားထဲမှာ ထိုင်ထိုင် ခါးအတွက် ကောင်းမွန်တဲ့ အခံ (lumbar support) ရှိပါစေ။
(၄) ကြာကြာထိုင်ပြီး အလုပ်လုပ်နေရရင် ခါးကြွက်သားတွေ တင်းအားက သက်သာစေဖို့ မကြာခဏ ဖြည်းညှင်းစွာ ဆန့်ပေးပါ။ (ဆန့်ပေးပါ ဆိုတာ ခါးဆစ်တွေကို လှည့်ချိုးခိုင်းတာ လုံးဝမဟုတ်ပါဘူး။ အဲလိုလုပ်လို့ အာရုံကြော ညပ်သွားခဲ့ရင် ကုရခက်တဲ့ ခါးနာရောဂါ ဖြစ်သွားတတ်ပါတယ်။ ရေရှည်မှာလဲ ခါးရိုးကျီးပေါင်းတက် ရောဂါ ဖြစ်စေနိုင်ပါတယ်)
(၅) ခါးမှာ အထောက်အပံ့မရှိဘဲနဲ့ အလွန်အမင်း ကုန်းခြင်း၊ ခါးကွေးခြင်းများ မလုပ်ပါနဲ့။ အလေးအပင်မရင် သတိထားပါ။ ကိုယ်နဲ့ကပ်ပြီး မပါ။ ခွာမ မ ပါနဲ့။
(၆) သက်တောင့်သက်သာရှိသော ဒေါက်နိမ့် ဖိနပ်များကိုသာ စီးပါ။ ဒေါက်မြင့်ဖိနပ်များကို ရှောင်ပါ။ (အမျိုးသမီးများအတွက်)
(၇) အိပ်ပျော်နေစဉ် အတွင်းမှာ သင့်ရဲ့ ခါးရိုးဆစ်များ ကွေးနေခြင်းကို ရှောင်ရှား ရန်အတွက် ဘေးတစ်စောင်းအိပ်ပါ။ (ညာဖက်ကို စောင်းအိပ်တာ နှလုံး အတွက်ပါ ကောင်းပါတယ်၊ အိမ်ထောင်ရှိသူတွေမို့ ဘယ်ဘက်က ဇနီးက ပြဿနာရှာရင်တော့ ကျွန်တော့် အပြစ် မဟုတ်ဘူးနော်)
(၈) အမြဲတမ်း ညီညာ တင်းရင်းတဲ့ မျက်နှာပြင် မှာပဲ အိပ်ပါ။
(၉) ပက်လက်ပဲ အိပ်တတ်တယ်ဆိုရင်လဲ ခါးကို စန့်နေပါစေ။ ခြေကျင်းဝတ် အောက်မှာ တစ်ခုခု ခံထားပြီး အိပ်ခြင်းက ခါးအတွက်တင်သာမက သွေးလှည့်ပတ်မှုအတွက်ကော ကောင်းစေပါတယ်)
(၁၀) ၀လွန်းရင် ကိုယ်အလေးချိန် လျှော့ချပါ။ ထိန်းထားပါ။
(၁၁) ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ရင် သွေးကြောတွေ ကျဉ်းသွားစေတတ်တဲ့ အတွက် ခါးဆစ်အောက်ပိုင်း ဆီသွားတဲ့ သွေးကြောတွေပါ ကျဉ်းကုန်လို့ ခါးရိုးဆစ်တွေကြားက အရိုးနုပြားလေးတွေ ယိုယွင်းကုန်လို့ ခါးနာလာတတ်ပါတယ်။
(၁၂) နေ့စဉ် ဗိုက်တာမင်ဒီ ပါတဲ့ အစားအသောက်တွေ နဲ့ ဗိုက်တာမင်ဒီ အားဖြည့်ဆေးကို မှီဝဲပေးရင် ခါးရိုးတွေသာ မက အရိုးတွေအားလုံး သန်စွမ်းပြီး၊ အရိုးပွ ခါးနာခြင်းကို ကာကွယ်နိုင်မှာ သေချာပါတယ် ။
(ဗိုက်တာမင်ဒီရဲ့ ကင်ဆာရောဂါ ကာကွယ်တဲ့အစွမ်းကို သိချင်ရင် ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ နွားနို့၊ အဆီကြွယ်ဝသောငါးများ(အထူးသဖြင့် ပင်လယ်ငါးများ ဖြစ်ကြသည့် ဆာဒင်း၊ကျူနာ၊ဆယ်လမွန်၊ဟာရင်း၊ကစ်ပါ စသည့် ငါးများ)၊ ထောပတ်၊ နှံစားသီးနှံများ နှင့် ဥအမျိုးမျိုးတို့ ဖြစ်ကြပါတယ်။ မနက်ခင်း နေပူဆာ လှုံပေးရင်လဲ ရနိုင်ကြောင်းပါ)

သီဟသစ်(ဆေး-၂) Mutdfan.com

1 comments:

Sunrisemyanmar.blogspot.com said...

ဤ စောင်းပါးလေးကို "Mutdfan.com"မှ တဆင့် ကူးပြီးတင်ပြခြင်းဖြစ်ပါသည်။ သတ္တ၀ါလောကကြီး ခါးနာဝေဒနာမှ အစင်ထာဝရ ကင်းဝေးနိုင်ကြပါစေလို့ ဆန္ဒပြုလျက်..........

Post a Comment