အောင်မြင်ကျော်ကြားမှု့ တန်ဖိုးရဲ့ နောက်ကွယ်က ရလာဒ်များ

0 comments Wednesday, July 13, 2011
လူလောက၌ အချို့သောလူတို့သည် အောင်မြင်ကျော်ကြားမှုကို အမြတ်တနိုးတန်ဖိုးထားကြ၏၊ ကျော်ကြားမှုကို လိုလားတောင့်တကြ၏၊ ကျော်ကြားဖို့ရာအတွက် နည်းလမ်းတွေကိုရှာဖွေကြ၏၊ ကျော်ကြားမှု ကိုရဖို့ရာ နည်းမျိုးစုံနှင့် ကြိုးစားရှာဖွေကြ၏၊ မှန်ကန်သောနည်းလမ်းဖြင့် ကျော်ကြားမှုကို ရအောင်ကြိုးစား ကြသလို တစ်ချို့ကလည်း မသမာသောနည်းလမ်းတွေနှင့် ကြိုးစားရှာဖွေကြ၏။ တစ်ချို့ကငြိမ်းချမ်းသော နည်းနှင့် ရအောင်ကြိုးစားသလို တစ်ချို့က အကြမ်းဖက်တဲ့နည်းတွေနှင့်ကြိုးစားကြ၏၊ တစ်ချို့သောသူတွေက ဘ၀တွေ အချိန်တွေနှင့်ရင်း၍ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က အသက်နှင့်ရင်း၍ ရှာကြ၏။ တစ်ချို့က လောကအတွက်အကျိုးပြု လုပ်ငန်းတွေလုပ်ကာ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က လောကအတွက်အကျိုးမဲ့လုပ်ငန်းတွေ လုပ်ကာ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က လောကကြီးပွါး ရာကြီးပွါးကြောင်းတွေနှင့် အောင်မြင်မှုကိုရှာ၏။ တစ်ချို့ကတော့ လောကပျက်စီးရာပျက်စီးကြောင်းတွေနှင့် အောင်မြင်ကျော်ကြားမှု့ကိုရှာ၏။ တစ်ချို့က အားကစားနည်းဖြင့် အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က အနုပညာဖြင့် အောင်မြင်ကျော်ကြားမှု ကိုရှာ၏။ ထိုသို့ရှာဖွေကြရာတွင် ကံတရားကြောင့် အထွဋ်အထိပ် ရောက်အောင် အောင်မြင်သူတွေရှိသလို အတန်အသင့်အောင်မြင်သူတွေလည်းရှိ၏ လုံးဝမအောင်မြင်သူများ လည်းရှိ၏။ ထင်ရှားသူများရှိသလို မထင်ရှားသူများလည်းရှိ၏။ နိုင်သူတွေရှိသလို ရှုံးသူတွေလည်းရှိ၏။ တိုးတက်လာသူတွေသူတွေကိုတွေ့ရသလို ဆုတ်ယုတ်လာနေသူတွေကိုလည်းတွေ့မြင်နေရ၏။ ဘာကြောင့် သူတို့သူတို့တစ်တွေဟာ အောင်မြင်မှုကိုလိုလားတောင့်တကြသနည်း။ အောင်မြင်မှုရဲ့ နောက်ကွယ်ကနေဖြစ် ပေါ်လာမယ့် ကောင်းကျိုးတွေကဘာတွေလဲ ဆိုးကျိုးတွေကရောဘာတွေလဲ ဒါတွေကို ဆန်းစစ်ကြည့် ကြဖို့တော့ လိုအပ်ပါတယ်။
ဘ၀တွင် အောင်မြင်မှုကို တစ်ကြိမ်တစ်ခါလောက်ရလိုက်လျှင်ပင် တစ်ကြိမ်ဆိုရင် တစ်ကြိမ်ဆိုသ လောက် အကျိုးအမြတ်တွေရတတ်ကြ၏။ အထင်ရှားဆုံးသာဓကပြရလျှင် အားကစားလောက နှင့် အနုပညာ လောကကိုပြရပေမည်။ အားကစားလောကတွင်လည်း ဘောလုံး လက်ဝှေ့ တင်းနစ် ပြိုင်ကားမောင်ခြင်း နှင့် ဂေါက်သီးရိုက် အားကစားနည်းများသည် သိသာမြင်သာသော ထင်ရှားသော သာဓကများပင်ဖြစ်သည်။ အနုပညာလောကဆိုလျှင် ရုပ်ရှင် နှင့် အဆိုတော်လောကသည် ထင်ရှားသော သာဓကများပင်ဖြစ်သည်။ သူတို့ဘ၀တွင် တစ်ခါအောင်မြင်လိုက်လျှင် ငွေတွေသောက်သောက်လဲရ၏။ ဆုကြေးငွေလည်းရသလို လစာငွေလည်းရ၏ စီးပွါးရေးလုပ်ငန်းရှင်တို့၏ ပစ္စည်းကြော်ငြာပေးခြင်း စသောနေရာများမှလည်းရ၏။ တစ်ခဏချင်းပင် သန်းကြွယ် သူဌေးများဖြစ်လာကြ၏။ ဘယ်နေရာသွားသွား ဘယ်နေရာရောက်ရောက် ထိုသူများမှာ လူအများ၏ အရေးပေးဆက်ဆံခြင်းကိုခံကြရ၏။ ဘယ်နေရာသွားသွား ဘယ်နေရာရောက်ရောက် ထင်ပေါ်ကျော်ကြားကြ၏။
ထိုသို့သောအကျိုးရလာဒ်များကို ကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့လာကြသောအခါ လောက၌ တစ်ချို့သောလူတို့သည် အောင်မြင်မှုကျောကြားမှု့ကို အားကျလာကြသလို တန်ဖိုးလည်းထားလာကြသည်။ ရချင်လိုချင်စိတ်တွေလည်းဖြစ်ပေါ်လာကြ၏။ ရအောင်လည်းကျိုးစားကြ၏။ လက်ရှိအောင်မြင်နေကြသော အားကစားသမားတော်တော်များများ သည် ငယ်စဉ်ကပင် သူတို့၏ဘ၀တွေကို အားကစားလောကမှာပင်နစ် မြုပ်ထားကြရ၏။ ပညာရေးလောကကို အတန်အသင့်လောက်သာ လေ့လာလိုက်စားခဲ့ကြရ၏။ သူတို့ဝါသနာ ပါသောအားကစားနည်းများကို နေ့စဉ် နေ့တိုင်း နာရီပေါင်းများစွာ အကြိမ်ပေါင်းများစွာလေ့ကျင့်ကြရ၏။ ဘ၀တွေ သွေးတွေ ချွေးတွေပေးဆပ်ခဲ့ကြရ၏ အဘယ့်ကြောင့်ဆိုသော် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါတို့ဟာ အောင်မြင်ကျော်ကြားတဲ့ အားကစားသမားကောင်းတွေဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက် ရည်မှန်းချက်တွေ ကြောင့်ပဲဖြစ်၏။ ထိုသို့ပင်ကြိုးစားကြပါသော်လည်း အချို့အချို့သော အားကစားသမားများမှာ ကံမကောင်း အကြောင်းမလှသည့်အတွက် သူတို့မျှော်မှန်းထားသလောက် အောင်မြင်မှုမျိုးကိုမရရှိကြပေ။ ထိုအခါ မရ ရသည့်နည်းဖြင့်ကျိုးစားလာကြ၏။ ထိုနည်းကား ခန္ဓာကိုယ်စွမ်းအားနှင့် စိတ်ကိုတက်ကြွစေသော ဟိုမုန်းဆေး များကို အသားတွင်း အကြောတွင်း နောက်ဆုံးသွေးကြောထဲအထိပါထိုးသွင်းလာ ကြ၏။ အားကစားလောက၌ တာဝန်ရှိသောသူများက ဆရာဝန်များနှင့် စနစ်တကျဆေးစစ်၍ တားမြစ်ဆေးသုံးစွဲကြောင်း အဖြေပေါ် သောအခါ အောင်မြင်မှုမရသည့်အပြင် အရှက်ပါထပ်ရကြလေ၏။ အားကစားလောကမှလည်း အရေးယူခံ ကြရ၏။ နောက်ဆုံး သူတို့ဘ၀သည် အားကစားနည်းအနေနှင့်လဲရှုံး လူမှုပါတ်ဝန်းကျင်တွင်လည်းအရှက်ရကာ နှစ်ဖက်ရှုံး ရှုံးကြရတော့သည်။ အောင်မြင်သောသူတို့သည် တစ်ဖက်ကကြည့်လျှင်လည်း တစ်ချို့က ငွေကြေး တွေချမ်းသာလာတော့အပျော်အပါးတွေလိုက်စားလာကြ၏။ အပေါင်းအသင်းအလွှာမျိုးစုံနှင့် ပေါင်းသင်းလာ ကြ၏။ ထိုသူများအထဲတွင် ကိုယ်ကျင့်တရားကောင်းသူများရှိသလို ကိုယ်ကျင့်တရားမကောင်းသူများကလည်း ဒုနှင်ဒေးပင်။ လမ်းကြောင်းအမှန်ကိုတင်ပေးသူရှိသလို လမ်းကြောင်းအမှားပေါ် ဆွဲချသူများလည်းမရှားလှပေ။ ကြာလာတော့ အောင်မြင်ကျော်ကြားမှုတွေကို ငြီးငွေ့လာသူတွေ စိတ်ကုန်လာသူတွေလည်းရှိလာသလို ပို၍ပို၍ ပျော်ရွှင်သူ များလည်းရှိ၏။ အားကစားလောကနှင့် အနုပညာလောကတွင် ထိုကဲ့သို့သော အဖြစ်အပျက်များကား ဒုနှင့်ဒေးပင် ပြော၍ပင်ကုန်မည်မထင်။ ဟိုတုံးကလည်းဖြစ်ခဲ့ကြ၏။ အခုလည်းပဲဖြစ် နေကြဆဲ။ နောင်လည်းပဲ ဖြစ်နေကြဦးမည်မှာ မလွဲပေ။ အဘယ့်ကြောင့်ဆိုသော်.. တစ်ချို့တစ်ချို့သော လူတို့သည် အောင်မြင်ကျော် ကြားမှု့ကို တန်ဖိုးထားလွန်းသောကြောင့်ပင်ဖြစ်သည်။
တရားသောနည်းဖြင့် အောင်မြင်မှုကိုရရှိနေကြသော အားကစားသမားများနှင့် အခြားအခြားသော အောင်မြင်ကျော်ကြားနေသောသူတိုင်းသည် သူတို့ရရှိထားကြသော အောင်မြင်မှု့တွေကို ထိုက်တန်အောင် တန်ဖိုးထားစောင့်ရှောက်ထိမ်းသိမ်းကြပါသလားလို့ မေးလာလျှင်လည်း အဖြေအမျိုးမျိုးထွက်လာနိုင်သည်။ မှန်၏ သူတို့ရရှိထားကြသော အောင်မြင်ကျော်ကြားမှု့တွေကို တန်ဖိုးထားစောင့်ထိန်းသူရှိသလို မစောင့်ထိန်းသောသူ များလည်းရှိ၏။ အချို့သော အောင်မြင်ကျော်ကြားသူများသည်။ အားကစားလောကတွင် ငယ်စဉ်ကတည်းက ကျိုးစားလေ့ကျင့်ရင်း အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရလာသောအခါ ငွေကြေးများလည်းသုံးမကုန် အောင်ရရှိလာကြ၏။ ထိုအခါ နည်းမှန်လမ်းမှန်နှင့် ထိန်းကြောင်းပေးမည့် ဆရာမိဘမရှိသော သူများသည် အောက်ခြေလွတ်ကာ ထင်ရာစိုင်းလာကြ၏။ ငွေကိုနည်းမှန် လမ်းမှန်မသုံးစွဲကြပဲ ထင်သလိုသုံးစွဲလာကြ၏။ ငွေကိုလည်း ရေလိုသုံးစွဲလာကြ၏။ လူကို…လူဟုပင်မထင် ကြတော့ မင်းငါလိုအောင်မြင်တဲ့လူတယောက်ဖြစ်ဖို့ အဝေးကြီး ငါနဲ့အဖက်မတန်ဘူး စသည်ဖြင့် တဖက်သားကို အထင်အမြင်သေးလာကြ၏။ တစ်ချို့ဆိုလျှင် ကိုယ်ထိလက်ရောက်ပင် စော်ကားလာကြ၏။ အပျော်အပါးတွေ မျိုးစုံကိုလည်း လိုက်စားလာကြ၏။ အပေါင်းအသင်းမျိုးစုံကိုပေါင်းသင်းလာကြ၏။ ထိုအပေါင်းအသင်းများနှင့် ထင်သလိုသောက်စားမူးယစ်လာကြ၏။ မသွားသင့်မသွားအပ်သောနေရာများကို သွားလာကြ၏။ မလုပ်သင့် မလုပ်ထိုက်သော လူမှုရေး ဖောက်ပြန်မှုတွေကိုလုပ်လာကြ၏။ ထိုအခါ သူတို့၏ အားကစား အဆင့်အတန်းလည်းတဖြည်းဖြည်း လျှော့ကြလာကြ၏။ လူမှုပါတ်ဝန်းကျင်တွင်လည်း အထင်အမြင်သေးခြင်း ၀ိုင်းဝန်းကဲ့ရဲ့ရှုတ်ချခြင်းစတဲ့ အရာတွေဖြစ် ပေါ်လာကြ၏။ ထိုအခါ ထိုသူတို့၏ဘ၀သည် လောကတွင်အရှက်ကြီးရှက်ရသလို တစ်ချို့ဆိုလျှင် ဘ၀ပါပျက်ကြရတော့၏။ တစ်ချို့ဆိုလျှင်လည်း ကိုယ့်ဘ၀ကိုယ် အဆုံးပင်စီရင်သွားသော သာဓကများကို နိုင်ငံအများအပြား၌ တွေ့ရှိနိုင်ပေသည်။ သူတို့၏ဘ၀တွေကား တစ်ကယ့်ကိုသနားစရာပင်။ ထိုအဖြစ်အပျက်တို့သည် လောကလူသားများအတွက် ယူတတ်လျှင် သင်ခန်းစာများပင်ဖြစ်ပေသည်။
တစ်ကယ်တော့ အောင်မြင်ကျော်ကြားမှုသည် မီးနှင့်တူ၏။ လောက၌ မီးသည်သုံးတတ်သော သူတို့အတွက် မိတ်ဆွေဖြစ်သလို မသုံးတတ်သောသူတို့အတွက် ရန်သူဖြစ်၏။ မိမိရဲ့အောင်မြင်ကျော်ကြား မှုကို ကြာရှည်တည် တန့်နေစေရန်အတွက် မိမိကိုယ်တိုင်စနစ်တကျ ကျင့်သုံးနေထိုင်ပါမှ ကြာရှည်တည်တန့် မည်ဖြစ်ပေသည်။ ထိုသို့ကျင့်သုံးနေထိုင်မှုမရှိပါက ကျရှုံးမှုများနှင့်ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်သည်။ ထိုသို့ကျင့် သုံးနေထိုင်ဖို့ရန်အတွက် အတ္တသမ္မာပဏီဓိဆိုတဲ့ မိမိကိုယ်တိုင်က မကောင်းတဲ့အလုပ်တွေမလုပ်မိအောင် ထိန်းကျောင်းနိုင်တဲ့တရားရှိဖို့လိုအပ်သလို သပ္ပုရိသူပနိဿယ ဆိုတဲ့ မကောင်းတာတွေမလုပ်မိအောင် ကောင်းတာတွေလုပ်ဖြစ်အောင် လမ်းမှန်ကိုထိန်းကျောင်းပေးတတ်တဲ့ သူတော်ကောင်းမိတ်ဆွေတွေရှိဖို့လိုအပ် လှပေသည်။ နောက်အရေးအကြီး ဆုံးအချက်တစ်ချက်က မိမိကိုယ်တိုင်က အရာရာကိုတွေးတောဆင်ခြင်တတ် သောပညာရှိဖို့လည်း အရေးကြီးသည်။ သို့မှသာ အရာရာကို အကျိုးနဲ့အကြောင်း အဆိုးနဲ့အကောင်းခွဲခြား ဝေဖန်လျှက် လုပ်သင့်တာကိုလုပ်ပြီး မလုပ်သင့်တာတွေကိုလည်းမလုပ်မိအောင် ရှောင်ကြဉ်နိုင်ပေမည်။ သို့မှသာ မိမိအတွက် ကောင်းကျိုးရသလို သူတစ်ပါးတို့အတွက်လည်း စံထားထိုက်တဲ့သူပါလားဟု အသိ အမှတ်ပြုခံရပေမည်။ လူသားတိုင်း လူသားတိုင်းသည် လာဘ အလာဘ၊ ယသ အယသ၊ နိန္နံ ပသံသံ၊ သုခံ ဒုက္ခံ ဆိုတဲ့လောကဓံတရားတွေက တစ်ခုမဟုတ် တစ်ခုခံစားနေကြရသည်မဟုတ်ပါလား။ ထိုလောကဓံတရား တွေကို ရှေးကလည်းခံခဲ့ကြရပြီ။ အခုလည်း ခံနေကြရဆဲ။ နောင်လည်းဘဲ ခံကြရအုံးမှာကားဧကန်ပင်ဖြစ်သည်။ ထိုလောကဓံလှိုင်းတွေက အောင်မြင်ကျော်ကြားလာရင် အောင်မြင်ကျော်ကြားသလောက် ရိုက်ပုတ်ခံရ၏။ အောင်မြင်ကျော်ကြားမှုဆိုတဲ့ မုန်တိုင်းတွေကြမ်းလာလေလေ လောကဓံလှိုင်းတွေက ပြင်းထန်လေလေပင် ဖြစ်သည်။ လူတော်တော်များများက မကောင်းတာတွေနဲ့တွေ့ကြုံလာမှ လောကဓံလို့ထင်မှတ်တတ်ကြ၏။ တစ်ကယ်တော့ လောကဓံဆိုတဲ့တရားက မကောင်းတာတွေနဲ့တွေ့ကြုံလာမှ ခံစားရသည်မဟုတ် ကောင်းတာ တွေနှင့်တွေ့ကြုံလာတဲ့အခါမှာလည်း တုန်လှုပ်မှုမရှိဘဲ တည်တည်ကြည်ကြည်နဲ့ မမော်မကြွား ကိုယ်ရော စိတ်ပါထိန်းနိုင်ပါမှ ကောင်းတဲ့လောကဓံရဲ့ဘေးရန်က ကာကွယ်နိုင်ပေမည်။ ထိုသို့မထိန်းနိုင်ပါက ကောင်းတဲ့ လောကဓံလှိုင်းရဲ့ ဆိုးဝါးစွာရိုက်ပုတ်ခြင်းကို ဧကန်ခံကြရမည်ဖြစ်သည်။ တစ်ချိန်ကလျှမ်းလျှမ်တောက် အောင်မြင်ကျော်ကြားခဲ့ကြသော်လည်း ယခုလောလောဆယ်တွင် ဘ၀ပျက်နေကြသော ဆင်းရဲနေကြသော ထိုကဲ့သို့ ဘ၀ပျက်ပြီးဆုံးပါးသွားကြသော သူတို့သည် ကောင်းတဲ့လောကဓံရဲ့ ရိုက်ပုတ်ခြင်းကို ခံခဲ့ကြရသူများပင်ဖြစ်သည်။
လောကထုံးစံအရ လောကလူသားများသည် ချီးမွမ်းဖို့ခဲယဉ်းကြပေမယ့် ကဲ့ရဲ့ဖို့ကြတော့ဝန်မလေး တတ်ကြပေ။ ထို့ကြောင့် ပါတ်ဝန်းကျင်ကို သတိထားနေထိုင်သွားလာ လှုပ်ရှားသင့်သောသူများတွင် ထိုအောင် မြင်ကျော်ကြားကြသူများက အဓိကကျလှ၏။ သာမာန်လူတို့သွားလာလှုပ်ရှားနေသည်ကို အထူးအဆန်းလုပ် သတင်းမလုပ်သော်လည်း အောင်မြင်ကျော်ကြားသူတို့ သာမာန်လူတို့နည်းတူသွားလာလှုပ်ရှားနေသည်ကိုပင် သတင်းလုပ်၍ ရေးသားတတ်ကြသည်။ ထို့အတူ ကောင်းတဲ့ အပြုအမူတွေကိုလုပ်နေရင်လည်း အမျိုးမျိုးချီးမွန်းကြသလို မကောင်းတာလုပ်မိလျှင်လည်း ရစရာမရှိအောင် ကဲ့ရဲ့ရှုပ်ချရေးသားတတ်ကြသည်မှာ သတင်းလောက၏ ထုံးစံတစ်ပင်ဖြစ်သည်။ ထိုသတင်းမျိုးကိုရယူနိုင်ရန် သတင်းထောက် (ပါပါရာဇီ)တို့ကလည်း ထိုသူတို့၏နောက်ကနေ အရိပ်သဖွယ် လိုက်နေကြ၏။ အောင်မြင်ကျော်ကြားနေကြသော လူတိုင်းသည် ထိုသတင်းထောက်ဓာတ်ပုံသမားတို့လက်မှရှောင်တိမ်းပြေးထွက်ဖို့မလွယ်ကူပေ။ ထိုသို့ရှောင်ရင်းတိမ်းရင်း အသက်ပါဆုံးရှုံးသွားကြရလောက်အောင်ဖြစ်ခဲ့သည့် သာဓကများလည်း ဖြစ်ပျက်ခဲ့ဖူးသည်မဟုတ်ပါလား။ နောက်ဆုံးတော့ သူတို့၏အောင်မြင်ကျော်ကြားမှုတွေက သူတို့၏လွတ်လပ်မှုဘ၀တွေကို ဘောင်ခတ် လာကြ၏။ မလွတ်လပ်ခြင်းဆိုတဲ့ အရိပ်တွေမိုးလာတာကိုခံကြရတော့၏။ အရာရာကို စိတ်ကြိုက်လုပ်နိုင် ငွေကိုရေလိုသုံးနိုင်ကြသော်လည်း သာမန်လူတွေလောက် မလွတ်လပ်ကြတော့ အသိတရားရှိသောသူတွေ ကတော့ နေရာတိုင်း စားသတိ သွားသတိ လာသတိ နေသတိ ထိုင်သတိ ဆိုတာတွေ ဖြစ်လာကြရတော့၏။ အသိတရားမရှိသူတွေက သတိလက်လွတ်ထင်ရာတွေလုပ်တော့ ဓာတ်ပုံသတင်း ထောက်(ပါပါရာဇီ)တို့၏ သားကောင် သတင်းလောက၏သားကောင်တွေအဖြစ် အလူးအလဲခံကြရတော၏။
မည်သို့ပင်ဖြစ်ပါစေ တိုတောင်းလှတဲ့ လူ့ဘဝရဲ့ ဇာတ်ခုံပေါ်မှာ အောင်မြင်ကျော်ကြားမှုဆိုတာတွေက လွတ်လပ်ပျော်ရွှင်မှုဆိုတာတွေနဲ့ တိုင်းတာကြည့်လိုက်မယ်ဆိုရင်တော့ မိုးတိမ်တွေဖုံးအုပ်နေတဲ့ လကွယ်ည သန်းခေါင်ယံမှာ လျှပ်စီးလေးတစ်ချက်လက်လိုက်သလို အချိန်ကာလအားဖြင့် အနည်းငယ်မျှသာရှိပါလိမ့်မယ်။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်မှုသည် ဘ၀တစ်လျှောက်လုံးမရနိုင် အောင်မြင်မှုကိုရဖို့ရာအတွက် အသက်အပိုင်းအခြားနှင့်သက်ဆိုင်သလို ကိုယ်ကာယစွမ်းအားနဲ့လည်းဆိုင်၏ ဥာဏစွမ်းအားနှင့်လည်းဆိုင်၏။ နောက်ဆုံး အဓိကတစ်ချက်က ကံတရား၏အကျိုးပေးမှုနှင့်လည်းဆိုင်၏။ ဖော်ပြပါအချက်အလက်တို့နှင့် ပြည့်စုံနေစဉ်အခိုက်အတန့်ကာလလေးမှာသာ အောင်မြင်မှု့များအသီးအပွင့်များကိုရှာဖွေ၍ ရရှိနိုင်ကြပေသည်။ ထိုအချက်များထဲမှ တစ်ချက်ကလေးချို့ယွင်းလိုက်သည်နှင့် တပြိုင်နက် ကျရှုံးမှုတွေနှင့်ရင်ဆိုင်ကြရတော့၏။ ထို့ကြောင့် အောင်မြင်ကျော်ကြားသူတွေရဲ့ ဘဝတွေဟာ လေထုထဲက တိမ်တိုက်တွေလို ဘယ်အချိန်မှာ လွင့်မြောပျောက်ကွယ်သွားလေမလဲဆိုတာ စဉ်းစားနေရတဲ့ အချက်မျိုးအဖြစ် သက်ရောက်လို့နေပါတယ်။ လွတ်လပ်မှု့ကတော့ ထိုသို့မဟုတ်ပေ ငယ်ရွယ်စဉ်ဘ၀မှာလည်း ခံစားနိုင်သလို လူလတ်ပိုင်းအရွယ်မှာလည်း ခံစားနိုင်ပါတယ် နောက်ပိတ်ဆုံး အိုမင်းမစွမ်းဖြစ်နေရင်တောင် လွတ်လပ်မှု့ရဲ့ အရသာကို ခံစားနိုင်ပါတယ်။ အရွယ်သုံးပါးတွင် သူ့အရွယ်နှင့်သူ လိုက်လျှောညီထွေစာခံစား နိုင်၏။ ချမ်းသာသူက ချမ်းသာသည့်အလျှောက် ခံစားနိုင်သလို ဆင်းရဲသူကလည်း ဆင်းရဲသည့်အလျှောက် ခံစားနိုင်၏။
ထိုအောင်မြင်ကျော်ကြားသူတို့ ရရှိထားသော ငွေကြေးဥစ္စာဆိုတာတွေကလည်း တရားသဘောအရ ကိုယ်ပိုင်ဥစ္စာစစ်စစ်များမဟုတ်ကြပေ။ ကိုယ်ကဘယ်လောက်ပင်ပိုင်ဆိုင်ပါတယ်လို့ ပြောဆိုနေကြပါစေ ရေထဲ တွင်မြုတ်၍မျော၍လည်း ဆုံးရှုံးနိုင်ပါတယ်။ မီးလောင်၍လည်း ဆုံးရှုံးနိုင်ပါတယ်။ မင်းစိုးရာဇာတွေကလည်း သိမ်းဆည်းနိုင်ပါတယ်။ သူခိုးဓားမြတွေကလည်း လူယူနိုင်ပါတယ်။ အမွေခံမယ့် သားဆိုးသမီးဆိုးတွေကလည်း သုံးဖြုံးလို့ ဆုံးရှုံးနိုင်ပါတယ်။ ထိုပြဆိုအပ်ခဲ့သော ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပြစ်နိုင်ပါတယ်။ သာမန်လူတန်းစားတို့လည်း ထိုသူတို့နည်းတူ လောကဓံတရားတွေ ရန်သူမျိုးငါးပါးစတဲ့ ဒုက္ခဘေးတွေ မဖြစ်တော့ဘူးလား မေးလာလျှင်မူ အားလုံးသတ္တ၀ါမှန်လျှင် ထိုတရားများကိုမလွှဲမသွေ တစ်ခုမဟုတ်တစ်ခု တစ်နည်းမဟုတ်တစ်နည်းတော့ တွေကြုံနေကြရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ခံစားရတာခြင်းတော့ကွာ ပါသည်။ တောင်ထိပ်ပေါ်တွင်ပေါက်သောသစ်ပင်များက တောင်အောက်တွင်ပေါက်သောသစ်ပင်များထက် လေဒဏ်မိုးဒဏ်ကို ပို၍ခံစားရသကဲ့သို့လည်းကောင်း အမြင့်က ပြုတ်ကျသောသူနှင့် အနိမ့်ကပြုတ်ကျသော သူ ခံစားရတာကွာခြားသကဲ့သို့လည်းကောင်း ကွာခြားလှ၏။ သာမာန်လူတန်းစားတို့သည် ထိုတရားများတွေ့ ကြုံလာလျှင် အနည်းကျဉ်းလောက်သာခံစားရ၏။ ဆုံးရှုံးမှုတွေလည်း များများစားစား မခံစားရပေ။ အောင်မြင် ကျော်ကြားသူတို့ ထိုတရားတွေကြုံလာတွေ့လာပြီဆိုလျှင် မရှုမလှခံစားကြရ၏။ ဆုံးရှုံးမှု့တွေလည်းများ၏။ ပေးဆပ်ရတာတွေများလွန်းလှ၏။ တစ်ချို့တစ်ချို့သောသူများဆိုလျှင် ဆိုးရင်းပေရင်း မူးယစ်သောက်ရင်း စားရင်းပင် ဘ၀နိဂုံးချုပ်သွားကြရ၏။ ထိုအဖြစ်အပျက်တို့ကား မိမိတို့အတွက် ယူတတ်လျှင် လောကကြီးကပေး နေသော ဘ၀သင်ခန်းစာများပင်ဖြစ်သည်။
ထို့ကြောင့်…အောင်မြင်ကျော်ကြားမှုဆိုတဲ့ဘ၀ထဲကနေ တကယ့်ဘ၀ရဲ့အနှစ်သာရတွေကို ထုတ်ယူ သင့်ကြသည်။ အောင်မြင်ကျော်နေစဉ်မှာ ဘ၀ရဲ့အနှစ်သာရတွေထုတ်ယူသင့်သလို ကျရှုံးနေစဉ်မှာလည်း စိတ်ဓာတ်မကျဘဲ ဘ၀ရဲ့အနှစ်သာရတွေကိုထုတ်ယူသင့်၏။ အောင်မြင်နေစဉ်မှာ အိမ်ထောင်မရှိလျှင် မိဘတို့ ကို ကျွေးမွေးထောက်ပံ့ခြင်းဖြင့် မာတာပိတုဥပဋ္ဌာနံ ဆိုတဲ့မင်္ဂလာတရားတော်တွေကိုလိုက်နာခြင်းအားဖြင့်လည်း ကောင်း။ အခြားသောလူမှု့ကယ်ဆယ်ရေးလုပ်ငန်းများတွင် လူအားငွေအားတွေနဲ့ ထောက်ပံ့ခြင်းဖြင့်လည်း ကောင်း အခြားအခြားသော ကောင်းတဲ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခြင်းဖြင့် ဥာတကာနဉ္စသင်္ဂဟ မင်္ဂလာတရားတော်ကိုလိုက်နာခြင်းအားဖြင့်လည်းကောင်း ဘ၀ရဲ့အနှစ်သာရတွေကို ရယူနိုင်၏။ အိမ်ထောင် သည်ဆိုပါကလည်း ကိုယ့်ရဲ့ဇနီးမယားနှင့် သားသမီး တွေအပေါ်မှာ သစ္စာရှိရှိနေထိုင်ခြင်း ကျွေးမွေးပြုစုစောင့် ရှောက်ခြင်းဆိုတဲ့ ပုတ္တဒါရဿသင်္ဂဟ ဆိုတဲ့မင်္ဂလာတရားတော်တို့ကိုဖြည့်ကျင့်လိုက်နာခြင်းဖြင့်လည်း ဘ၀ရဲ့ အနှစ်သာရ တွေကိုရယူနိုင်၏။ ကျရှုံးနေစဉ်မှာလည်းပဲ ဘ၀ကိုကြံကြံခံရင်ဆိုင်ရင်း မိမိတတ်နိုင်သလောက် အထက်ပါလုပ်ငန်းများကိုလုပ်ဆောင်နေလျှင် အတ္တသမ္မာပဏိဓိ ဆိုတဲ့မင်္ဂလာတရားတော်ကိုဖြည့်ကျင့်လိုက်နာ ခြင်းဖြင့်လည်း ဘ၀ရဲ့အနှစ်သာရတွေကိုရယူနိုင်ပေသည်။ ထိုနည်းလမ်းများဖြင့် ဘ၀ရဲ့အနှစ်သာရတွေကို ထုတ်ယူတတ်ကြမည်ဆိုလျှင် မျက်မှောက်ဘ၀မှာပင်အကောင်းဆုံးအဓိပ္ပါယ်လည်းရှိ အနှစ်သာရလည်းရှိတဲ့ အလုပ်တွေကိုလုပ်ဆောင်နေသလို နောင်ဘ၀သံသရာအတွက်လည်း ကောင်းစေမယ့်အလုပ်တွေကို လုပ် ဆောင်နေတာဖြစ်ပါတယ်။ ထိုသို့မဟုတ်ပါဘဲ စိတ်ဓာတ်တွေကျကာ ဘ၀ကိုထင်ရာစိုင်းကြသူတွေအတွက် ကတော့ ဘ၀ရဲ့အနှစ်သာရကိုရဖို့မပြောနှင့် အကာကိုတောင်ရဖို့မလွယ်ကူတော့ပေ။ လက်ရှိဘ၀တွင် လည်းရှုံးသလို နောင်သံသရာအတွက်လည်း အရှုံးကြီးရှုံးကြရတော့၏။
အနှစ်ချုပ်ပြရသော်….အောင်မြင်ကျော်ကြားမှုတန်ဖိုးရဲ့နောက်ကွယ်က ရလာဒ်တွေဟာ ကောင်းတာ တွေရှိသလို ဆိုးတာတွေလည်းအများအပြားရှိ၏။ ချီမွမ်းပြောဆိုတာတွေရှိသလို ကဲ့ရဲ့တာတွေလည်းရှိ၏။ သံဝေဂယူစရာတွေရှိသလို အတုယူစရာတွေလည်းများအပြားရှိ၏။ ရိုးရိုးရှင်းရှင်းလေးတွေးမြင်သုံးသပ်ကြည့် ကြမည်ဆိုပါလျှင် ဒါတွေဟာဘဝရဲ့အစိတ်အပိုင်း တစ်ခုသာဖြစ်ပါ၏။ လောကကြီးတွင် ဘယ်အရာမှ ထာဝရအကောင်းဆုံးဖြစ်တည်မှု မရှိသလို ဘယ်အရာမှလဲအဆိုးရွားဆုံး ရပ်တည်မနေပါဘူး။ ဒါကိုပဲ ဘုရားရှင်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ” အလုံးစုံသောအရာဝတ္ထုမှန်သမျှ မတည်မြဲဘူးလို့ ဟောတော်မူခဲ့သလို နောက်တစ်နည်းအားဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေဟာ “ဥပ္ပါဒ ဌိတိ ဘင်္ဂ” ဆိုတဲ့သဘောအရ ပဌမဆုံးဖြစ်မယ် ဖြစ်ပြီးလျှင်ခဏတည်နေမယ် တည်ပြီးလျှင်ပျက်သွားမယ်ဆိုတဲ့ ခဏသုံးပါးကိုလည်း အဘိဓမ္မာတရားဒေသနာတော်မှာ ဘုရားရှင်က ထည့်သွင်းဟောကြားတော်မူခဲ့ပါတယ်။ ထို့ကြောင့် အောင်မြင်ကျော်ကြားမှုကို တန်ဖိုးထားသူတွေကိုယ်တိုင် သရုပ်ဖော်ကပြနေကြတဲ့ ဘ၀ဇာတ်ခုံကြီး၏ ကန့်လန့်ကာနောက်ကွယ်က ဖြစ်ပျက်ခဲ့ကြတဲ့ ဖြစ်ပျက်နေကြတဲ့ ဖြစ်ပျက်နေကြဦးမယ့် သူတို့ရဲ့ဘ၀ဇာတ် ကြောင်းတွေဟာ အဆိုးတွေလား အကောင်းတွေလားဆိုတာ မပြီးဆုံးနိုင်တဲ့ဇာတ်လမ်းတွေကို စောင့်မျှော်ကြည့်ရှုကြပါစို့။ ထိုသို့စောင့်မျှော်ကြည့်ရှု့ရင်းပင် သူတို့ရဲ့ဘ၀ သူတို့ရဲ့ဇာတ်လမ်းတွေထဲကနေ မိမိတို့အနေနှင့်လည်း ဆိုးတာတွေကိုပယ်ကာ ကောင်းတာတွေကိုလက်ခံ ကျင့်သုံးရင်း မိမိတို့ကိုယ်တိုင်လည်း ဘ၀ရဲ့အနှစ်သာရ တွေကိုထုတ်ယူနိုင်ကြပါစေ…………………..။

မောင်သီ (မြင်းမူ)
read more “အောင်မြင်ကျော်ကြားမှု့ တန်ဖိုးရဲ့ နောက်ကွယ်က ရလာဒ်များ”

ကြည်ညိုလိုက်ကြစမ်းပါ

0 comments Monday, July 11, 2011

လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိပါသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သောခေတ်ကြီးတွင် နိန္ဒာ၊ ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူတို့အဖို့ ဒုက္ခသံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ်ပြီး သာသနာတော်၏ အဓွန့်ရှည်တည်တန့်ရေးကို လိုလားသည့်ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေငယ်၊ ရဟန်းငယ်များအပေါ် စောင့်ရှောက်ပုံကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုအယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစုအတွက် ဖေါ်ပြလိုပါသည်။

မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် တည်ကြည်ခန့်ငြားပြီး ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ကောင်းမွန်လှပေသည်။ စာသင်သား သံဃာ(၂၀၀)ကျော်ကို နေ့စဉ် ဆွမ်းဟင်းကောင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည်။ ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာကြည့်ရှု့ စိစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် ကျောင်းအမကြီးပင် ဖြစ်သည်။

သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေငယ်များသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက်(၁၅)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ်များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော်ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးတည်းသာရှိသည်။

လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာလေးတွေသည် ချစ်စရာ ကြည်ညိုစရာကောင်းနေသည်။ ဆရာသမားများကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင်ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော်ခံရတာ အကြိမ်ပေါင်း မနည်းပါ။

နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည်တတ်သည့် ကျောင်းအမကြီးသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်နေကြသည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။

သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။ ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။

သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။

ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။

စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။

နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။

စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။

ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။

တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။

အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။

စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။

ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။

မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..
မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။

ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဦး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။

ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီး ကျောင်းဒါယကာ ကျောင်းဒါယိကာမတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအပေါ် ရှု့မြင်ကြမလဲဆိုတာ ခေတ်ပညာတတ် ပညာရှင်ကြီးများမို့ သိရှိကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ……………………။

(အရှင် နာယကာလကာင်္ရ)
read more “ကြည်ညိုလိုက်ကြစမ်းပါ”

ဖြစ်ခြင်းနဲ့ မဖြစ်ခြင်း

0 comments Saturday, July 9, 2011

ပရမတ္ထသစ္စာအရ...မင်းမရှိသလို ငါလည်းမရှိပါဘူး... ဒီတော့မင်းမရှိလို့ ငါမရှိလို့ မဖြစ်ဘူးမထင်ပါနဲ့ လောကကြီးက သူဟာနဲ့သူတော့ ဖြစ်နေမှာပါဘဲ...အဲဒီထဲမှာ မင်းနဲ့ငါ... မဖြစ်တာဘဲရှိမယ်...။

မောင်သီ (မြင်းမူ)။
read more “ဖြစ်ခြင်းနဲ့ မဖြစ်ခြင်း”

လောကသဘော

0 comments Monday, July 4, 2011

လောကလောကရယ်လို့၊ ပြောကြတဲ့ဤလူ့ဘုံ၊ တချို့မှာဖတ်ဖတ်မော၊ သောကနဲ့ကြုံ၊ တချို့မှာရွှင်ပြ၊ အကနဲ့အခုန်၊ ဖြစ်ပုံခြင်းကွာခြား၊ စနစ်မညီ၊ မြစ်နဒီပမာကမ်းသာပ၊ ရွှင်လန်းကာ ပျော်သူပျော်လို့၊ သူပျော်ချိန် ကိုယ်ငိုရတတ်တယ်.. လောကတရား (သဘော)။

နေနတ်ရှင်
read more “လောကသဘော”

ကြောင့်ကြရာ

0 comments Saturday, July 2, 2011

အိုသေနာဖျား၊ ဤတရားကို၊
များများစိတ်မှာ၊
ပူဆာသောက၊ မကြောင့်ကြနှင့်၊
ဖြစ်ကမချွတ်၊ ပျက်လတ္တံတည့်၊
မျှော်ရစောင့်စား၊ နေရငြားခဲ၊
တရားကိုယ်မှ၊ လွတ်မချဘဲ၊
ဒါနသီလ။ စာရိတ္တကို၊
ပျက်ရမည်သာ၊ ကြောင့်ကြရာ၏။

မောင်သီ(မြင်းမူ)
read more “ကြောင့်ကြရာ”