" လောကပြဿနာတို့ရဲ့အဖြေမှန်ကို ရှာဖွေခြင်း"

0 comments Friday, April 26, 2013
~~~~~~~~~~~~~~~~~~~~~~~~~ " ဟေတုံ ပဋိစ္စ သမ္ဘူတံ၊ ဟေတု ဘင်္ဂါနိ ရုဇ္ဈန္တိ။ နယိဒံ အတ္တကတံ ဗိမ္မံ၊ နယိဒံ ပရကတံ အဃံ။ " ဤရွှေရုပ်ကလေးလို လှနေတာဟာ “ငါ”လုပ်သည် မဟုတ်ဘူး။ဤရွှံ့ရုပ်ကြီးလို ရုပ်ဆိုးသွားပြန်တော့လည်းပဲ “သူ”တို့လုပ်ကြတာမဟုတ်ဘူး။ 'ဒါဖြစ်ရင် ရွှေရုပ်လိုလိုလှလှ၊ ရွှံ့ရုပ်လိုဆိုးဆိုး ဘယ်သူ လုပ်ကြသလဲဆိုရင် '- အကြောင်းရှိလို့ ဖြစ်တာ။ အဲဒီ အကြောင်းတွေ ကုန်ရင်တော့ - ထိုဖြစ်ပေါ်နေတဲ့အကျိုး တရားဟာ ကုန်ဆုံးသွားမှာပဲလို့ ” သေလာထေရီ ဘိက္ခုနီက မာရ်မင်းရဲ့မေးခွန်းကို ဆုတ်ဆိုင်းမရှိ ဟုတ်တိုင်းမှန်စွာ ဖြေကြားတော်မူခဲ့ပါပေသတည်း။ ရှေးဦးစွာ အားလုံးသောသူတော်ကောင်းတွေ ဆောင်ထား ရမယ့် စာပိုဒ် ကလေးတွေပါ။ ဟေတုံ ပဋိစ္စသမ္ဘူတံ - ဆိုတဲ့ စာပိုဒ်ကလေး။ ဟေတုံ ပဋိစ္စသမ္ဘူတံ- မြန်မာလို ရိုးရိုးရှင်းရှင်းလေး ဘာသာ ပြန်ကြည့်တဲ့အခါမှာ - အကြောင်းရှိလို့ဖြစ်ကြတာ။ ဒါဆိုလို့ရှိရင် ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ် - ဖြစ်ဆိုလို့ ရှိရင် ဖြစ်တဲ့ Event တစ်ခုရဲ့နောက်မှာ အကြောင်းရှိတယ်။ ဖြစ်လာတာကို အင်္ဂလိပ်စာလုံးကတော့ Event လို့ဒီလိုခေါ်တယ်။ ဖြစ်ခြင်းပေါ့လေ။ ပါဠိလိုဆိုရင်တော့ - ဥပ္ပဇ္ဈန္တိ ။ ဒီစကားလုံးက အလွန်ထင်ရှားပါတယ်။ ၀ိပဿနာမှာကတော့ ဥဒယ ဒီလိုပြောတယ်။ ၀ိပဿနာပြော ကြတယ် ဥဒယ-ဘယ။ မြန်မာလိုပြောတော့ ဖြစ်ခြင်း၊ပျက်ခြင်း။ုဖြစ်ဆိုလို့ရှိရင် ဘာကြောင့်ဖြစ်သလဲ။ အဲဒီဖြစ်ဆိုတဲ့ Event- အဖြစ် အပျက်တစ်ခုရဲ့နောက်ကွယ်မှာ - Behind the some-kinds of the event , there must be reason- အကြောင်းတစ်ခုခုရှိရမယ်။ အဲဒီအကြောင်းကို စနစ်တကျရှာတတ်လို့ရှိရင် - ဖြစ်လာတဲ့ အဖြစ်အပျက်တစ်ခုရဲ့အဖြေဟာ ပေါ်လာတယ်။ ဖြစ်တဲ့အပေါ်မှာပဲ ကြည့်ကြည်ပြီးတော့ ဖြစ်တဲ့အကြောင်းကို မရှာတတ်လို့ရှိရင် ပရိသတ်ရေ...အဖြေ...မထွက်ဘူး။ " လောကလူသားတို့အတွက် အလွန်အကျိုးကျေးဇူးများသော မူရင်း " ငါ့ကြောင့်မဟုတ်၊ သူ့ကြောင့်မဟုတ် " ခေါင်းစဉ်ဖြင့် ဖြင့် သေလာထေရီဘိက္ခူနီမှ မာရ်နတ်၏ အမေးကို ဖြေဆိုထားသော ဤတရားတော်အပြည့်အစုံကို " လောကပြဿနာတို့ရဲ့အဖြေကို ရှာဖွေခြင်း " ခေါင်းစဉ်ဖြင့် တစ်ရက်ခြား ဖော်ပြလှူဒါန်းသွားမည် ဖြစ်ပါသည်။ " - ( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ) ~ ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် ) ~
read more “" လောကပြဿနာတို့ရဲ့အဖြေမှန်ကို ရှာဖွေခြင်း"”

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

0 comments Thursday, April 25, 2013
နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံ တကာ ဆေးပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။ ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။ ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေး လည်း ဈေးကြီး ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေ ပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။ အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥ ကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။ နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။ -- Ref: medic-fact, wiki ရိုးရာလေး
read more “နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်”

ပိန်ချင်သူများအတွက်ဘေးကင်တဲ့အဆီချနည်း

0 comments Monday, April 22, 2013
- ဒီနည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါ စွန်တန်ဟင်းရည်လုပ်တဲ့အခါမှာ သုံးတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့စိမ်ပြီး မနက်တိုင်းသောက်သုံးပေးရမှာပါ...အရမ်းချဉ်လွန်းရင်တော့ သကြားထည့်ပြီးသုံးဆောင်နိုင်ပါ...တယ်...မြန်မြန်ကျချင်ရင်တော့ တစ်နေ့ကို (၃)ခွက်သောက်နိုင်တယ်...အစားရှောင်စရာမလိုပါဘူး... ဟင်းရည်တောင်လုပ်တဲ့အရာဆိုတော့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး... Admin ရဲ့ အဒေါ်တောင် သောက်တာနှစ်ပတ်အတွင်း (၅)ပေါင်ကျသွားပါတယ်... သူငယ်ချင်းဆို တစ်လအတွင်း(၁၅)ပေါင်ကျသွားပါတယ် Ref:အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)
read more “ပိန်ချင်သူများအတွက်ဘေးကင်တဲ့အဆီချနည်း”

“ရာဇဝင်ကို ရိုင်းစေသူများ”

0 comments Sunday, April 21, 2013
၁၉၉၃-ခုနှစ်လောက်ဆီကပေါ့။ အဲဒီတုန်းက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး သုံးခုရဲ့ (ယခု)ပဓာန နာယက ဖြစ်တဲ့ ဆရာတော်ဘုရားကြီး ကလည်း လောကတ္ထစရိယာပြစ်မှုနဲ့ နန်းတွင်းဆူညံတောရမှာ နိုင်ငံတော်ရဲ့ သီးခြား အပူဇော်ခံ အဖြစ် တစ်နှစ်ခွဲကျော် ချီးမြှောက်ပြီး ပြန်ကြွလာခါစ သာသာပါ။ မန္တလေးစာသင်တိုက်ကြီးများရဲ့အကျော်အမော် ဆရာတော်ကြီးများ တစ်နေရာမှာ ဆုံကြတဲ့ မထေရ်မြတ်တို့ စကားဝိုင်းတစ်ခုကို ကြားနာမှတ်သားလိုက်ရပါတယ်။ ဒီစကား ဝိုင်းမှာ.... မန္တလေးမြို့၊ ဘုရားကြီးတိုက်က အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက နယားဆရာတော်ဘုရားကြီး လည်း ပါပါတယ်။ နယားဆရာတော်ကြီးရဲ့တူ အရှင်မြတ်တစ်ပါးကလည်း လောကတ္ထစရိယာမှုနဲ့ပဲ ဝတ်ဖြူစင်ကြယ်လဲပြီး ရဲဘက်လို့ အမည်ပေးထားတဲ့ သွေးရဲရဲ၊ ချွေးရဲရဲ စခန်းအပို့ခံထားရတဲ့အချိန် ဖြစ်နေလို့ စကားဝိုင်းမှာပါတဲ့ မထေရ်ကြီးတစ်ပါးက နယား ဆရာတော်ဘုရားကြီးကို “ဆရာတော့်တူ အကြောင်းရော ဘယ်လိုများ ကြားတုန်း၊ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းလေး ဘာလေးများ ဆရာတော် အနေနဲ့ မစောင့်ရှောက်နိုင် ဘူးလား”ဆိုတဲ့ အကြောင်း မေးလျှောက်ပါတယ်။ နယားဆရာတော်ဘုရားကြီးက “မေးမနေနဲ့ဆရာတော် .. ဒီကောင်က လူမိုက်ပဲဟာ မိုက်လို့ အဖမ်းခံရပြီး ထောင်ကျတာ၊ ဘာလုပ်ပေး စရာလိုမလဲ”လို့ ပြန်ကြားပါတယ်။ အဲဒီစကားဝိုင်းမှာ ငြိမ်ပြီး နားထောင်နေတဲ့ မစိုးရိမ် တိုက်သစ်ဆရာတော်က “ဆရာတော် ထောချသူနဲ့ ထောင်ကျသူမှာ ထောင်ကျသူက လူမိုက်၊ ထောင်ချသူကတော့ လူ လိမ္မာလို့ ဆိုရမှာလား”ဆိုတော့ “ထောင်ကျပါတယ်ဆို မှတော့ လူမိုက်ပေါ့”တဲ့။ “ဒါဖြင့်ရင် အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကြီးတို့နှစ်ဦးမှာ အဇာတသတ်က လူလိမ္မာ၊ ဗိမ္ဗိသာရမင်းကြီးက လူမိုက်ကြီးလို့ ဆိုရမလား ဆရာတော်”လို့ ထပ်ပြီးလျှောက်ထားလိုက်တော့ နယားဆရာတော်ကြီးက မစိုးရိမ် ဆရာတော်လည်း မကြာခင်လေးကမှ အဲဒီနေရာက ထွက်လာခဲ့တာကို သတိရပြီး “ဘွာ .. ဘွာ .. တပည့်တော်ပြောတဲ့ ထောင်ကျသူဆိုတဲ့အထဲမှာ မစိုးရိမ်ဆရာတော် မပါဘူး”တဲ့။ “ဗိမ္ဗိသာရမင်းကြီးရော ဆရာတော်”ဆိုတော့ “အဲ .. ကိုယ့်တူကို ဒေါသဖြစ်လို့ ပြောလိုက်မိတာပါ၊ ဒီလိုလည်း မဟုတ် ပါဘူး”ဆိုပြီး စကားကို လျှောချသွားပါတယ်။ ဆရာတော်ကြီးများ အချီအချပြောနေတဲ့ အကြောင်းအရာကို နားထောင်ရင်း လောကသဘာဝတွေဟာ ဓမ္မ သဘာဝအရ အလေးအနက် ဆင်ခြင်ကြည့်တဲ့အခါ အမှတ်တမဲ့ သိထားတာတွေနဲ့ တကယ့်အမှန်တရားတို့ ပြောင်းပြန်ဖြစ်နေ တတ်တာကို သတိထား မိလိုက်တယ်။ အထင်ရှားဆုံးအဖြစ်နဲ့ သတိထားလိုက်မိတာကတော့ “အရအကုန်နဲ့ အရှုံးအမြတ်”ဆိုတဲ့ ကိစ္စပါပဲ။ လောကထဲမှာတော့ “ရရင်မြတ်တယ်၊ ကုန်ရင် ရှုံးတယ်”လို့ပဲ ခပ်ပေါ့ပေါ့ မှတ်ထင်ခံယူကြတာများပါတယ်။ ဒါကြောင့်လည်း နံနက်လင်း အိပ်ရာကနိုးတာနဲ့ တပြိုင်နက် “ရအောင်ရှာဖို့”ဆိုတဲ့ အတွေးက ပထမဆုံး စိုးမိုးထားကြတော့တာပေါ့။ အခု ဆရာတော်ကြီးများပြောတဲ့ အဇာတသတ်နဲ့ဗိမ္ဗိသာရမင်းကြီးတို့ရဲ့ ဖြစ်ရပ်စုံကို အသေအချာစဉ်းစားပြီး တွေးကြည့် လိုက်တော့ အဇာတသတ်မင်းဟာ အင်္ဂတိုင်း၊ မဂဓတိုင်းဆိုတဲ့ တိုင်းကြီးနှစ်တိုင်းကို အာဏာပိုင်တဲ့ ရာဇဂြိုဟ်ရဲ့ ထီးနန်း စည်းစိမ်ကို ရထားသူ။ ဗိမ္ဗိသာရ မင်းကြီးကတော့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရသူပေါ့။ ဒါပေမယ့် အဇာတသတ်ဟာ ဒီထီးနန်းစည်းစိမ်ကို တရားသဖြင့် ရယူခဲ့သူ မဟုတ်ပါဘူး။ အလွန်ကို မဖွယ်မရာဖြစ်တဲ့ အဖသတ် ကံကြီးကို ကျူးလွန်ပြီး ရယူပိုင်ဆိုင်ထားတာပါ။ ဒါကြောင့်လည်း အရကြီးသလောက် အရှုံးကလည်း ကြီးလှပါတယ်။ ထီးနန်းစည်းစိမ်ကို ရယူပိုင်ဆိုင် ထားစဉ်မှာ ကိုပဲ ညဥ့်အချိန်ရောက်လို့ အိပ်စက်မယ်ဆိုပြီး မျက်လုံးနှစ်ခု မှိတ်လိုက်တာနဲ့ တပြိုင်နက် ဓားလှံတွေ အရာမကနဲ့ ထိုးကြ၊ ခုတ်ကြတော့ မလို ငရဲနိမိတ်တွေ ထင်မြင်ပြီး တဖျပ်ဖျပ်တုန်လှုပ် လန့်နိုးနေရလို့ အိပ်ကောင်းခြင်းနဲ့ မအိပ်စက်နိုင်ပါဘူးတဲ့။ အများအမြင်မှာ နန်းတော်ပေါ်က ရှင်ဘုရင်၊ သူ့ရင်ထဲမှာတော့ တကယ့်ငရဲသားပါ။ (ဒီဒုက္ခကြီးကတော့ နောင်အခါ ဘုရား ရှင်နဲ့တွေ့ခွင့်ရလို့ သာမည ဖလသုတ်ဆိုတဲ့ ဒေသနာတော်ကြီးကို နာယူပြီးတဲ့အခါမှာ ကင်းလွတ်ခွင့် ရသွားခဲ့ပါတယ်။) နောက်ထပ် ရှုံးချက်နာတာကတော့ သူခင်းခဲ့တဲ့ “အဖသတ်နန်းယူ”ဆိုတဲ့ နမူနာဆိုးကြီးက သားစဉ်မြေးဆက် ငါးဆက်အထိ လိုက်လာလို့ ရာဇဂြိုဟ်ရဲ့ အစဉ်အလာကြီးမားသလောက် ခေတ်ပြိုင်ဝန်းကျင်က လေးစားရတဲ့ ရာဇဝင်ဟာ မျက်နှာမဖော်ဝံ့လောက် အောင် ရိုင်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်ရိုင်းတဲ့ဒဏ်ကို မခံမရပ်နိုင်ကြတော့တဲ့ တိုင်းသူ ပြည်သားတွေက ငါးယောက် မြောက် အဖသတ်ဘုရင် “နာဂဒါသ”ကို ဝိုင်းဝန်းလုပ်ကြံ အဆက်ဖြတ်လိုက်ကြလို့ ဒီမျိုးနွယ် ပြတ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဇာတသတ်ဟာ ရာဇဝင်ကို ရိုင်းစေတဲ့ ရှင်ဘုရင်အဖြစ်လည်း မှတ်တမ်း ဝင်သွားပါတယ်။ (ဒီမှတ်တမ်းဆိုးကြီးက ဘယ်လိုမှ ပယ်ဖျက်လို့ မရပါဘူး။ ခုထိ ပိဋကတ်တော်ထဲမှာ ထင်ရှားရှိနေဆဲပါ။) နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလသုတ် ဒေသနာတော်ကို ဟောပြီးတဲ့အခါ ဘုရားရှင်မိန့်ကြားလို့ သိလိုက် ရတာက တကယ့် ရှုံးချက်နာတာပါ။ “တကယ်လို့သာ အဇာတသတ်ဟာ အဖသတ်ကံဆိုတဲ့ ပဉ္စာနန္တရိယကံကြီးကို မကျူးလွန်ခဲ့ရင် ဒေသနာတော်ရဲ့အဆုံးမှာ သောတာပန်အရိယာ ဖြစ်ကိုဖြစ်ရမှာ။ ခုတော့ သူ့ရဲ့ သောတာပန်ဖြစ်နိုင်စွမ်း ပါရမီအရင်းအမြစ်ကို အဖသတ်ကံကြီးနဲ့ တူးဖြိုပြီး ထီးနန်းစည်းစိမ်နဲ့ လဲစားခဲ့မိလို့ အရိယာဖြစ်ခွင့် ရှုံးသွားပြီတဲ့။ (ဒီအရှုံးဟာလည်း ခုထိအဖတ်ဆယ်လို့ မရသေးပါဘူး။) ဒါတင်မကသေးဘူး ပဉ္စာနန္တရိယကံကြီးဆိုတာ မဂ်တား၊ ဖိုလ်တားဖြစ်ရုံသာမက အပါယ်မျိုးစေ့ စစ်စစ်ကြီးလည်း ဖြစ်တာကြောင့် ဘယ်လို ကုသိုလ်မျိုးနဲ့မှ ပြေပျောက်အောင် အစားထိုးလို့လည်း မရပါဘူး။ ဒါကြောင့် အဇာတသတ် မင်းကြီးဟာ ဘုရားရှင်နဲ့တွေ့ပြီး သာသနာတော်မှာ အရေးအပါဆုံးဖြစ်တဲ့ သာမညဖလသုတ်ဒေသနာတော်ကြီးကို နာကြား ခွင့်ရလို့ သာသနာ တော်မှာ အရေးအပါဆုံး ပထမသင်္ဂါယနာတင်ပွဲရဲ့ သာသနာ့ဒါယကာကြီးဖြစ်တဲ့အထိ ကုသိုလ်တွေ ပွားခဲ့ပေမယ့် အဝီစိအထိ လားရောက် ရမယ့်အရေးလောက်ကိုပဲ ဟန့်တားနိုင်ခဲ့ပါတယ်။ သေသည်ရဲ့အခြားမဲ့မှာတော့ “လောဟကုမ္ဘီ”ဆိုတဲ့ ငရဲမှာ ကျရောက်ရ ပါတယ်။ အနှစ်ခြောက်သောင်းကြာမယ်ဆိုတော့ အခုအထိလည်း အဲဒီမှာ အရှုံး ဒဏ်ကို ခံနေရဆဲပါ။ အရအကုန်နဲ့အရှုံးအမြတ် ဒါတွေအားလုံးကို ခြုံကြည့်လိုက်တဲ့အခါ “လုပ်ရပ်၊ ဖြစ်ရပ်တွေရဲ့ စာရင်းချုပ် အမြတ်အရှုံးဆိုတာ ရခြင်း၊ ကုန်ခြင်း တို့နဲ့ တိုင်းတာလို့ မမှန်နိုင်ဘူး။ တရားခြင်း၊ မတရားခြင်းနဲ့ တိုင်းတာမှသာ မှန်ကန်နိုင်တယ်”ဆိုတဲ့ အဖြေမှန် ထွက်ပေါ်လာ ပါတယ်။ ဟုတ်ပါတယ်။ ရခြင်းမှာလည်း တရားသဖြင့်ရရင် မြတ်တယ်၊ မတရားသဖြင့်ရရင် ရှုံးပါတယ်။ ကုန်ခြင်းမှာလည်း အလားတူ ပါပဲ၊ တရားသဖြင့် ကုန်ရင် မြတ်ပါတယ်၊ မတရားသဖြင့်ကုန်ရင်တော့ ရှုံးပါတယ်။ ရခြင်းရဲ့အမြတ်အရှုံးနှစ်မျိုးမှာ “တရားသဖြင့် ရရင်မြတ်တယ်”ဆိုတာကတော့ ဘုရားရှင် “သုခသုတ်”မှာ ဟော တော်မူသလို ပါပဲ။ “ပိုင်ဆိုင်ခြင်း၊ သုံးဆောင်ခံစားရခြင်း၊ ကြွေမြီးကင်းခြင်း၊ မတရားမှု ကင်းခြင်း”ဆိုတဲ့ ချမ်းသာ လေးမျိုးကို ရရှိနိုင်တဲ့အတွက် မြတ်ပါတယ်။ “မတရားသဖြင့်ရရင် ရှုံးတယ်”ဆိုတာကတော့ အဇာတသတ်တို့လို ရာဇဝင်ရိုင်းစေတဲ့ ရခြင်းမျိုး၊ ခိုးယူ၊ ယုယက်၊ နိုင်ထက် စီးနင်း သိမ်းပိုက်ယူတဲ့ ရခြင်းမျိုးဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံးမှာ ရှုံးပါတယ်။ ဒီအရှုံးကတော့ သတိထား အသိပွား သူများသာ သဘောပေါက်နိုင်တဲ့ အရှုံးမျိုးပါ။ လောကဓမ္မ ကောင်းကျိုးတွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေကြသူတွေအနေနဲ့ ကိုယ်တိုင် လုပ်ဆောင် နေကြပါ လျက်နဲ့ ကောက်ချက် မှန် မချနိုင်တာကတော့ “ကုန်ခြင်းရဲ့ အမြတ်နဲ့အရှုံး”ပါ။ မြတ်ဗုဒ္ဓရဲ့ ဒေသာနတော်များမှာ ကုန်ခြင်းနဲ့ပတ်သက်လို့ - (၁) စွန့်ကြဲပေးကမ်း လှူဒါန်းလို့ ကုန်ခြင်း (စာဂက္ခယ)။ (၂) စားသောက်သုံးစွဲလို့ ကုန်ခြင်း (ပရိဘောဂက္ခယ)။ (၃) ဖြုန်းတီးခြင်း (သို့) ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ ပြုန်းတီးပြီး ကုန်ခြင်း (ဗျသနက္ခယ) ဆိုပြီး (၃)မျိုးရှိတယ်။ ဒီ (၃)မျိုးထဲမှာ နံပါတ်(၁)ကုန်ခြင်းမျိုးဟာ မြတ်သော ကုန်ခြင်းဖြစ်တယ်လို့ ဟော တော်မူပါတယ်။ ဒါကြောင့် ကုန်ခြင်းမှာလည်း နံပါတ်(၁)ဖြစ်တဲ့ စွန့်ကြဲပေးကမ်းလို့ ကုန်ခြင်းဟာ မြတ်တယ်။ နံပါတ်(၃)ဖြစ်တဲ့ ဖြုန်းတီး၊ ပြုန်းတီးပြီးကုန်ခြင်းကတော့ ရှုံးတယ်။ နံပါတ်(၂)ဖြစ်တဲ့ သုံးဆောင်ခံစားလို့ ကုန်ခြင်းကတော့ “အရှုံးအမြတ်မရှိတဲ့ အရင်း”လို့ သဘောပေါက်ကြရမှာပါ။ အရှုံး အမြတ်နဲ့ အကြီးအသေး အရှုံးနဲ့အမြတ်ကို သိပြီးတဲ့အခါ အကြီးနဲ့အသေးကိုလည်း ထပ်ပြီး ခွဲခြမ်းကြည့်နိုင်ပါသေးတယ်။ အရှုံး(၂)မျိုးမှာ ဘယ်အရှုံးက အရှုံးကြီးလဲ၊ ဘယ်အရှုံးက အရှုံးသေးလဲ။ အမြတ်နှစ်မျိုးမှာလည်း အဲဒီလိုပဲပေါ့။ ဖြေးဖြေးစဉ်းစားကြည့်ပါ။ မတရားကုန်ရတဲ့ ဖြုန်းတီးမှု၊ ပြုန်းတီးမှုကြောင့် ရှုံးရတယ်ဆိုတာဟာ အလွန်ဆုံး အခုတစ်ဘဝ တစ်သက်တာ အတွက်သာ ရှုံးရတာပါ။ ဒီအရှုံးအတွက် သံသရာနဲ့ချီပြီး ဘဝအဆက်ဆက် ပေးဆပ်စရာ မလိုပါဘူး။ မတရားရယူပြီး ရှုံးရတဲ့ အဇာတသတ် ရဲ့အရှုံးမျိုးကတော့ တစ်ဘဝတစ်သက်တာအတွက် မကပါဘူး။ သံသရာနဲ့ချီပြီး ပေးဆပ်ရမှာပါ။ လောကုမ္ဘီငရဲမှာ ကျခံရမှာက အနှစ်ခြောက် သောင်းသာလို့ ဆိုပေမယ့် အဲဒီကလွတ်မြောက်ပြီးတဲ့ အခါမှာ လည်း သူကိုယ်တိုင် “ဝိဇိတာဝီ”ဆိုတဲ့ ပစ္စေကဗုဒ္ဓ ဖြစ်ဖို့အတွက် အနည်းဆုံး (၂)အသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက် ပါရမီတွေဖြည့်ရဦးမှာမို့ ပါရမီဖြည့်သူတို့ ထုံးစံအတိုင်း ခံရမယ့် ဒုက္ခတွေ၊ သေရမယ့် ဘဝတွေဟာ ခန့်မှန်းလို့ မရနိုင် လောက်အောင် အသင်္ချေပေါင်းများစွာပါ။ ဒါကြောင့် အရှုံးခြင်း ယှဉ်ကြည့်ရင် ကုန်ပြီး ရှုံးရတာထက် ရပြီးရှုံးရတဲ့ အရှုံးက အတိုင်းမသိ ကြီးမားပါတယ်။ အမြတ်နှစ်မျိုးကိုလည်း စဉ်းစားပြီး တွက်ကြည့်ပါ။ မိမိရဲ့ ကံဥာဏ်လုံ့လတွေနဲ့ တရားသဖြင့်ရရှိတဲ့ ရာထူးဂုဏ်သိန်၊ စည်းစိမ် ဥစ္စာတွေဆိုတာ “သမုဒ္ဒရာထက်၊ တစ်ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်}}ဆိုတဲ့အတိုင်း တစ်ဘဝ တစ်သက်တာ အတွက်ပဲ မြတ်တာပါ။ ပစ္စည်းဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်အသက်တို့ကို စွန့်လွှတ် အနစ်နာခံပြီး လောကတ္ထစရိယကို ကျင့်ကြသူတို့ရဲ့ ကုန်ပြီး မြတ်တဲ့ အမြတ်ကတော့ ဖြစ်ဆဲတစ်ဘဝကစပြီး သံသရာခရီးဆုံးရာ နိဗ္ဗာန်အထိ အတိုင်းအဆမရှိ မြတ်ကြပါတယ်။ အာဇာနည်တို့ရဲ့ အမြတ်ဆုံးခရီးဆိုတာ ကုန်ပြီး မြတ်တဲ့ အမြတ်ခရီးပဲ မဟုတ်ပါလား။ ဒါကြောင့် အရှုံးချင်း ယှဉ်ရင် ရပြီး ရှုံးတဲ့ အရှုံးက အရှုံးကြီးတယ်။ အမြတ်ချင်း ယှဉ်ရင်တော့ ကုန်ပြီး မြတ်တဲ့ အမြတ်က အမြတ်ကြီးတယ်လို့ သဘော ပေါက်ကြရမှာပါ။ “မနုဿတ္တ ဒုလ္လဘ”ဆိုတဲ့ သုဂတိ လူ့ဘုံ၊ လူ့ဘဝရတုန်း ရခိုက်ဆိုတဲ့ ခဏကောင်း အခိုက်အတန့်ကောင်းလေးမှာ ဒီအရ အကုန်နဲ့အရှုံးအမြတ် အကြီးအသေးတို့ကို သတိရှိရှိ၊ အသိရှိရှိ တွက်မိကြဖို့ အလွန်အရေးကြီးပါတယ်။ မတရားရတဲ့ အရှုံးဟာ အရှုံးတကာထဲမှာ အကြီးဆုံးဆိုတာကို သဘောပေါက်ကြမယ်ဆိုရင် “ဘယ်သူသေသေ၊ ငတေမာ ပြီးရော”တို့၊ “ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါဖို့ပဲ အရေးကြီးတယ်”တို့ဆိုတဲ့ မတရားရယူမှုမျိုးတွေနဲ့ ကိုယ့်တွက်ကိုယ့်တာ ဘဝနာရုံသာမကဘဲ ကိုယ်ဖြစ်တည် ကျင်လည်ရာ နိုင်ငံနဲ့အဝန်း ရှင်ရောလူပါ၊ သတ္တဝါအားလုံး နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်စေတဲ့ ရာဇဝင်ရိုင်းမှုမျိုးတွေကို ဘယ်သူမှ ကျူးလွန်ဝံ့ကြမှာ မဟုတ်တဲ့အတွက် လောကကြီး အေးချမ်းသာယာသွားမှာ မလွဲပါဘူး။ အလားတူပဲ တရားသဖြင့် စွန့်လွှတ် အနစ်နာခံပြီး ရရှိတဲ့ အမြတ်ဟာ အမြတ်တကာထဲမှာ အသာဆုံး အလွန်ဆုံးဖြစ်တဲ့ အာဇာနည်တို့လုပ်ထုံး နည်းလမ်းကြီးဖြစ်တယ်ဆိုတာကို သဘောပေါက်ကြမယ်ဆိုရင်လည်း ရရှိပိုင်ဆိုင် သမျှ ဘဝနဲ့စည်းစိမ်တို့ကို “အိပ်၊ စား၊ ကာမ”ဆိုတဲ့ တိရစ္ဆာန်လို အဖြစ်မျိုးနဲ့ အချည်းနှီး ကုန်လွန်မသွားစေကြဘဲ လောက ကျိုး သာသနာကျိုးအတွက် မဖြစ်မနေ စွန့်လွှတ်ဆောင်ရွက်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ တိုးပွားသည် ထက်တိုးပွား လာမှာဖြစ်လို့ လောကကြီး ပိုမိုတိုးတက်သာယာလာမှာ အမှန်ပါ။ မြတ်ဗုဒ္ဓကတော့ “ကံနဲ့ကံရဲ့အကျိုးကို ငါဘုရားရှင် သိသလိုသာ သိရှိလက်ခံကြမယ်ဆိုရင် လောကမှာ မကောင်း မှုကို ပြုဝံ့သူဆိုတာလည်း မရှိနိုင်တော့သလို ကောင်းမှုကို မပြုဘဲ နေဝံ့သူလည်း မရှိနိုင်ဘူး”လို့ မိန့်ကြားတော်မူပါ တယ်။ ရာဇဝင်ရိုင်းမှုများ ဆိတ်သုဉ်း ကိုယ်ကျိုးစွန့်သူ အာဇာနည်များ ဆထက်ထမ်းပိုး တိုးတက်ပြီး နိုင်ငံနဲ့အဝန်း တိုးတက်သာယာ ဝပြောပါစေ။ ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
read more ““ရာဇဝင်ကို ရိုင်းစေသူများ””

*ဣဿာ မစ္ဆရိယ ဟူသည်*

2 comments
၁။ ဣဿာ ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊ congratulations မလုပ်နိုင်ဘူးပေါ့လေ။ လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊ လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊ မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊ ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊ စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊ လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊ အကောင်းမပြောနိုင်ဘူး၊ ဒါ ဣဿာပဲ။ ၂။ မစ္ဆရိယ နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊ ဒါ မစ္ဆရိယ ခေါ်တယ်။ မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊ ‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊ မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊ ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊ အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။ မစ္ဆရိယ ၅-မျိုး မစ္ဆရိယ ၅-မျိုးရှိတယ်။ (၁) အာဝါသမစ္ဆရိယ တဲ့၊ ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊ မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။ (၂) ‘ကုလမစ္ဆရိယ’ ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။ (၃) ‘လာဘမစ္ဆရိယ’၊ ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။ (၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊ သူများ မကျော်ကြားစေချင်ဘူး။ (၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။ ‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊ မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့် ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊ အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊ သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင် သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင် အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။ ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊ သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။ ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင် မာန်ဖီတော့တာပဲ မဟုတ်လား၊ အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊ ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊ မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။ သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊ မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (ဣဿာ မစ္ဆရိယ ဟူသည်) by Dr Nandamalabhivamsa (ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ) ***ဓမ္မမောင်နှမတို့တို့အားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ သူတော်ကောင်းတရားများပွါးများအားထုတ်နိုင်ကြပါစေ***
read more “*ဣဿာ မစ္ဆရိယ ဟူသည်*”

ညစ်ငြမ်းမှုများ ကင်းဝေးကြပါစေ

0 comments Wednesday, April 17, 2013
သီတဂူ စာသင်ခန်းမှာ ပါချုပ်ဆရာတော်ကြီး မိန့်ခဲ့ဘူးတယ်။ Global warming နှင့်အတူ ကမ္ဘာကြီးက ပူနွေးလာတော့ air pollution = လေထုညစ်ညမ်းမူ water pollution = ရေထု ညစ်ညမ်းမူ earth pollution = မြေထု ညစ်ညမ်းမူတဲ့ ခုခါမှာတော့ Dhamma pollution ဓမ္မကို ဖေါက်ပြန်စွာ ဟောပြောနေကြပြီးတဲ့။ ဒီ pollution များစွာဟာ လူတွေရဲ. လောဘ ဒေါသ မောဟ မာန်မာနတွေကြောင့်တဲ့။ pollution တိုင်ဟာ လော၊ဒေါ၊ မော၊ကြောင့် ဖြစ်ခဲ့ရင်----- မပြုံးချင်းလည်း ပြုံးလိုက်ရ အရယ်ချင်လည်း ရယ်လိုက်ရ အတ္ထအခြေခံတဲ့ လောကကြီးထဲမှာ ငါရဲ. အပြုံး တစက်ကရော pollution ကင်းပါလေစ။။ ဒီလိုဒီလို pollution ပေါင်းများစွာကို သင်္ကြန်ရေနှင့် ဆေးလိုက်ချင်ပါတယ်။ ဘယ်မှာ ဖြစ်နိုင်မာလည်း။ ဒါနပြုလုပ် သီလဆောက်တည် ဘာဝနာမှီမှ pollution တို့ ကင်းမည်ပ။ let's be smile without pollution ပါချုပ်ဆရာတော်၏ လိုက်နာကျင့်သုံးထိုက်သည့်စကားများ
read more “ညစ်ငြမ်းမှုများ ကင်းဝေးကြပါစေ”

"အားလုံး ငြိမ်းချမ်းကြပါစေ"

0 comments
လူသားရဲ့ အနှစ်ဟာ နောက်ဆုံးတရားအစစ် တစ်ခုတည်းပဲ။ လူ့ဘုံဘ၀ရဲ့ အနှစ်ချုပ်ဆိုတာ ကောင်းမှုတစ်ခု တည်းရယ်၊ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဟာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် လူမှန်ရင် အတူတူပဲ။ ကုသိုလ်မှ ရအောင် မယူနိုင်ရင် လူ့ဘ၀ အနှစ် မရှိဘူး။ မိမိတို့ အစမထင် သံသရာက အစ ယနေ့ထိ ကောင်းမှုဆိုတဲ့ ကံတရားနဲ့ အားယူ လာခဲ့ကြရတာ။ ကောင်းမှုအား သာလွန်မှ အထက်ကို တက်နိုင် ခွင့် ရကြတယ်။ ကောင်းမှုအား ပျော့ညံ့လို့ မကောင်းမှုအား တင်းမာသာလွန်သွားရင် အောက်ကို ပြန်ဆင်းကြရ ပြန်တယ်။ တကယ်တော့ တက်ရတာနဲ့ ဆင်းရတာ ယှဉ်ကြည့်ရင် ဆင်းရတာက ပိုများပါတယ်။ ပုထုဇဉ်ဆိုတာ စိတ်နိုင်တာနဲ့ စိတ်မနိုင်တာ ယှဉ်ကြည့်ရင် စိတ်မနိုင်တာက များတာကိုး။ ကောင်းမှုကို ဘ၀ရဲ့ နောက်ဆုံး လက်ကျန်ပစ္စည်းလို့လည်း ခေါ်တယ်။ ကောင်းမှုမှ မကျန်ရင်လည်း အားကိုးစရာ လုံးဝရှိမှာမှ မဟုတ်တော့ဘဲ။ ဘ၀ရဲ့ အနှစ်ချုပ်လို့လည်း ခေါ်တယ်။ အလုပ်တစ်ခု လုပ်ရင် လောကအဖိုးအခ လုပ်ခ ရတတ်တယ်။ ဒီရတဲ့ လုပ်ခ က မကြာခင်သုံးရင် ကုန်သွားမယ်။ ကုန်သွားမယ့် လုပ်ခလောက်နဲ့ လူ့လုပ်ခတန်ပြီလို့ မဆိုနိုင်သေးဘူး။ မကုန်နိုင်တဲ့ လုပ်ခကိုပါ ယူတတ်ဖို့ လိုသေးတယ်။ လူ့ဘ၀ လုပ်ခရလဒ် က အဓိက ကတော့ ကောင်းမှု တရားပဲ။ ဒါန ရနိုင်တဲ့နေရာမှာ ဒါန ရနိုင်လောက်အောင် အသိဉာဏ် ရှိရမယ်။ ဝေယျာဝစ္စ သီလရနိုင်တဲ့ နေရာမှာ ဝေယျာဝစ္စ သီလ လိမ္မာပါးနပ် ကျွမ်းကျင်စွာ ယူတတ်ရမယ်။ မေတ္တာစတဲ့ သမာဓိစွမ်းအား ရနိုင်တဲ့နေရာမှာ သမာဓိစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ၀ိပဿနာ စွမ်းအား ရနိုင်တဲ့ နေရာမှာ ၀ိပဿနာစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ဒီလို ယူတတ်မှ လူအား၊ လူ့စွမ်းအား။ ကျွမ်းကျင်တဲ့ ဉာဏ်ရှိသူ၊ သတိအမြဲ ကိုင်ထားသူအတွက် ၀ိပဿနာစွမ်းအားက မရှား ပါဘူး။ အလုပ်တိုင်း၊ နေရာတိုင်း၊ အခါတိုင်း ရနိုင်ပါတယ်။ ရနိုင်တာကိုတော့ လိမ္မာပါးနပ်စွာ ယူထားမှဖြစ်မယ်။ လူ့ဘ၀ လက်ကျန် ပစ္စည်းက ဒါပဲရှိတာကိုး။ ပစ္စည်းဥစ္စာကို နောက်ဆုံး လက်ကျန်ပစ္စည်း လုပ်လို့မရဘူး။ ကုန်ကုန်သွားတယ်။ ဆွေမျိုးကို နောက်ဆုံး လက်ကျန်လုပ်လို့လည်း မရဘူး။ အချိန်စေ့ရင် ခွဲကြရတာ။ ဘယ်တော့မှ မခွဲရတဲ့ လက်ကျန် ပစ္စည်းက တရားပဲရှိတာ။ တရားသိလို့ တရားရှိတဲ့လူဟာ ပစ္စပ္ပန်မှာ နေတတ်တယ်။ တစ်ယောက်တည်း နေရဲ တယ်၊ နေတတ်တယ်၊ ဘ၀ကူး ပြဿနာအားလုံး ပြေလည် တယ်။ ပစ္စပ္ပန် သေချာတော့ နောင်ရေး အကုန်စိတ်အေးရပြီးသား။ တကယ် စိတ်အေးစေတဲ့ လူသားအနှစ်က တရား အစစ်ပဲ။ ဒါပဲရှာနိုင်တော့ ဒါပဲပေါမှာပေါ့ တချို့နိုင်ငံတွေမှ ပစ္စည်းတွေ အလွန်ပေါများ ကြွယ်ဝနေတယ်။ ရှာဖွေစုဆောင်း နေကြတယ်။ ပိုက်ဆံ၊ ပစ္စည်းတွေ ပေါများနေတဲ့သူကို ဘေးက လူတွေက `လူချမ်းသာ တွေလို့` သမုတ်ကြတယ်။ ပိုက်ဆံ၊ ပစ္စည်းကို ကြည့် သမုတ်ကြတာ။ သူတို့မှာ ရှာစရာ ပိုက်ဆံပဲရှိတယ်။ ကုသိုလ်ရှာပုံ နည်း စနစ် မသိလို့ ပိုက်ဆံ၊ ပစ္စည်းလောက်ပဲ ရှာတတ်တော့ ပိုက်ဆံ၊ ပစ္စည်းပဲ ပေါမှာပေါ့။ `ဒီအချိန်က ဒါနကွဲ့၊ ဒါနမလုပ်လို့ မဖြစ်ဘူး။ ကိုယ့်အတွက် ရိက္ခာလိုတယ်။ ရိက္ခာ တောင့်မှ သီလစောင့်နိုင်မယ်။ တရားကျင့်နိုင်မယ်။ သူချမ်းသာဖို့လည်း ဝေငှ ကူညီရမယ်၊ ဒီအချိန်က သီလကွဲ့၊ သီလ ဆောက်တည်ရမယ့် အချိန်ကွဲ့၊ သီလ မဖြည့် လို့ မဖြစ်ဘူး။ သီလဟာ ဘ၀အလှ၊ လူ့အလှပဲ။ သီလခြုံမှ ဘ၀လုံမယ်။ သီလ အခြေခံ တောင့်တင်းမှ အထက်တရားကို တက်နိုင်မှာ။ ဒီအချိန်က သမာဓိကွဲ့၊ သမာဓိ မပွားလို့ မဖြစ်ပါဘူးကွာ။ မပွား ရင် အာရုံ အနိုင်ကျင့်ခံရမှာ။ စိတ်စွမ်းအား တည်ဆောက်လို့ မရဘဲ ပြိုကျကုန်မှာ။ ဒီအချိန်က ၀ိပဿနာကွဲ့၊ သောက ပရိဒေ၀စတဲ့ လူ့အပူတွေ ငြိမ်းစေ နိုင်တာ က ၀ိပဿနာပဲရှိတာ။ ၀ိပဿနာ မပွားရင် အာရုံဖိစီးမှု ဒုက္ခအောက်မှာ ပြားပြားဝပ် နေရမယ်။ ဉာဏ်တွေ ပိတ်ဆို့ကုန်မယ်။ မလုပ်လို့ မဖြစ်ပါ ဘူး`ဆိုတဲ့ အဲဒီ အသိမျိုး မရှိ ရင်တော့ တစ်ဖက်မြင် တစ်ဖက်ကန်းတဲ့ ဧကစက္ခုတွေပဲ ဖြစ်မယ်။ သူတို့ကို ချမ်းသာ တယ်လို့ သမုတ်ပေမဲ့ ခုနကပြောတဲ့ လူသုံးမျိုးထဲမှာ အထမ်းသမား အဆင့်ပါ။ ရှာလိုက်၊ ရလိုက်၊ ကုန်လိုက်၊ ရှာလိုက်၊ ရလိုက်၊ ကုန်လိုက် ဆိုတဲ့ အထမ်းသမားဘ၀ နဲ့ပဲ အချိန်ကုန် နေကြတာ။ ပစ္စည်းတစ်ခုပဲ ရှာတတ်လို့ ပစ္စည်းတစ်ခုပဲ ဖိရှာ၊ ပစ္စည်းရှာတော့ ပစ္စည်းပဲပေါ့၊ ပေါပေမဲ့ အရှိကိုနိုင်တဲ့ အသိမရှိရင် အရှိအောက် အသိက ရောက်သွားရင် ခုနပြောတဲ့ အထမ်းသမားပဲ ဖြစ်မျာပဲ။ တရားလမ်း ညွှန်ပြသူနဲ့ မတွေ့ရလို့ တရားအသိ လက်မဦးရင် အထမ်း သမားဘ၀ကနေ နောက်တော့ အရမ်းသမား ဖြစ်သွား တတ်ကြတယ်လေ။ အပူထိန်းနည်း၊ အပူငြိမ်းနည်းကို မသိလို့ အပူဝင်လာတော့ အပူချိန်ကို နိုင်အောင် မထိန်းချုပ်နိုင်၊ အပူငြိမ်းအောင် နှိပ်တဲ့ စိတ်ခလုတ်ကို မကိုင်တွယ်တတ်၊ မနှပ်တတ် ရုပ်ပိုင်းဆိုင်ရာ ခလုတ်တော့ သူတို့ သိပ်ကျွမ်းကျင်ကြတယ်။ သာသနာနှင့် မတွေ့ရလို့ စိတ်ပိုင်းဆိုင်ရာ ခလုတ်ကို ဘာမျှမသိ၊ ဒါကြောင့် ကိုယ့်အပူကို ကိုယ်အပူကို ကိုယ်မနိုင်တော့ နိုင်ငံခြားက လူတချို့ တိုက်အမြင့်ကြီးတွေ တွေပေါ်တက်ခုန်ချ သတ်သေ ကြတာတွေ၊ အဆိပ်သောက် သတ်သေကြတာတွေ နိုင်ငံခြားမှာ တယ်ပေါတယ် ဆိုပါလားဗျ၊ ထမ်းရာက မနိုင်တော့ ရမ်းရတာပေါ့ဗျာ။ ကမ္ဘာမှာ မူးယစ် ထုံထိုင်းဆေးတွေ ဈေးကောင်း နေရတာဟာလည်း အထမ်းသမားတွေ အထုပ်မနိုင်လို့ ရမ်းသွားကြတာကြောင့်ပဲ ဖြစ်မှာပါဗျာ။ လူချမ်းသာကို အလုပ်နဲ့ တိုင်းတာတယ် လောကလူသား အထမ်းသမားတွေက လူချမ်းသာကို အထုပ်နဲ့ တိုင်းတာကြတယ်။ ဒေါ်လာသန်းချီပြီး ပစ္စည်းထုပ်၊ ငွေထုပ်ကြီးတွေ များများ ပြုနိုင်ရင် လူချမ်းသာလို့ သမုတ်ကြတယ်။ အထုပ်ကိုနိုင်တဲ့ အသိမရှိရင် အထုပ်ပိပြီး၊ ဒုက္ခရောက်တတ်တာကို ထည့်မတွက် မိတတ်ဘူး။ အထုပ်ကို မနိုင်ရင် ရှိဒုက္ခဟာ မရှိဒုက္ခတွေ ထက်ပိုပြီး အခံရ ခက်တတ်ပါတယ်။ ပစ္စည်းပေါလွန်းလို့ ချောင်လည် ရင်လွန်းရင် ဘ၀ခန္ဓာကို မသုံးဖြစ်ဘဲ မေ့နေတတ်တယ်။ ပစ္စည်းဥစ္စာဆိုတာ လူ့ဘ၀ရဲ့ အနှစ်မဟုတ်သေးဘဲ လူ့ဘ၀အနှစ် ကောင်းမှုတရားရဲ့ အထောက်အကူ မျှသာ ဖြစ်ပါသေးတယ်။ ပစ္စည်းကို ဉာဏ်နဲ့အားယူပြီး ကောင်းမှုတရား ပေါ်လာအောင် ဖော်ထုတ်တတ်ဖို့ အရေးကြီးပါတယ်။ ဓမ္မလူသား အစွမ်းသမား တွေကတော့ လူချမ်းသာကို အလုပ်နဲ့ပဲ သတ်မှတ်ကြ ပါတယ်။ အထုပ်ပေါများ ရုံလောက်နဲ့ လူချမ်းသာလို့ မသတ်မှတ် ကြသေးပါဘူး။ ကောင်းမှု စွမ်းအားပေါ်အောင် အထုပ်ကို ဉာဏ်နဲ့ ထိုးဖောက် အနိုင်ယူနိုင်တဲ့ အလုပ်ပေါ် လာမှ ချမ်းသာကို အတည်ပြု လက်ခံကြတယ်။ အထုပ်မများရင် တောင်မှ လုပ်အား ကောင်းရင် ချမ်းသာကို ရယူနိုင်ကြတယ်။ နိုင်ငံခြားက တချိုလူတွေ မြန်မာကို ဆင်းရဲတယ်လို့ ပြောကြတာက လူတို့ကို အထုပ်ကြီးတွေ မပြနိုင်လို့ အထုပ်ကို ကြည့်ပြောတာ ဖြစ်ပါလိမ့်မယ်။ တချို့ နိုင်ငံခြားသား တွေကျပြန်တော့ မြန်မာကို ကမ္ဘာ့ အချမ်းသာဆုံး လူလို့ ပြေကြပြန်တယ်။ စိတ်ချမ်းသာ အောင် ဖန်တီးနိုင်တဲ့ အလုပ်ကို ကြည့်ပြောတာ ဖြစ်ပါလိမ့်မယ်။ ထုပ်ထားတဲ့ ပစ္စည်း တွေ သူတို့လောက် မကြီးပေမယ့် ချမ်းသာအောင် ဖန်တီးနိုင်တဲ့ လုပ်အားက သူတို့ထက် အဆပေါင်းများစွာ သာလွန်နေတာကိုး။ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာလောက်နဲ့ တောထဲ ထွက်ပြီး တရားကျင့်နေတဲ့ ယောဂီရဟန်းတို့ လောက လူသားတွေ မြင်တွေ့သွားရင် အဆင်းရဲဆုံး လူလို့ ပြောချင်ပြောမှာ။ အထုပ်မှ မရှိဘဲကိုး။ ဓမ္မလူသားမြင်သွားရင်တော့ အချမ်းသာဆုံး လူလို့ ပြောမှာ ဧကန်ပဲ။ အလုပ်ရှိနေတာကို။ မြန်မာတွေဟာ ငါတို့နှင့်စာရင် ပစ္စည်းထုပ် ကြီးကြီးတွေ မရှိပါဘဲနဲ့ ဘယ်လိုများ စိတ်ချမ်းသာအောင် နေကြပါလိမ့်မလဲ။ လူတွေကြည့်တော့လည်း အများအားဖြင့် အေးအေး မြမြ ရွှင်ရွှင်ပြုံးပြုံး ဘယ်လိုပါလိမ့်လို့ စုတ် တသပ်သပ်နဲ့ အံ့သြနေကြတယ် ဆိုပဲ။ သာသနာနှင့် တကယ်တွေ့နေရတဲ့ မြန်မာတွေဟာ ရှိတာနဲ့ တင်းတိမ်ရောင့်ရဲ ကျေနပ်ပြီး အေးမြတဲ့ နှလုံးနဲ့ ရွှင်ပြုံးစွာ နေတတ်ကြတယ်။ တရားနဲ့ အညှိတတ်တော့ အသိကပ်ပြီး အေးချမ်းအောင် နေတတ်တာပေါ့။ မြန်မာတိုင်းတော့ မဟုတ်သေးပါဘူး။ သာသနာနှင့် တကယ်ထိထိ ခိုက်ခိုက် မတွေ့ရသေးတဲ့ မြန်မာတွေ အများကြီး ကျန်နေကြ ပါသေးတယ်။ နိုင်ငံခြားက လူတွေ အထူးအားဖြင့် အနောက် ဥရောပက လူတွေ မြန်မာပြည်ရောက် တဲ့ အခါ ပြောကြတယ်။ ကမ္ဘာမှာ အချမ်းသာဆုံး လူတွေက ဒီမြေပေါ်မှာတဲ့။ အထုပ်ပြောတာ မဟုတ်ဘူး၊ အလုပ်ကြည့် ပြောတာ၊ အချမ်းသာဆုံး ဆိုတာ ရှိတာနဲ့ ချမ်းသာအောင် နေတတ်တာကိုပြောတာ။ “ဒီလူတွေဟာ ဘာနဲ့တွေ့တွေ့ အရှိနဲ့ ချမ်းသာအောင် တကယ်နေတတ်တဲ့ လူတွေပဲ။ ပိုအံ့သြစရာ ကောင်းတာက သာသနာကို အနီးကပ် စောင့် ရှောက်နေတဲ့ သံဃာထုကြီးကို စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အကုန်တာဝန်ယူထားတာ။ အဲဒါ လူဆင်းရဲတွေရဲံ အလုပ်မဟုတ်ဘူး။ လူချမ်း သာတွေရဲ့ အလုပ်။ အဲဒါ လူစွမ်းကောင်း တွေရဲ့အလုပ်။ ဘာနဲ့ တွေ့တွေ့ သူတို့ ချမ်းသာအောင် တကယ်နေတတ်ပါလား”တဲ့၊ နိုင်ငံခြားက လူချမ်းသာလို့ သမုတ်ခံရသူတွေ ပြောတဲ့ စကားပဲ။ အရှိကိုနိုင်တဲ့ တရားအသ ရှိတယ်ပေါ့။ ဘုရားသွားလိုက်၊ ကျောင်းသွားလိုက်၊ အလှူတွေလုပ်၊ ကုသိုလ်တွေလုပ်၊ သာသနာကို လူအားနဲ့ စောင့်ရှောက်နေကြတယ်။ သဒ္ဓါ၊ မေတ္တာ၊ သမ္မာဒိဋ္ဌိ ပညာပေါတော့ သာသနာ မပျောက်အောင် စောင့်ရှောက်ထားနိုင်တဲ့ လူအားရှိတယ်။ ကိုယ့်သန္တာန်မှာ တကယ်ရနိုင်တဲ့ လူ့တရားကို လူအားနဲ့ ဖော်ထုတ်နိုင်တယ်။ အရှိကနိုင်ရင် ထမ်းထား ၊ အရှိကိုနိုင်တော့ စွမ်းအား ဗုဒ္ဓသာသနာနှင့် တကယ် တွေ့ရတာဟာ အရှိကို တကယ်နိုင်တဲ့ အသိတွေ ရထားကြတယ်။ ဒါကြောင့် စိတ်ကြံ့ခိုင်တယ်။ ဘ၀အနှစ်စွမ်းအား ပိုင်အောင် အရယူနိုင်တယ်။ သူက ဘာပဲကြည့်ကြည့် ကုသိုလ်ထုပ် တွေချည်း မြင်နေတော့တာပဲ။ ဒါကြောင့် အရှိကိုနိုင်၊ အသိပိုင်၊ ကြံ့ခိုင်စွမ်းအားရ။ အရှိကို အသိကနိုင်တော့ စွမ်းအားရှင် ဖြစ်သွားတယ်။ ရှိတာကိုနိုင်မှ တကယ့် လူအားပဲ။ သူရဲ့ စားဝတ်နေရေးဟာ ဘယ်တော့မှ ကုန်ကျ မဟုတ် တော့ဘူး။ ကုန်ပြန်ရင် ပြန်ရတဲ့ ကုန်ရချည်းပဲ။ “ငါ့ခန္ဓာကို သီလ၊ သမာဓိ၊ ၀ိပဿနာပုံစံနဲ့ ကျွေးလိုက်ရဦးမယ်”ဆိုပြီး ကျွေးလိုက် တယ်။ ကျွေးလိုက် တာတော့ ဘယ်နှစ်ထောင်ဖိုး၊ ဘယ်နှစ်ရာဖိုးလို့ ကျွေးလိုက် တာပဲ။ ပြီးသွားတာနဲ့ ရတာက အများကြီး ဆိုတော့ ကိုယ့်ကိုယ်ကို ကျေနပ်လိုက်တယ်။ “ဟေ့..ခန္ဓာ၊ နင့် ကို ရာတန်၊ ထောင်တန်ပဲ ကျွေးရတာ။ နင့်ကို ကျွေးလိုက်လို့ ရတာက အများကြီး၊ ခန္ဓာကိုသုံးဖို့ ဉာဏ်နဲ့ ဆင်ခြင်ရင်း၊ သီလဖြည့်ရင်း၊ သီလဖြည့်ဖို့ ရည်ရွယ်ရင်း စားလိုက်လို့ သီလတွေ အများကြီးရတယ်” “မေတ္တာပို့ရင်း၊ စူးစိုက်ရင်း စားလိုက်တာ စားပြီးတာနဲ့ သမာဓိစွမ်းအားတွေ ကျန်နေခဲ့ တယ်။ သိတတ်တာနဲ့ သိစရာလေးတွေ သိသိပြီးရင် ကုန်ကုန်ပျောက်ပျောက် သွားကြတယ်။ နောက်နောက် သိတတ်တတ်တာနဲ့ သိစရာတွေ ထပ်ထပ်ပေါ်းလာကြ၊ ပထမ ထမင်းတလုပ်မှ သိတတ်တဲ့ အသိစိတ်နဲ့ သိစရာရုပ်တရား ထမင်းလုတ် ကလေးတွေက ဒုတိယ ထမင်းလုတ်မှာ ပါမလာကြတော့ဘူး။ ပထမ ထမင်းလုတ်ပဲ ကုန်သွားကြပြီ။ ပထမ ထမင်းလုတ် မရှိတော့လို့ ဒုတိယ ထမင်းလုပ် ပေါ်လာတာပဲလို့ ရှုမှတ် စားလိုက်တာ ၀ိပဿနာ အခြေခံ အသိတွေ အများကြီး ကျန်နေခဲ့တယ်။ နင့်ကို ကျွေးရတာ ကျွေးရကျိုးနပ်တယ်။ အမြတ်တွေ အများကြီး ကျန်တယ်”။ ဒီစွမ်းအားမျိုးက အသိဉာဏ် ရှိသူတိုင်းရနိုင်တယ်။ အားချိန်လည်း လုံးဝ မတောင်း ဘူး။ ပိုက်ဆံလည်း တစ်ပြားမျှ မတောင်းဘူး။ အသိပဲ တောင်းတာ။ အသိကို သတိထဲ သိုမှီးထားတယ်။ နှစ်ဖက်မြင်ပုဂ္ဂိုလ်မှာ ကုသိုလ်ရဖို့ မခက်ခဲဘူး။ ကုသိုလ်မရှားဘူး။ မိသားစုတွေ နေ့စဉ်ကျွေးတော့လည်း ဒီအတိုင်းပဲ။ ကုန်ကျမဖြစ်ဘူး။ ကုန်ရင် လူအားပြန်ရတဲ့ ကုန်ရချည်းပဲ ဖြစ်သွားတယ်။ အရှိက အသိကို နိုင်ရင် ထမ်းထားရပေ မယ့် အရှိကို အသိက နိုင်တော့လည်း စွမ်းအားတွေချည်းပါ။ နိုင်ငံခြားက နတ်ပြည်၊ မြန်မာပြည်က လူ့ပြည် ဒေါ်လာထက် ဈေးကောင်းတဲ့ ကမ္ဘာ့အဖိုး အတန်ဆုံး တရားက ဒီမြေပေါ်မှာပဲ လိုသ လောက် ရနိုင်တာဖြစ်လို့ မြန်မာ့မြေကို နေရာကောင်း မြေကောင်းလို့ သတ်မှတ်ထားတာ၊ ကံကောင်းမှ ပစ္စည်းဥစ္စာရှာလို့ အဆင်ပြေတာကိုး။ တချို့နိုင်ငံခြားမှာ သွားနေကြတဲ့ လူတွေ မြန်မာပြည်ကို ခဏပြန်လာကြတော့ တချို့လည်း ဘုန်းကြီး အိုကြီးဆီ ရောက်လာတတ်ကြတယ်။ ရောက်လာရင် ဒီကလည်း မေးတတ်တတ်လေ။ “နတ်ပြည်က ဘယ်နေ့က ဆင်းခဲ့ကြသလဲဗျ၊ လူ့ပြည်မှာ ဘယ်လောက် ကြာအောင် နေကြမလဲ?။ နတ်ပြည်ကို ဘယ်တော့ ပြန်တက်ကြမလဲဗျ၊ လူ့ပြည်ကို ဘာကိစ္စနဲ့ လာခဲ့ကြတာလဲဗျ” ဒီက ဘုန်းကြီးအိုကြီးက နိုင်ငံခြားတွေအားလုံးကို နတ်ပြည်လို့ ခေါ်လေ့ရှိတယ်။ မြန်မာ့မြေကိုတော့ လူ့ပြည်လို့ ခေါ်လေ့ရှိတယ်။ နတ်ပြည်လို့ ခေါ်တာက ချမ်းသာကြီး ကျယ်လွန်းလို့ ခေါ်တာ မဟုတ်ပါဘူး။ ဘ၀အတွက် ကိန်း မကိုက်တာပါ။ ကောင်းမှု ကုသိုလ် မြောက်များစွာ နဲ့ ယူခဲ့ရတဲ့ လူ့ဘ၀ကို တစ်ဘ၀ ကိစ္စလေးနဲ့ ဖြုန်းပစ်နေကြလို့ အရမ်းနာတယ်။ ဟောဒီ လူ့ပြည်မှာ နေခွင့်ရတဲ့ လူတွေကတော့ ကိုယ့်ခြေတစ်လှမ်းကို နိဗ္ဗာန်ထိ အားယူ လှမ်းနိုင်တယ်။ ကိုယ့်ထမင်း တစ်လုတ်ကို နိဗ္ဗာန်ထိ အားယူစားတာ။ တစ်ဘ၀ အိုစာ၊ နာစာ၊ သေစာ ကျွေးရုံလေးနဲ့ အရှုံးမခံနိုင်ဘူး။ ကိုယ့်စားဝတ် နေရေးကို နိဗ္ဗာန်ထိ အားယူလုပ်တာ။ ကိုယ့်မိသားစုကို နိဗ္ဗာန်ထိ အားယူကျွေးတာ၊ သူတို့ကို ကျွေးရ ပေးရတာဟာ အကုန် တရားစွမ်းချည်းပဲ။ ဘာမဆို နိဗ္ဗာန်ထိ အားယူနိုင်တာဖြစ်လို့ ဘ၀ အတွက် ကိန်းကိုက်တယ်။ ခုန နတ်ပြည်သို့ သမုတ်ခံရတဲ့ နေရာမှာ နေတဲ့ လူတွေကျတော့ ပစ္စပ္ပန် စားဝတ် နေရေး ပြေလည်ရင် ပြီးပြီလေဗျာ။ အလွန်အံ့သြစရာ ကောင်းတဲ့ လူအားများကို တစ်ဘ၀ ကိစ္စလေးနဲ့ ဖြုန်းပစ်နေကြတယ်။ အဲဒီလို ဘ၀တွက်ကိန်း မကိုက်တာကြောင့် နတ်ပြည်ခေါ်တာပါ။ ဘ၀ တွက်ကိန်း ကိုက်တာကြောင့် မြန်မာပြည်ကို လူ့ပြည် ခေါ်တာပါ။ ကုသိုလ်လိုချင်လို့ လူ့ပြည်ဆင်းခဲ့တာ “ဘာကိစ္စနဲ့ လူ့ပြည် ဆင်းခဲ့ကြသလဲဗျ?လို့ မေးတော့ တချို့လည်း အလည်သက် သက်လာကြတာ။ အလည်သက်သက် လာတာတောင်မှ မြန့်မာ့မြေကို သူတို့ ခြေနဲ့နင်းမိ တာနဲ့ ဘုရားရိပ်၊ တရားရိပ်၊ မေတ္တာရှင်ကြီးတွေရဲ့ အရိပ်ကြောင့် သူတို့ စိတ်နှလုံးထဲ အေးချမ်း သွားတယ်ဆိုပဲ။ သူတို့ပြောတာပါ။ တစ်ချို့လည်း ကုသိုလ် ရင်းနှီးမြှုပ်နှံဖို့ လာကြ တာဗျ။ “တပည့်တော်တို့က သံဃာ အများကြီးနဲ့ ဆွမ်းလောင်းချင်လို့ လာခဲ့တာဘုရား”၊ “သံဃာအများကြီးနဲ့ ဆွမ်းကပ်ချင်လို့ အလှူလုပ်ချင်လို့ လာခဲ့တာ ပါဘုရား”တဲ့။ သံဃာဆိုတာ ကောင်းမှုမျိုးစေ့ ကြဲချစိုက်ပျိုးရာပဲ။ “ဟိုမှာက စီးပွားရေး အလုပ်တွေနဲ့ လုံးလည် ချာလည်လိုက်နေလို့ မွန်းကျပ်ပူလောင် ပင်ပန်းနေတော့ တစ်နေ့လုံး ကုသိုလ်အတွက် အချိန် မပေး နိုင်ဘူးဘုရား။ ဒီမှာ (၁၀)ရက်လောက် ရိပ်သာသွား အနားယူပြီး အားရပါးရ ဘာဝနာ ပွားပစ်လိုက်မယ်ဆိုပြီး တော့ လာခဲ့တာ ဘုရား”တဲ့။ ကုသိုလ်ရင်းနှီး မြှုတ်နှံဖို့ မြန်မာ့မြေ အကောင်းဆုံးဆိုတာ သူတို့သိတယ်ဗျ။ အကြောင်း အားလျော်စွာ နိုင်ငံခြား သွားနေရပေမယ့် ကုသိုလ်များများ စားစား ၊ ထက်ထက် မြက်မြက်၊ ပြည့်ပြည့်စုံစုံ လိုချင်ရင် ဟောဒီ မြန်မာ့ မြေမှာ လာစုကြရတယ်။ လူအား အပြည့်အစုံ လိုချင်ရင် မြန်မာ့မြေ လာယူကြရတယ်။ ဒေါ်လာတို့ ပေါင်စတာလင်တို့ထက် ဈေးအလွန် ကောင်းတဲ့ ကောင်းမှုတရား ‘လူအား’ တွေက ရတနာ(၃)ပါးနှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ အပြည့်အစုံရှိတဲ့ ဒီမြေပေါ်မှာမှ အပြည့်အစုံ စုဆောင်းလို့ဖြစ်နိုင်တဲ့ အရာတွေကိုး။ အများအားဖြင့် ကုသိုလ် ရင်းနှီးမြှုတ်နှံဖို့ မြန်မာမြေ ပြေးလာကြတာ။ ဒီကနေ ကုသိုလ် လုပ်ပြီး ပြန်သွားရင် ဟိုမှာ အလုပ်လုပ်ရတာ တယ်အဆင် ပြေတယ်ဆို ပါလား။ ကံတွေ၊ ဉာဏ်တွေပွင့်လို့ စီးပွားရှာရတာ တယ် ကောင်းသတဲ့ဗျ။ တရားဆက်သွယ်ရေးလိုတယ် မြန်မာ့မြေပေါ် မွေးဖွားလို့ မြန်မာ့မြေပေါ် နေခွင့် ရပါလျက်သားနဲ့ ကံတွေ၊ ဉာဏ် တွေ ပိတ်ပြီး ရှေ့မတိုးနိုင်သေးတဲ့ မြန်မာတွေ အများကြီး ရှိနေပါသေးတယ်။ တရားဆက်သွယ်ရေး များများလိုပါတယ်။ လောက ဆက်သွယ်ရေးတွေ သိပ်ပေါများ နေကြပေမယ့် ဓမ္မဆက်သွယ်ရေးတွေ သိပ်ပေါများနေကြပေမယ့် ဓမ္မဆက်သွယ်ရေးတွေ နည်းပါး နေသေးတယ်။ ‘တရားနာတာ၊ တရားစာဖတ်တာ၊ တရားအားထုတ်တာဟာ အဘိုးအဘွားတွေ အလုပ်’လို့ ထင်နေရင်တော့ တရားနဲ့တန်တဲ့ ‘လူအား’ တွေ နည်းမှန်း လမ်းမှန် စွမ်းအားပေါ်အောင် အချိန်မီ မသုံးရဘဲ အလကား ကုန်သွားမှာ နှမြောစရာကြီး ဖြစ်သွားမယ်။ တရားဆိုတာ လက်လတ်တဲ့အရွယ်မှာ လန်းဆန်းတဲ့စိတ်နဲ့ ထိတွေ့ခွင့် ရထားမှ တကယ် အသက်ဝင်ပြီး တကယ်စွမ်းအား ပြည့်မှာဖြစ်တယ်။ ဒါမှလည်း တကယ်အားကိုး စရာရမှာပါ။ မရှုနိုင် မရှိုက်နိုင်ကုန်းကောက်စရာ မရှိအောင် ဒုက္ခရောက်လာခါမှ ‘ ဟိုသွား ကယ်တော်မူပါ’ ဒီသွား ကယ်တော်မူပါ’လို့ လို့နေရရင် လူဟာ သိပ်အောက်တန်း ကျသွားပါပြီ၊ ခိုကိုးရာမဲ့တဲ့ တိုင်းပြည်မှ မဟုတ်ဘဲ။ လောကကို အနိုင်ယူဖို့၊ လောကက ပေးသမျှ ဆင်းရဲ အပူတွေကို အနိုင်ယူဖို့ပဲ တရား ပေါ်လာတာ ဖြစ်လို့ လောကထဲမှာ တရားလောက် စွမ်းတဲ့ ဓာတ်ကောင်းဆိုတာ မရှိဘူး။ တရားဟာ အကောင်းဆုံး ‘ဓာတ်ရိုက် ဓာတ်ဆင်နည်း’ ‘ယတြာနည်း’ပဲ။ ဆင်းရဲအပူ အန္တရာယ်တွေ ကိုယ့်ဆီ ရုပ်ပျက်ဆင်းပျက် ရောက်မလာသေးခင် ကြိုတင်ကာကွယ် တားနိုင်ရင် ပိုပြီး စိတ်မအေး ရဘူးလား။ သက်သာခွင့် ရသွားရင်တောင် နည်းသလား။ ကိုယ့်ခန္ဓာ၊ ကိုယ့်ပစ္စည်း၊ ကိုယ့်အလုပ်တွေထဲမှာ ကိုယ့်ကို အားလုံး အာမခံတာဝန်ယူ့ တရားစွမ်း အားတွေ လိုသလောက်၊ ယူတတ်သလောက် ရနိုင်ပါလျက်သားနဲ့ ‘ရနိုင်တယ်၊ ရှိတယ်’ လို့တောင်မှ သိခွင့်မရရင် မရှုံးပေဘူးလား။ ရတနာသုံးပါး ရေခံမြေခံ အလွန်ကောင်းတဲ့ မြန်မာ့မြေပေါ် လူဖြစ်ခွင့်ရတာ ဘာအဓိပ္ပာယ်ရှိမှာတဲ့လဲ။ တရားကင်းကွာနေတဲ့ လူ့ဘ၀ကို ပုံဖော်ကြည့်ပါ။ မပြီးနိုင်တဲ့ အပျက်ကို ပြင်နေရင်း မဆုံးနိုင်တဲ့အပူကို ဖြတ်သန်း နေရတာကို တွေ့ရမယ်။ ‘မပြီးနိုင်တဲ့ အပျက်ကို ပြင်နေရတယ်’ဆိုတာ စားဝတ်နေရေး၊ ကျန်းမာရေးကို ပြောတာ။ ခန္ဓာရှိနေသမျှ ပြီးနိုင်မှာမှ မဟုတ်ဘဲ။ တရား အသိ ဉာဏ်ရှိသူက အဲဒီမပြီးနိုင်တဲ့ ကိစ္စထဲမှာ ပြီးနိုင်တဲ့ တရားစွမ်းအားတွေ တန်းစီ ကောက်ယူသွားရုံပဲ။ ‘မဆုံးနိုင်တဲ့ အပူကို ဖြတ်သန်း နေရတယ်’ဆိုတာ ကိလေသာ မကင်းသေးတာကိုပဲ ပြောတာ။ ကိလေသာ မကင်းသေးတော့ အချိန်မရွေး ပူရမယ်။ မရှိလည်း ပူရမယ်။ ရှိလည်း ပူရမယ်၊ ကုန်လည်း ပူရမယ်။ ဘာမဆို ပူနိုင်တယ်။ အပူကို ထိန်းနိုင်၊ ငြိမ်းနိုင်တာက တရားပဲရှိတာ။ လူဆိုတာ တရားနဲ့တွေ့ဖို့ အရေးအကြီးဆုံးပဲ။ စောစော တွေ့လေ စိတ်အေးရလေ၊ အသိဦးလေ ကောင်းလေပဲ။ လူတွေ စားဝတ်နေရေး ကျန်းမာရေး လုပ်ရင်း တရား ဆက်သွယ်ရေးရကြဖို့ ဘုန်းကြီး အိုကြီးလည်း ဆက်သွယ်ရေးတာဝန်ကို စွမ်းနိုင်သလောက် ထမ်းဆောင် ပေးနေပါတယ်။ ကိုယ်တိုင်ဟောထားတဲ့ တရားခွေတွေကို အမြောက်အမြား ကူးထားပြီး ကျောင်းရောက် လာသမျှ လူအားလုံးကို စေ့ငအောင် ဓမ္မဒါနအဖြစ် အခမဲ့ ဝေငှ ပေးနေပါတယ်။ အရွယ်မရွေး မြန်မာစာ ဖတ်တတ်သူ အားလုံး ဖတ်ရှုလေ့လာနိုင်အောင် သာမန်လူ နားလည် နိုင်လောက်တဲ့ စကားအသုံး အနှုန်းများနဲ့ အိတ်ဆောင် စာအုပ်ကလေး တွေလည်း အမြောက်အမြား ရေးသားဖြန့်ဝေ ပေးနေပါတယ်။ အခမဲ့ ဓမ္မဒါန ဖြန့်ဝေလှူဒါန်းပေးနေတာပါ။ လူတိုင်း ပေါ့ပေါ့ပါးပါး သွားလေရာ ယူဆောင် ဖတ်ရှု လေ့လာနိုင်အောင် အိတ်ဆောင် စာအုပ်ငယ်တွေပဲ စီစဉ် ပေးထားပါတယ်။ ဖြန့်ဝေပေးကမ်း လှူဒါန်းလို့ မကုန်နိုင်အောင် လည်း စာအုပ်တွေ သိန်းချီပြီး အမြောက် အမြား ရိုက်နှိပ်ထားပါတယ်။ ကျောင်းရောက်လာသူ အားလုံးအတွက် စာအုပ်(၅)မျိုးနှင့် တရား(၁)ခွေစီ အမြဲဝေပေး လှူဒါန်းနေကျပါ။ နေ့နေ့ညည ဘယ်အခါမဆို၊ ဘယ်နေရာမှာမဆို တရားပွဲ ရှိရင် လာသမျှ ပရိသတ် အားလုံးအတွက် စာအုပ်(၂)မျိုးစီ စေ့ငအောင် ဝေငှပေးပါတယ်။ လက်လှမ်းမီရာ စာကြည့်တိုက် တွေမှာလည်း လှူပေးတယ်။ ကိုယ်နှင့်တွေ့သူတိုင်း ဓမ္မ လက်ဆောင် စာအုပ်ပေးလေ့ရှိပါတယ်။ အများနားလည်အောင် မြန်မာစကားပြေနဲ့ပဲ ရှင်းရှင်းလေး ဟောပြော ရေးသားပေး တယ်။ အများနားလည်စေလိုတဲ့ မေတ္တာစေတနာ သက်သက်နဲ့ပဲ ဟောပေးတယ်။ ရေးပေးတယ်။ ဘာအဖိုးအခကိုမျှ မျှော်လင့်ချက် မထားဘဲ ပြန့်ပွားစေလိုတဲ့ မေတ္တာ စေတနာ စစ်စစ်နဲ့သာ အခမဲ့ ဖြန့်ဝေ ပေး တယ်။ လူတွေ ‘လူအား’ ပြည့်စုံဖို့ပဲ အဓိကပါ။ နှစ်ဖက်မြင် ပညာမျက်စိ ရှိမှ ‘လူအား’ ပြည့်စုံပြီး အစွမ်းသမားတွေ ဖြစ်ကြမယ်။ ‘ အားလုံး ငြိမ်းချမ်းကြပါစေ’ တိပိဋကဓရ(ယော)ဆရာတော် အရှင်သိရိန္ဒာဘိဝံသ ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြသည်။
read more “"အားလုံး ငြိမ်းချမ်းကြပါစေ"”

~ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း~

0 comments Wednesday, April 10, 2013
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။ ရုံးပတီသီး (Lady Finger-၂ လုံး /၂တောင့်) ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲသကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ (note copy fr'Healthcare) post by နှင်းဆီဖူးလေးများ-Love BUDS
read more “~ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း~”