လောကီလောကုတ္တရာ ရတနာများ၏တန်ဘိုးနှင့် အနှစ်သာရ ရလဒ်ကို ရှာဖွေကြည့်ခြင်း
0 comments Wednesday, August 17, 2011ရတနာဆိုတဲ့အဓိပ္ပါယ်က “ရတိံ ဇနေတီတိ ရတနံ” လူတိုင်းရဲ့စိတ်ကို နှစ်သက်ခြင်းကိုဖြစ်စေတတ် သောကြောင့် “ရတနာ” ဟုဆိုပါသည်။ လောကတွင် “ရတနာ” အမျိုးမျိုးရှိ၏။ ထိုရတနာတို့ကို အုပ်စုအလိုက် တူညီရာတူညီရာခွဲခြားပြရလျှင် ဘာသာရေးအနေနှင့် ရတနာသုံးပါးရှိ၏။ ထို့အပြင် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပဟုဆိုအပ်သော လောကုတ္တရာရတနာခုနှစ်ပါးကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်ကြား တော်မူခဲ့သည်။ လောကီရတနာလက်ဝတ်တန်ဆာတွေဖြစ်သော ရွှေ ငွေ ပုလဲ ပတ္တမြား ကြောင်မျက်ရွဲ စိန် သန္တာ အားဖြင့်သက်မဲ့ရတနာခုနှစ်ပါးရှိသလို သက်ရှိအားဖြင့် သားရတနာ သမီးရတနာ ဆင်ရတနာ မြင်းရတနာ နွားလားဥသဘရတနာ စသည်ဖြင့်ရှိ၏။ လောကတွင် လူတိုင်းလူတိုင်း ရတနာဆိုသည့်အရာကို နှစ်သက်မြတ် နိုးမှုခြင်းတူညီသလို တန်ဖိုးလည်းထားတာခြင်းလည်း တူညီကြ၏။ ရယူပိုင်ဆိုင်လိုခြင်းလည်း တူညီကြ၏။ သို့သော်ငြားလည်း လူတိုင်းလူတိုင်းမှာမတူကွဲပြားသည့်လိုအင်ဆန္ဒများရှိကြလေသောကြောင့် သက်ရှိသက်မဲ့ စသည်အားဖြင့်ကွဲပြားနေသော ရတနာများ၏အပေါ်မှာ နှစ်သက်မြတ်နိုးတန်ဖိုးထားမှုများလည်း ကွဲပြားလာကြ တော့၏။ အချို့က ရွှေကိုတန်ဖိုးထားကြသလို အချို့ကလည်း ငွေကိုတန်ဖိုးထားကြ၏။ အချို့က ပတ္တမြားကို တန်ဖိုးထားကြသလို အချို့ကြပြန်တော့ စိန်စသည်ကိုတန်ဖိုးထားကြပြန်၏။ တစ်ချို့ကြပြန်တော့လည်း သက်ရှိ ဖြစ်တဲ့ သားရတနာသမီးရတနာ ဆင်မြင်းစသောသက်ရှိသတ္တ၀ါတွေကို တန်ဖိုးထားတတ်ကြပြန်၏။ ရတနာ အမျိုးမျိုးတို့ကို တန်ဖိုးထားသတ်မှတ်မှုများမည်သို့ပင်ကွဲပြားခြားနားနေပါစေ ထိုရတနာများကို တန်ဖိုးထား သတ်မှတ်နေကြသူများ၏နောက်ကွယ်မှ အနှစ်သာရအစစ်အမှန်ကို ဖော်ထုတ်ရှာဖွေသင့်ပေသည်။ ထိုရတနာ များကို တန်းဖိုးထားနေကြသူများ၏နောက်ကွယ်မှ တကယ့်ရလဒ်အစစ်အနှစ်သာရကား အဘယ်နည်း။
မည်သည့် “ရတနာ” မဆို သူအတိုင်းတာနဲ့သူတော့တန်ဖိုးရှိကြ၏။ ထိုသို့တန်ဖိုးရှိနေသည့်အတွက် ကြောင့်ပင် လူတိုင်းကတန်ဖိုးထား ကြသည်ဟုဆိုလျှင် မှားမည်မထင်ပေ။ ဘာသာတရားနှင့်ပတ်သက်သော ရတနာတွေကို လောကုတ္တရာရတနာဟုခေါ်ဆိုကြသလို လောကီအဆင်တန် ဆာဖြစ်သော ရွှေငွေစိန်ကျောက် စသောရတနာတွေကိုတော့ လောကီရတနာဟုခေါ်ဆိုကြ၏။ ဘာသာတရားနှင့်ပါတ်သက်သောရတနာတို့၏ တန်ဖိုးကို ဤနေရာ၌အကျယ်တ၀င့်မရေးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဘာသာတရားနှင့်ပါတ်သက် သောရတနာတို့၏အဓိပ္ပါယ်နှင့် ၄င်းတို့၏အနှစ်သာရကား အလွန်အင်မတန်မှကျယ်ဝန်းများပြားလှသလို ဘက်ပေါင်းစုံကနေပြည့်စုံအောင်တင်ပြဖို့ရန်လည်း အလွန်တရာမှသိမ်မွေ့နက်နဲခက်ခဲလှ၏။ ထို့ကြောင့် ဘာသာ တရားနှင့်ပါတ်သက်သော ရတနာများ၏အနှစ်သာရနှင့်အဓိပ္ပါယ်တို့ကို အကျယ်တ၀င့်မရေးသားတော့ပဲ အနည်းအကျဉ်းလောက်သာရေးသား၍ နောင်တချိန်တွင် အလျင်းသင့်သလိုဖော်ပြရေးသားပါမည်။ ဤနေရာ၌ လောကီရတနာများဖြစ်ကြသော ရွှေ ငွေ စိန် ကျောက်စသည့်ရတနာ တို့၏အကြောင်းအရာတို့ကိုသာ ဤနေရာ၌ အကျယ်တ၀င့်တင်ပြသွားပါမည်။ ပထမဆုံးအနေဖြင့် လောကီရတနာဖြစ်သောရွှေအကြောင်းကို ရေးသားတင်ပြရလျှင် ရွှေကို လူတိုင်းနီးပါးနှစ်သက်မြတ်နိုးကြသည်ဟုဆိုပါလျှင်လွန်မည်မထင်ပေ။ ရွှေကို မည်သည့်ခေတ်လောက်ကတည်းက လူတွေစတင်၍အသုံးပြုလာခဲ့ကြသနည်းဟု လေ့လာကြည့်သောအခါ မည်သူကရွှေကိုစတင်တွေ့ရှိသည်ဆိုသည့်အချက်ကို သေချာစွာမပြောနိုင်ကြ သော်လည်း ရွှေကိုလူတွေ နှစ်ပေါင်း ၂၆၀၀ ကျော် ဘီစီ လောက်ကတည်းက စတင်ရှာဖွေတွေ့ရှိခဲ့ကြပြီး အီဂျစ် ဂရိ ရောမနှင့် အာဖရိကတိုက်ရှိလူများစွာတို့သည် ရွှေကို စတင်အသုံးပြုခဲ့ကြသည်ဟုတွေ့ရှိရ၏။ ယခုအခါ ရှာဖွေတွေ့ရှိမှု အတိုင်းအတာအားဖြင့် အနည်းများကွာခြား ကောင်းကွာခြားနိုင်သော်လည်း ရွှေကို နိုင်ငံတော်တော်များများ တွင်ရှာဖွေတွေ့ရှိနေကြ၏။ ခေတ်တွေစနစ်တွေ တိုးတက်ပြောင်းလည်းလာသောအခါ ရွှေကို ရွှေဖြူ- Platinum ရွှေဝါ-Gold ဟူ၍ နှစ်မျိုးနှစ်စားခွဲခြား၍ထုတ် လုပ်လာနိုင်ခဲ့ကြ၏။ ရွေကို Barter- အာမခံစနစ်တစ်ခုအနေဖြင့် ဟိုရှေးယခင်ကတည်းက အသုံးပြုခဲ့ကြသည်ဟုမှတ်တမ်းများတွင် လေ့လာတွေ့ရှိရပါသည်။ ယခုအချိန်ထိလည်း ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံတော်အစိုးရ တော်တော်များများသည်လည်းကောင်း ကုန်သည်ပွဲစားများသည် လည်းကောင်း ရွှေကို အာမခံပစ္စည်းတစ်ခု အနေနှင့်ဘဏ်တွေမှာအပ်နှံထားကြသလို စီးပွါးရေးရောင်းကုန် ပစ္စည်းတစ်ခုအနေအားဖြင့်လည်း ရောင်းဝယ်မှု တွေကိုယခုခေတ်ကာလတိုင်အောင် ပြုလုပ်နေကြဆဲဖြစ်သည်။ ဘုရားရှင်လက်ထက်တော်ကလည်း အနာပိဏ် သူဋ္ဌေးကြီးသည် ဇေတမင်းသား၏ဥယျာဉ်တော်ကိုဝယ်ယူဖို့ရာ အတွက် မိမိပိုင်ဆိုင်သောရွှေဒင်္ဂါး အသပြာများကို အချင်းချင်းထိအောင်ခင်းကာ ၀ယ်ယူခဲ့ရသည်ဟု ပိဋကတ် စာပေတို့၌တွေ့ရှိရ၏။ ကမ္ဘာ့စီးပွါးရေးဈေးကွက်ဖြစ်သော Stock share ဈေးတွေမှာလည်း ရွှေဈေး၏အတက် အကျပေါ်မှာမူတည်၍ ဈေးအရောင်းအ၀ယ်ကိစ္စတွေကို စကားပြောဆိုကြ၏။ မိမိနိုင်ငံ၏ငွေကြေးစနစ်တောင့် တင်းခိုင်မာမှုရှိလာစေရန်အတွက် နိုင်ငံတော်ခေါင်းဆောင်များက ဆွစ်ဇာလန်နိုင်ငံရှိကမ္ဘာ့ဘဏ်ကြီးတွင် ရွှေကို အာမခံအနေဖြင့် စဘော်တင်၍ထား ကြသည်။ ကမ္ဘာပေါ်တွင် ရွှေသည် နေရာတော်တော်များများ၌ အရေးပါ အရာရောက်သော ပစ္စည်းတစ်ခုအဖြစ် တည်ရှိနေသည်မှာသိသာထင်ရှားလှ၏။ ရွှေကို အစိုးရနှင့်ကုန်သည် ပွဲစားလူတန်းစားများသာ အသုံးပြုကြသည်မဟုတ် သာမန်လူတန်းစားတို့လည်းအမြတ်တနိုးဝယ် ယူဝတ်ဆင် တတ်ကြသည်ကိုတွေ့ရှိရ၏။ တစ်ချို့တစ်ချို့သောလူတွေကလည်း “ရှိတော့တန်ဆာ မရှိတော့ ၀မ်းစာ” ဆိုသောလောကစကားအတိုင်း စီးပွါးရေးအဆင် ပြေနေစဉ်အချိန်မှာ လက်ဝတ်တန်းဆာအနေနှင့်ဝတ်ဆင် လေ့ရှိကြပြီး စီးပွါးရေးအဆင်မပြေသောအခါ ထိုလက်ဝတ်ရတနာများကိုရောင်းချကာ စားသောက်ကြ၏။ ဘာသာရေးနှင့်ပတ်သက်သော အဆောက်အဦးများတွင်လည်း ရွှေကိုအမြတ်တနိုးတန်ဖိုးထားကာ လှူဒါန်းလေ့ ရှိကြသည်။ ဤကဲ့သို့ နေရာတော်တော်များများ၌အသုံးဝင်သော တန်ဖိုးလည်းအလွန်ရှိသော ရွှေကို လူတွေတော်တော်များများနှစ်သက်ကြ တန်ဖိုးထားကြသည်မှာ အပြစ်ဆို ဖွယ်ရာမရှိပေ။
ထို့အတူပင် ရွှေထက်တန်ဖိုးကြီးသောပစ္စည်းတစ်မျိုးကား လူ့လောကတွင်ထင်ထင်ရှားရှားရှိနေပါသည်။ ထိုပစ္စည်းကား စိန်ဆိုသော ရတနာပစ္စည်းပင်ဖြစ်သည်။ စိန်ကို လွန်ခဲ့သောနှစ်ပေါင်း ၂၄၀၀ ကျော် ဘီစီ အချိန်လောက်ကတည်းက အိန္ဒိယနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရပါသည်။ ယခုအခါမှာတော့ စိန်ကို အိန္ဒိယ အာဖရိက ကနေဒါ ရုရှား ဘရာဇီး နှင့် သြစတေးလျှနိုင်ငံတို့တွင်လည်း တူးဖော်တွေ့ရှိနေပြီဖြစ်ကြောင်း ကြားသိရပါသည်။ ရွှေဆိုသော ရတနာကို နိုင်ငံတော်တော်များများတွင်ရှာဖွေတွေ့ရှိနိုင်သော်လည်း စိန်ဆိုသော ရတနာပစ္စည်းသည် ရွှေကဲ့သို့မဟုတ်ပေ အထက်တွင်ဖော်ပြခဲ့သော နိုင်ငံအနည်းအကျဉ်းလောက်မှာသာ ရှာဖွေတွေ့ရှိနိုင်သောပစ္စည်းဖြစ်ပါသည်။ စိန်ကိုစတင်တွေ့ရှိစဉ်အခါက အဖြူရောင်တစ်မျိုးတည်းကိုသာတွေ့ ရှိခဲ့ကြသော်လည်း ယခုအချိန်တွင် စိန်ကိုအရောင်အသွေကိုစုံလင်စွာဖြင့် ရှာဖွေတွေ့ရှိလာခဲ့ကြပြီဖြစ်ပါသည်။ ထိုကာလာများကိုဖော်ပြရလျှင် အ၀ါရောင် အညိုရောင် မီးခိုးရောင် အပြာရောင် အစိမ်းရောင် အနက်ရောင် ပန်းရောင် မရမ်းရောင် လိမ္မော်ရောင် ခရမ်းရောင် အနီရောင် ဟူ၍အရောင်များစွာကို ရှာဖွေတွေ့ရှိလာခဲ့ပြီဖြစ် သည်။ နောက်တစ်ချက်အနေဖြင့် စိန်ဟူသောကျောက်ရိုင်း တစ်ပွင့်ဖြစ်လာဖို့ရာအတွက် “ဟို……လွန်ခဲ့သော နှစ်ပေါင်းမီလီယမ် (Million) ဒါမှမဟုတ် နှစ်ဘီလီယမ် (Billion) ပေါင်းများစွာလောက်က ကမ္ဘာမြေပြင်ကြီး၏ အောက် မိုင်တစ်ရာနှင့် တစ်ရာကျော်ဝန်းကျင်လောက်ရှိသောနေရာတွင် သန့်စင်သောကာ ဘွန်ကျောက်များကို အလွန်အင်အား ပြင်းလှသောအပူရှိန်များ၏ ဓာတ်သတ္တိများနှင့် အလွန်ပြင်းထန်သော ကမ္ဘာ့ဖိအားများကြောင့် ကာလာမရှိသောစိန်ရိုင်းကျောက်များအဖြစ် ရောက်ရှိစေခဲ့သည်” ဟု ပညာရှင်များ၏ မှတ်တမ်းများတွင်လေ့လာ ဖတ်ရှုရပါသည်။ လောကမှာ အမာကြောဆုံးအရာကိုညွှန်ပြပါဟုဆိုလာလျှင်လည်း စိန်ကိုသာညွှန်ပြရမည် ဖြစ်ပါသည်။ ထိုသို့သောအချက်တွေကြောင့်ပင် ရတနာဆိုသောအရာသည် နေရာတိုင်းမှာရှာဖွေ၍မတွေ့ရှိနိုင် သလို လွယ်လွယ်ဖြင့်လည်းမရရှိနိုင်ပေ ထွက်ပေါ်လာဖို့ရာလည်း အလွန်တရာမှခဲရင်းလှ၏။ ပေါ်ထွက်လာလျှင် လည်း ထိုရတနာနှင့်ထိုက်တန်သောကံရှိ သူများသည်သာ ၀တ်ဆင်ခွင့်ပိုင်ဆိုင်ခွင့်များကိုရရှိနိုင်ကြပေသည်ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်ကြားတော်မူခဲ့ပါသည်။ သို့သော်ငြားလည်း လောကလူသားတိုင်းသည် ပုထုဇဉ်သဘာဝအရ ရတနာတွေကိုအမြတ်တနိုးတန်ဖိုးထားကြသလို ရယူပိုင်ဆိုင်လိုစိတ်တွေလည်းအနည်း နှင့်အများ ဆိုသလိုရှိကြသည်ဟုဆိုလျှင် လွန်မည်မထင်ပေ။ ထိုရယူပိုင်ဆိုင်လိုသော လောဘတဏှာကြောင့် အချို့အချို့သောလူများသည် သမ္မာအာဇီဝဖြင့် ရွှေငွေစိန်ကျောက်စသောရတနာပစ္စည်းတွေကို ရအောင်ရှာဖွေ စုဆောင်းတတ်ကြသလို အချို့အချို့သောလူများကတော့ မိစ္ဆာဇီဝဖြင့် ရွှေငွေစိန် ကျောက်စတဲ့ရတနာပစ္စည်း တွေကို နည်းမျိုးစုံသုံး၍ရအောင်ရှာဖွေစုဆောင်းကြ၏။ ထိုသို့ရှာဖွေကြသူများတွင် ရသူတွေရှိသကြလို မရသူ များလည်းရှိကြ၏။ အဘယ့်ကြောင့်နည်းဟူမူ ရတနာဆိုသောပစ္စည်းသည်ကား ထိုက်မှရယူနိုင်သောပစ္စည်း ဖြစ်သောကြောင့်ဖြစ်သည်။ မရရှိသော သူများသည် စိတ်ဆင်းရဲ စိတ်ဓာတ်ကျဝမ်းနည်းမှုတွေဖြစ်ကြရသကဲ့သို့ ရယူပိုင်ဆိုင်ခွင့်ရှိသူများအနေဖြင့် ပျော်ရွှင်မှု မော်ကြွားမှုတွေ စိတ်ဓာတ်တက်ကြွမှုစသော ကိလေသာ စိတ်တွေ ဖြစ်လာကြ၏။
ထိုအကြောင်းကိုပင်ဘုရားရှင်က အင်္ဂုတ္တရနိကာယ် န၀ကနိပါတ် သတ္တ၀ါသ၀ဂ် တဏှာမူလကသုတ် တော်မှာ တဏှာအရင်းခံရှိသော တရား(၉)ပါးကို ဟောတော်မူခဲ့ပါတယ်။ ဒီတရား(၉)ပါးမှာ “ရယူပိုင်ဆိုင်လို ခြင်းဆိုတဲ့ တဏှာကိုအကြောင်းပြုပြီးတော့ ရှားမှီးခြင်းဖြစ်တယ်။ ရှာမှီးခြင်းကိုအကြောင်းပြုပြီးတော့ ရရှိခြင်းဖြစ် တယ်။ ရရှိခြင်းကိုအကြောင်းပြုပြီးတော့ ဆုံးဖြတ်ခြင်းဖြစ်တယ်။ (ဆိုလိုသည်မှာ ရရှိလာသော ဥစ္စာပစ္စည်းပေါ်မှာ အလိုရှိတာ အလိုမရှိတာ လှတာမလှတာ ကောင်းတာမကောင်းတာတွေကိုကြံစီဆုံးဖြတ်ခြင်း ရရှိလာသော ဥစ္စာပစ္စည်းတွေအပေါ်မှာ ဒီဟာကကရူပါရုံတွေခံစားဖို့ ဒီဟာကသဒ္ဒါရုံတွေခံစားဖို့စသည်ဖြင့် အာရုံငါးပါး ကာမဂုဏ်တရားတွေခံစားဖို့ရာ စီမံဆုံးဖြတ်ခြင်းနှင့် ဒီဟာကငါ့အတွက် ဒီဟာကသူတစ်ပါးတွေအတွက် ဒီဟာကသုံးဖို့စွဲဖို့ ဒီဟာကသိမ်းဆည်းထားဖို့ စသည်ဖြင့်စီမံဆုံးဖြတ်ခြင်းကိုဆိုလိုပါသည်ဟု အဋ္ဌကထာဆရာက ဖွင့်ဆိုထားပါတယ်) ဆုံးဖြတ်ခြင်းကိုအကြောင်းပြုပြီးတော့ ဆန္ဒရာဂဖြစ်တယ်။ ဆန္ဒရာဂကို အကြောင်းပြု ပြီးတော့ ငါ ငါ့ဟာဟူသော အားကြီးသောဆုံးဖြတ်ခြင်းဖြစ်တယ်။ ငါ ငါ့ဟာ ဟူသောအားကြီး သောဆုံးဖြတ်ခြင်း ကိုအကြောင်းပြုပြီးတော့ သိုမှီးသိမ်းဆည်းခြင်းဖြစ်တယ်။ သိုမှီးသိမ်းဆည်းခြင်းကို အကြောင်းပြုပြီးတော့ မနာလိုဝန်တိုမှု“ဣဿာမစ္ဆရိယ” ဖြစ်တယ်။ မနာလိုဝန်တိုမှု “ဣဿာမစ္ဆရိယ” ကို အကြောင်းပြုပြီးတော့ စောင့်ရှောက်ခြင်းတွေဖြစ်လာတယ်။ စောင့် ရှောက်ခြင်းကိုအကြောင်းပြုပြီးတော့ တုတ် ဓားစသောလက်နက် တွေကို ကိုင်ဆောင်ခြင်း ခိုက်ရန်ဖြစ် ခြင်းငြင်းခုံခြင်း စကားများခြင်း နင်ပဲ ငါပဲစသည်ဖြင့်ရိုင်းစိုင်းစွာ ပြောဆိုခြင်း ကုန်းတိုက်ခြင်း အမှားပြောခြင်းစတဲ့ များစွာကုန်သောအကုသိုလ် တရားတွေကိုဖြစ်ပွါးစေသည်” ဟု ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တရနိ ကာယ်တွင်ဟောတော်မူခဲ့၏။ ထိုအချက်များကိုကြည့်သောအားဖြင့် “မရှိတောင်းတ ရှိကြောင့်ကြ” ဆိုသော လောကစကားအတိုင်း လောကလူသားများသည် ဥစ္စာပစ္စည်းများမရှိ လျှင်လည်း ရှိလာအောင်လိုလားကြ တောင်းတကြ၏ ရရှိလာကြပြန်လျှင်လည်း ခိုးသူစသောရန်သူမျိုးငါးပါး ၀င်ရောက်နှောက်ယှက်ဖျက်ဆီးမည့်အ ရေးကို စိုးရိမ်ကြောင့်ကြပူပန်မှုများ ဖြစ်ကြရပြန်၏။
ထို့ကြောင့် ရသူ မရသူဟူသော ထိုလူတန်းစားနှစ်ရပ်၏ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ဆန်းစစ်ကြည့်လိုက်သောအခါ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးများကိုလည်းတွေ့ရှိနေ ရပေသည်။ မရသူများအတွက်မှာမူ ပဌမဆုံးအနေဖြင့် “အလာဘော” လာဘ်မရခြင်းဆိုသောလောကဓံကို ခံစားကြရပါသည်။ စည်းစိမ်ဥစ္စာမရှိသောအခါ ဘ၀ကိုပင်ပင်ပန်းပန်းဖြတ်သန်းရသလို မိမိဆန္ဒရှိသော ကောင်းသောအလုပ်များကိုဆန္ဒရှိ သလောက်ပြုလုပ်ခွင့်မရရှိနိုင်ကြပေ။ မိမိရရှိထားသောလက်ရှိဘ၀လောက် နှင့်မတင်းတိမ်နိုင်ပါက လုယက်ခိုးဝှက် ခြင်းစသောမကောင်သည့်ဒုစရိုက်အလုပ်များကို ပြုလုပ်လာကြတော့၏။ အရေးအကြီးဆုံးအချက်သည် မိမိ၏လက်ရှိဘ၀ မိမိ၏လက်ရှိအခြေအနေကို အမှန်အတိုင်းသိရှိထားဖို့ပင် ဖြစ်သည်။ မိမိဘ၀အမှန်ကိုမသိပါဘဲ ချမ်းသာသူများ၏ ဘ၀တွေကိုအားကျအတုယူနေကြမည်ဆိုလျှင် ထိုသူတို့၏ထိုထို လုပ်ရပ်များသည် မတရားသောနည်းလမ်းများဖြင့်သာ ပစ္စည်းဥစ္စာများကိုရှာဖွေဖို့က ပို၍များလေ တော့၏။ တရားသောနည်းနှင့် ကျိုးစားရှာဖွေသူတို့ကား ရှိတောပါရှိ၏ သို့သော် ရှား၏ဟူ၍သာ ပြောရမည် ဖြစ်ည်။ သူတစ်ပါးတို့ မျက်ရည်ကြီးငယ်ကျပြီးမှ ကိုယ်အတွက်ချမ်းသာသုခကို ရမည်ဆိုပါလျှင် ထိုချမ်းသာသုခ သည် ချမ်းသာစစ်ချမ်းသာမှန်မဟုတ် ထိုချမ်းသာသုခ၏နောက်ကွယ်တွင် ဖြစ်ပေါ်လာမည့် အကျိုးရလဒ်များ ကား မိမိအတွက်လည်းအန္တရာယ်များစွာရှိလာနိုင်၏ ထိုအန္တရာယ်တို့မှလွတ်မြောက်ဖို့ရန် လည်းခဲရင်းလှ၏။ ထို့ကြောင့်ပင် “ပရ ဒုက္ခူပဒါနေန၊ အတ္တနော သုခမိစ္ဆတိ။ ဝေရာ သံသဂ္ဂ သံသဋ္ဌော၊ ဝေရာသော န ပရိမုစ္စတိ”ဟု ခုဒ္ဒကနိပါတ ဓမ္မပဒပါဠိတော် ကုက္ကုဋအဏ္ဍခါဒိက၀တ္ထု၌ ဘုရားရှင်ဟော ကြားတော်မူခဲ့ပေသည်။ လာဘ်မရသူများအနေနှင့် မိမိတို့၏ ဘ၀ပေးအကုသိုလ်ကံကိုကောင်းစွာ သဘော ပေါက်နားလည်ပြီးလျှင် “ရှေးကဆိုးလို့ အခုဆိုးပါသည် အခုဆိုးနောင်ဆိုးပါလိမ့်မည်” ဆိုသောစကားအတိုင်း ရှေးအတိက်ကံကြောင့် ယခုဘ၀မှာ ဆင်းတောင့်ဆင်းရဲနေထိုင်နေရသည်ကို နားလည်သဘောပေါက်ကာ နောင်ဘ၀ကောင်းစားရေး အတွက် ယခုလက်ရှိဘ၀မှာ မိမိအတွက်နှင့် သူတစ်ပါးတို့ဒုက္ခရောက်မည့်အလုပ် မျိုးတွေကို မလုပ်မိအောင် ဆင်ခြင်နေထိုင်ကာ မိမိတတ်စွမ်းသလောက် စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအမှုများကို ပြုလုပ်နေထိုင်ကြပါလျှင် နောက်နောင်ဘ၀သံသရာ များစွာဝယ် ဆင်းရဲတွင်းကလွတ်မြောက်နိုင်ကြပေလိမ့် မည်။ အချုပ်ဆိုရသော် ဆင်းရဲ သူလူတန်းစားဖြစ်စေ ချမ်းသာသူလူတန်းစားဖြစ်စေ သန္တုဋ္ဌီမင်္ဂလာနှင့်ပြည့်စုံဖို့က အင်မတန်မှအရေးကြီးလှ ပေသည်။ သန္တုဋ္ဌီမင်္ဂလာကို မလိုက်နာနိုင်လျှင်တောင် အန၀ဇ္ဇကမ္မမင်္ဂလာကိုတော့ ကောင်းမွန်စွာလိုက်နာ ကျင့်သုံးနေထိုင်သင့်ကြပေသည်။ သို့မှသာ ဤကမ္ဘာလောကကြီးအတွင်း၌ ကိုယ့်ဘ၀ ကိုယ့်မိသားစု ကိုယ့်အသိုင်းအ၀ိုင်း အသက်ဆက်လက်ရှင်သန်နေထိုင်ဖို့ရာအတွက် တခြားသောသူများ၏ ဘ၀များကို မထိခိုက်မဆုံးရှုံး အောင်နေထိုင်သွားမည်ဆိုသည့်အသိစိတ်က မိမိနှလုံးသားမှာထာဝရ ရှင်သန် နေမှာဖြစ်ပေသည်။ ထိုသန္တုဋ္ဌီစိတ်ထား အန၀ဇ္ဇကမ္မစိတ်ထားတို့ဖြင့် နေထိုင်ကြမည်ဆိုလျှင် အရာရာကို မစွန့်လွတ် နိုင်သေး၊ ရည်ရွယ်ချက်များ ထမြောက်အောင်မှုမရရှိသေးသော်လည်း ဘ၀ရှင်သန်ရေးအတွက် သန့်သန့်ရှင်းရှင်း အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေထိုင်သွားနိုင်ကြမည်ဖြစ်သည်။ ဤကဲ့သို့ မစောင့်စည်း နိုင်ခဲ့ပါလျှင် ထိုသူတို့၏ဘ၀များသည် ပင်လယ်ပြင်ကဆားငန်ရေသောက်မိသူပမာ “သောက်လေ သောက်လေငတ်မပြေသို့” ဆိုသည့်စကားလို ရလေလိုလေဖြစ်ကာ လောဘနောက်သို့ကောက် ကောက်ပါ အောင်လိုက်နေကြရ ပေလိမ့်မည်။
ရသူများအတွက်မှာမူ “ လာဘော ” လာဘ်ရခြင်းဟူသော ကောင်းသည့်လောကဓံတရားကို ခံစားကြ ရပါသည်။ ထို့နောက် မိမိတို့ဆန္ဒရှိသော ကောင်းသောအလုပ်များကိုဆန္ဒရှိသလောက်ပြုလုပ်ခွင့်ရကြ သလို မကောင်းသည့်အလုပ်များကိုလည်းလုပ်ခွင့်ရကြလေတော့၏။ လူ၏သဘောကလည်း မကောင်းသည့်အာရုံတွေ အပေါ်မှာသာမွှေ့လျှော်တတ်ကြသည်ကများလေသောကြောင့် စည်းစိမ်ဥစ္စာကြွယ်ဝသူလူအများစုသည် ကုသိုလ် ကောင်းမှုလုပ်ငန်းများတွင် မိမိတို့၏စည်းစိမ်ဥစ္စာများကို အသုံးမပြုလေ့မရှိကြဘဲ မကောင်းသည့် လုပ်ငန်းများ ၌သာ အသုံးပြုကြသည် ကများလေသည်။ ထို့ကြောင့်ပင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ပါပသ္မိံ ရမတိ မနော” ဟု ဟောတော်မူခဲ့ခြင်းဖြစ်သည်။ သေချာစွာစဉ်းစား ကြည့်ကြမည်ဆိုလျှင် ဘ၀မှာထိုပျော်ရွှင် မှုမျိုးများကို မည်မျှအထိပျော်နိုင်ကြပါမည်လဲ သက်တန်းဘယ်မျှအထိပျော်နိုင်ကြမည်လဲ ဘယ်အရွယ်လောက် ထိပျော်နိုင်ကြပါမည်လဲဆိုတာကိုဆင်ခြင်တွေးတောသင့်ပေသည်။ မိမိတို့၏ စိတ်ဆန္ဒအလျှောက် ငါးဖြာအာရုံ ကာမဂုဏ်များကို ပုထုဇဉ်သဘာဝခံစား ပျော်ပါးနေကြစဉ်မှာ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားကြသူကား အလွန်ပင်ရှားပါးလွန်းလှ၏။ ထိုပျော်ပါးမှု၏နောက် ကွယ်တွင် ဆိုးကျိုးများက အလွန်ပင်များလှသည်။ မလိုမုန်းထားသူပေါများခြင်း ရန်ငြိုးထားသူများခြင်း စီးပွါးရေးကြီးပွါးရေးလာဘ်လာဘ များတဖြည်းဖြည်းလျှော့ကျလာခြင်း စိတ်ချမ်းသာမှုမှကင်းဆိတ်ခြင်း ပတ်ဝန်းကျင်တွင်မျက်နှာပန်းမလှခြင်း အရှက်ရတတ်ခြင်း မိမိချစ်သူနှင့်ကွဲကွာတတ် ခြင်းစသော ပစ္စုပ္ပန်ဆိုးကျိုးများကိုရရှိတတ်သလို အမျိုးယုတ်၌ ဖြစ်ခြင်း နပုံးပဏ္ဍုတ်ဖြစ်ခြင်းစသော သံသရာအတွက်ဆိုးကျိုးများစွာကိုလဲရရှိနိုင်ပေသည်။ ထိုမျှမကသေး မိမိကသတိလက်လွတ် မဆင်မခြင် အပျော်လွန်မိပြန်လျှင်လည်း ထူးခြားဆန်းပြားလှသည့်ယခုခေတ်ဖြစ်ပေါ် နေသောရောဂါဘယများ ကလည်း မိမိသာမက မိမိ၏မိသားစုကိုပင်ဘ၀ပျက်သွား စေနိုင်သည့်ကြောက်စရာ ရောဂါဆိုးရောဂါဆန်းများဖြစ်သည်။ “အသွားမတော်တော့တစ်လှမ်း အစားမတော်တော့တစ်လုပ်” ဆိုသည့် စကားလို ယခုခေတ်ကာလသည် စားသတိသွားသတိဟု နေရာတိုင်းတွင်သတိထားပါမှ တော်ကာကျမည့်ခေတ် ကြီးဖြစ်သည်။ “မနုဿတ္တဘာဝေါ ဒုလ္လဘော” ဆိုသည့်စကားအတိုင်း လူ့ဘ၀ဟူသည် အလွန်အင်မတန်မှ ရခဲလှသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ခက်ခဲစွာရရှိလာသော လူ့ဘောင်လူ့ဘ၀ဆိုတာကို သံသရာနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုပြန်ရင်လည်း ခဏမှ တစ်ကယ့်ကိုခဏလေးဖြစ်သည်။ ထို့ကြောင့် ရခဲလှသောလူဘ၀ ကိုရစဉ်အခိုက်အတန့်မှာ “လသာတုန်း ဗိုင်းငင်” ဆိုသည့်စကားလို အနှစ်သာရရှိသော ဘ၀တန်ဖိုးများကို အမိအရယူသင့်ကြ၏။ ထိုသို့မဟုတ်ပါဘဲ တရားသဘောအရ မိမိတို့တကယ်မပိုင်ဆိုင်သောရွှေငွေဥစ္စာရတနာ များကို အလွန်အမင်းပိုင်ဆိုင်သည်ဟုအထင်ရောက်နေပါလျှင် မိမိတို့ကရွှေငွေဥစ္စာပစ္စည်းများအပေါ် တန်ဖိုး ထားမှုလွန်ကဲနေပါလျှင် ရွှေငွေဥစ္စာပစ္စည်းတို့၏ ကဲ့ရဲ့လှောင်ပြောင်ရယ်မောခြင်းကိုခံရလိမ့်မည်ဟု စိန္တကျော်သူ ဦးသြ၏ သြ၀ါဒထူးပျို့ဆုံးမစာ ပိုဒ်ရေ ၁၅ တွင် ဤသို့စပ်ဆိုဆုံးမထားပါသည် “ငါ့ဝယ် ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်ကို၊ ဧည့်ဆိုက်မျှသာ၊ တည်းခိုပါရှင့်၊ ငါးဖြာရန်သူ၊ ယူလှည့်တို့ပါ၊ သေမင်းခွာလည်း၊ သင့်ရာအလျှောက်၊ တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ ဖြစ်ချင်းလွန်းလှ၊ လွန်းမင်းစွဟု၊ ဒေါသချီချယ်၊ ရွှေငွေရယ်သည်၊” ဟု ဆုံးမစာကို ရေးသားခဲ့ပါသည်။ တစ်ကယ်တော့လောကကြီးက သူ့ပတ်ဝန်းကျင် တွင်နေထိုင်လျှက်ရှိကြသော သက်ရှိသတ္တ၀ါအားလုံးကို အမြဲတန်းသင်္ခန်းစာများ ပေး၍ဆုံးမလေ့ရှိပါသည်။ လောက၌ “သတိမမူတော့ ဂူမမြင် သတိမူတော့ မြူတောင် မြင်၏” ဆိုသည့်စကားအတိုင်း ထိုသင်္ခန်းစာတို့ကို သတိဖြင့်ဆင်ခြင်ကြည့်ရှု့သူများသာ မြင်တွေနိုင်ကြ ပေသည်။ သတိကင်းလွတ်သူတို့အတွက်မှာမူ မြင်တွေ့နိုင်မည်မဟုတ်ပေ။ မှန်၏ လောကအတွင်း၌ရှိသော ရွှေသူဌေး စိန်သူဌေး ငွေသူဌေးတို့သည် သူတို့အသက်ရှင်စဉ်ကာလမှာ မည်မျှပင်ဥစ္စာပစ္စည်းပေါများပါစေ မည်သို့ပင်ဥစ္စာ ပစ္စည်းပိုင်ဆိုင်ပါစေ သူတို့သေဆုံးသွားကြသည့်အခါ ထိုပစ္စည်းများထဲမှ မြူမှုံမျှလောက်ကိုပင် သူတို့နှင့်တစ်ပါတည်းယူဆောင်၍မသွားနိုင်ကြပေ။ ဆင်းရဲသူလူတန်းစားတို့လည်း ထိုနည်းတူစွာပင် မည်သည့် ဥစ္စာပစ္စည်းကိုမျှယူဆောင်၍မသွားနိုင်ကြပေ။ တစ်ကယ်တန်းယူဆောင်သွားကြရသည်က မိမိတို့ပြုလုပ်ခဲ့ကြ သော ကုသိုလ်ကံ နှင့် အကုသိုလ်ကံတို့သာဖြစ်သည်။ ထိုကုသိုလ်ကံနှင့် အကုသိုလ်ကံတို့သည် မိမိ၏ ဘ၀သံသရာခရီးတွင် သွားလေရာတိုင်း၌ အရိပ်ပမာလိုက်ပါနေမည့်တရားများပင်ဖြစ်သည်။ သို့သော် ကုသိုလ်ကံက ဘ၀အတွက်ချမ်း သာကိုဆောင်ကြဉ်းပေးသော်လဲ အကုသိုလ်ကံသည်ကား ဆင်းရဲဒုက္ခများကို ဆောင်ကြဉ်းပေးပေလိမ့်မည်။ တကယ်တမ်းဥပမာပေးရလျှင် ကုသိုလ်ကံဟူသည် ထောပတ်ဆီဦးနှင့်တူ ပါသည်။ အကုသိုလ်ကံသည်ကား ကြောက်ခဲနှင့်တူသလို ဘ၀ခန္ဓာကြီးက အိုးနှင့်တူ၏။ ထောပတ်တို့၏ သဘာဝကား ရေပေါ်၌သာတက်လာ ရိုးထုံးစံရှိသည် ရေအောက်၌မြုပ်ရိုးထုံးစံမရှိပေ ကျောက်ခဲတို့၏သဘော သည်ကား ရေအောက်၌သာမြုပ်ရိုးထုံးစံရှိ၏ ရေပေါ်၌ပေါ်ရိုးထုံးစံမရှိပေ။ ထိုကြောင့် ဘ၀ခန္ဓာတည်းဟူသော အိုးကြီးအတွင်းဝယ် ကုသိုလ်နှင့်တူသောထောပတ်များထည့်ထားပါက သက်တန်းကုန်ဆုံး၍ ဘ၀ခန္ဓာအိုးကြီး နစ်မြုပ်သွားချိန်တွင် ကုသိုလ်တရားတို့က မိမိဘ၀ကို သုဂတိဟုခေါ်သော အထက်အထက်ဘုံဘ၀တို့၌သာ ရောက်စေတတ်၏ အောက်အောက်ဒုဂ္ဂတိဘုံဘ၀တို့သို့ မရောက်စေနိုင်။ ထိုသို့မဟုတ်ပါဘဲ မိမိခန္ဓာကိုယ် အတွင်း၌ ကျောက်ခဲနှင့်တူသောအကုသိုလ်တရားများ ထည့်သွင်းထားပါက အောက်အောက်ဒုဂ္ဂတိဘုံဘ၀များ သို့သာရောက်စေပါလိမ့်မည် သုဂတိဘ၀တို့သို့ဘယ်သောအခါမှရောက်စေနိုင်မည်မဟုတ်ပေ။ အမှန်စင်စစ် ကုသိုလ်ဆိုသောတရားသည် ဘ၀၏အနှစ်သာရ အရှိဆုံးတရားဖြစ်သည်။ မိမိပိုင်ဆိုင်ပါသည်ဆိုသည့်ရွှေငွေစိန် ကျောက်စသော ပစ္စည်းဥစ္စာများ နှင့် အကုသိုလ်တရားများကား ဘ၀၏ အကာသက်သက်အနှောက်အယှက် ပင်ဖြစ်တော့၏။
ထို့ကြောင့်လောက၌ အနှစ်ကို အနှစ်ဟုမြင်တတ်ဖို့လိုသလို အကာကိုလည်း အကာဟုမြင်အောင် ကြည့်တတ်ဖို့ အရေးကြီးလှပေသည်။ အနှစ်ကို အကာဟုထင်ပြီး အကာကိုအနှစ်ဟုထင်နေလျှင်ကား အတွေးမှားအမြင်မှားများကြောင့် အနှစ်စစ်အနှစ်မှန်ကို ဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ပေ။ အနှစ်ကိုအနှစ် ဟုမြင်တတ်ပြီး အကာကိုလည်း အကာဟုမြင်တတ်မှသာ အတွေးမှန်အမြင်မှန်များဖြင့် ဘ၀၏အနှစ်သာရများကို ရရှိနိုင်ကြပေမည်။ ထိုအနှစ်သာရရှိသော ဘ၀တန်ဖိုးများကို အမိအရယူနိုင်ဖို့ဆိုသည်မှာလည်း လူ့ဘ၀၏အဓိက တာဝန်တွေကိုစောင့်ထိန်းကျင့်သုံး နေထိုင်ဖို့အထူးလိုအပ်လှ၏။ ဗုဒ္ဓ၏ ဒေသနာတော်များ၌လည်း လူ့ကျင့်ဝတ် လူ့သိက္ခာကိုစောင့်ထိန်းခြင်းဟူသည်မှာ လောက၌ “အဓမ္မ” က “ဓမ္မ” အပေါ်မလွှမ်းမိုးနိုင်အောင် အားထုတ် ခြင်းပင်ဖြစ်သည်ဟုတွေ့ရ၏။ ထိုသို့အားထုတ်ခြင်းအားဖြင့် မိမိ၏စည်းစိမ်ဥစ္စာတွေဆုံးရှုံးချင်လည်းဆုံးရှုံးသွား နိုင်ပါသည်။ မိမိ၏ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း ဆုံးရှုံးကောင်းဆုံးရှုံးသွားနိုင်ပါသည်။ နောက်ဆုံး မိမိ၏အသက်သည် ပင်ဆုံးရှုံးသွားချင်လည်း ဆုံးရှုံးသွားပေလိမ့်မည်။ သို့ရာတွင် မည်သို့ပင်ဆုံးရှုံးသွားစေကာမူ မိမိ၏တာဝန်ကို စွန့်လွှတ်ခြင်းမပြုအပ်သလို မိမိ၏တာဝန်ကိုရှောင်လွှဲခြင်းလည်း မပြုအပ်။ ဤသည်ကိုပင် သတ္တိရှိခြင်း ဟုခေါ်ဆိုရ၏။ လောကတာဝန်ကိုကျေပွန်ခြင်းဟု၍လည်းခေါ်ဆိုရ၏။ “အဓမ္မ” က “ဓမ္မ” အပေါ် မလွှမ်းမိုးနိုင်အောင်အားထုတ်ခြင်းဟူသည်မှာ ဤလောက၌ ဒုစရိုက်တရား များကင်းဝေးပြီး သုစရိုက်တရားများ ထွန်းကားလာအောင် အားထုတ်ခြင်းပင်ဖြစ်၏။ ဤသို့အားထုတ်ရန်လည်း ဆင်းရဲသူလူတန်းစား၌သာတာဝန်ရှိ ဆောင်နိုင်ရန်အတွက် လူ့လောက၌လူလာဖြစ်ရခြင်းဖြစ်၏။ လူ့လောက၌လူလာဖြစ်လာရလျှင် ဘ၀ကပေးသော ဘ၀ပေးတာဝန်တွေကို ဆောင်ရွက်ကြမည်မှာ လူ့ဓမ္မတာပင်ဖြစ်သည်။ လူဓမ္မတာအရ လူ့တာဝန်ကိုဆောင်ရွက် ရာတွင် မလုပ်သင့်သည်များကိုမလုပ်ပဲနေရဲခြင်း နှင့် လုပ်သင့်သည်များကို လုပ်ရဲခြင်းမှစရ၏။ မည်သည့်လုပ် ငန်းများသည် လုပ်သင့်သောလုပ်ငန်းများဖြစ်၍ မည်သည့်လုပ်ငန်းများသည် မလုပ်သင့်သောလုပ်ငန်းများဖြစ် သည်ကိုဆုံးဖြတ်ရာ၌ “အတ္တ” နည်းပါးမှုနှင့် “အတ္တ” ကြီးထွားမှုပေါ်မှာ အခြေခံ၍ဆုံးဖြတ်ရ၏။
အတ္တနည်းပါးလာသောအခါ မိမိအတွက် ပစ္စည်းဥစ္စာရရှိလိုမှုကိုလည်း မငဲ့ကွက်။ မိမိအတွက် အများ၏ အသိအမှတ်ပြုခံရခြင်းကိုလည်း မငဲ့ကွက်။ မိမိ၏ ထင်ပေါ်ကျော်ကြားမှုကိုလည်း မငဲ့ကွက်တော့ပေ။ ဤနေရာ၌ ပစ္စည်းဥစ္စာ ရရှိမှုကို “လာဘ” ဟုခေါ်၏။ အများ၏ အသိအမှတ်ပြုခံရမှုကို “သက္ကာရ” ဟုခေါ်၏။ ထင်ပေါ်ကျော် ကြားမှုကို “သိလောက” ဟုခေါ်၏။ အတ္တသည် တဏှာဖြင့် စွဲယူထားသော အတ္တလည်းရှိ၏။ မာနဖြင့်စွဲယူထား သော အတ္တလည်း ရှိ၏။ ဒိဋ္ဌိ ဖြင့် စွဲယူထားသော အတ္တလည်းရှိ၏။ ထို အတ္တ သုံးမျိုးလုံးသည်ပင် စစ်မှန်သော ချမ်းသာကိုအန္တရာယ်ပေးသည့် ပဓာန အန္တရာယ်များပင်ဖြစ်သည်။ ထိုတရားတို့သည် သောက နှင့် ပရိဒေ၀ တို့ကို ဖန်ဆင်းသူဖြစ်သလို ဒုက္ခ နှင့် ဒေါမနဿတို့၏ အခြေခံအုတ်မြစ်လည်းဖြစ်၏။ လာဘ သက္ကာရ သိလောကတို့ကို မိမိအတွက် ဦးစာပေး၍ စဉ်းစားသောအခါ မိမိကိုယ်ကိုချီးမြှောက်ခြင်းဆိုသော အတ္တသင်္ဂဟ မည်၏။ အတ္တသင်္ဂဟဟူသည် လောဘကြီးပွါးမှုအပေါ် အခြေခံမှဖြစ်၏။ ထိုသို့မဟုတ်ပါဘဲ လောကကို ချီးမြှောက်ခြင်း လောကသင်္ဂဟအတွက် အနစ်နာခံပြီး မိမိ၏ကိုယ်ကျိုးကိုစွန့်လွှတ်ပါက လူတစ်ယောက်အနေ ဖြင့် လူ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်သည်မည်၏။ ဤသို့လူ့တာဝန်ကိုကျေပွန်စွာထမ်း ဆောင်ခြင်း သည် “လောဘ” ခေါင်းပါးမှုအပေါ် အခြေခံမှဖြစ်၏။ လောဘ တရားတွေခေါင်းပါးလာမှုကိုပင် အလောဘ ဟုခေါ်၏။ လူတိုင်းလူတိုင်းသာ မိမိ၏ကိုယ်ကျိုးကို အနစ်နာခံစွန့်လွှတ်ပြီး လောကအတွက် ဦးစာပေး၍ ဆောင်ရွက်ကြမည် ဆိုပါလျှင် ဤလောကဤလူ့ဘုံသည် နတ်ဘုံနှင့်မခြား ပျော်ရွှင်ဖွယ်ရာများနှင့် သာယာလှပနေပေလိမ့်မည်။ ထိုသို့မဟုတ်ပါဘဲ လူတိုင်းလူတိုင်းသည် လောကအကျိုးထက် မိမိတို့၏ ကိုယ်ကျိုးကိုသာရှေ့တန်းတင် ဆောင် ရွက်ကြမည်ဆိုပါလျှင် ဤလောက ဤလူ့ဘုံကြီးသည် ဒုက္ခအတိပြီးသော ငရဲဘုံနှင့်မခြား အမြဲတစေ ဒုက္ခတွေ ပယ်လယ်ဝေနေပေလိမ့်မည်။ ထို့ကြောင့် လောဘအရင်းခံ၍ ရွှေငွေစိန်ကျောက်စသောရုပ်ဝတ္ထုပစ္စည်း တို့အပေါ်၌ တန်ဖိုးထားမှုများကို အတတ်နိုင်ဆုံးနည်းနိုင်သမျှ နည်းပါးအောင်ကျင့်ဆောင်ကြမည်ဆိုပါလျှင် တစ်ချိန်တွင် အကာကိုလည်း အကာမှန်းသိ အနှစ်ကိုလည်း အနှစ်မှန်းသိလျှက် အသာရဆိုသောအနှစ်မဲ့တရား များကိုဖယ်ရှားကာ သာရဟုခေါ်သော အနှစ်ရှိသောတရား များကို ထုတ်ယူနိုင်ကြမည်မှာအမှန်ပင်ဖြစ်ပေတော သည်။
မောင်သီ (မြင်းမူ) 02.08.2011
read more “လောကီလောကုတ္တရာ ရတနာများ၏တန်ဘိုးနှင့် အနှစ်သာရ ရလဒ်ကို ရှာဖွေကြည့်ခြင်း”

ပဲခူးရေဘေးအတွက် သီတဂူ မေတ္တာ ကရုဏာ အလှူတော်
0 commentsယနေ့ (၁၄-၀၈-၂၀၁၁) ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ ဘုရားကျောင်း ကန်များ နေအိမ်များတွင် အလှူဒါနများကို တတ်နိုင်သမျှ ပြုလုပ်ကြသလို သဘာဝ ရာသီဥတု ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြသော ပဲခူး ပြည်သူတွေအတွက် သီတဂူ သာသနာပြုအဖွဲ့ဝင် အချို့က အလှူဒါနလေးအကြောင်းကို တင်ပြချင်ပါသည်၊
အခုကဲ့သို့ မိုးတွေ နေ့စဉ်ရက်ဆက်ရွာ၊ မြစ်ရေ၊ ဒီရေတက်ချိန်ဖြစ်သောကြောင့် မြန်မာပြည်နေရာ အတော်များများမှာ ရေကြီးမှု့တွေ ဖြစ်ပေါ်နေပါတယ်။ ရေလွှမ်းမိုးတာ ခံကြရတဲ့ ပြည်သူတွေအတွက် နေရေး၊ ၀တ်ရေး၊ စားရေးတွေ အတော်လေးကို ခက်ခဲနေကြရပြီး နေစရာ၊ ၀တ်စရာ၊ စားစရာတွေမှာ ရေတွေနစ်မြှူပ် ခံနေကြရသော လူတွေအတွက် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီ ကယ်ဆယ်စောင့်ရှောက်နေကြပါသည်။
ထိုကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်နေသော ပဲခူးမြို့ ဥဿာ မြို့သစ်ရှိ ၀ိသိဇ္ဖကကျောင်းမှ ဆရာတော်ကြီးဖြစ်သော ဦးသူရိယထံမှ သတင်းရရှိသောကြောင့် သီတဂူသာသနာပြု အဖွဲ့ဝင် အချို့က အလှုငွေများ စုဆောင်းပြီး မေတ္တာ ကရုဏာအခါတော်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားရောက် လှူဒါန်းခဲ့ပါသည်။
နေ့လည် (၁၂)နာရီခန့်တွင် ရန်ကုန်မှ သီတဂူ သာသနာပြု အဖွဲဝင်အချို့နှင့်မိသားစုဝင်များ သည် ပဲခူးမြို့သို့ ထွက်ခွာကြပြီး ဦးဆောင်ဆရာတော်ရှိရာ ဥဿာမြို့သစ်ကျောင်းသို့ ဦးတည်သွားရောက်ကြ ပါသည်။ ဆရာတော်မှ အလှုရှင် မိသားစုများအား ခရီးရောက် မဆိုက် ခဏနားပြီး နေ့လည်စာ ထမင်းနှင့်မုန့်များကို တည်ခင်း ဧည့်ခံကာ အလှုရှင်များအား ရေကြီး၍ ဒုက္ခရောက်နေကြသော ပြည်သူများအကြောင်း ရှင်းလင်း မိန့်ကြားနေပါသည်၊ မိန့်ကြားရာတွင် ပဲခူးမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများ ၀င်ရောက်သောကြောင့် ထိုနေရာတွင် နေထိုင်ကြသော လူများသည် ရေဘေးလွတ်ရာသို့ ပြေးလာရကြောင်း ထိုရေးဘေး ဒုက္ခသည်များအတွက် ရေဘေး ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ကာ စောင့်ရှောက်ြကရကြောင်း၊ အခုလှူဒါန်းမည့် ကျိုက်ပွန်ဘုရား ကယ်ဆယ်ရေးစခန်းတွင် လူပေါင်း(၁၈၃၈)ယောက်ရှိကြောင်းကိုလဲ မိန့်ကြားသွားပါသည်။ ထို့နောက် ရရှိသော အလှူငွေ ပမာဏနှင့် မည်သို့လှုဒါန်း မည်ကို သီတဂူမှ ဦးသန်းလွင်၊ ဦးမြင့်အောင်၊ ဦးအောင်မြင့်သိန်းတို့နှင့်ညှိနှိုင်း တိုင်ပင်ကြလေသည်။ ရရှိသော အလှူငွေ သိန်း(၂၀) ဖြင့် သင့်တော်ရာကို စဉ်းစားတိုင်ပင်ကာ လှုဒါန်းရန် ဆုံးဖြတ်ကြပါသည်၊
ဆရာတော်မှ မိန့်ကြားသည်မှာ ဒီနေ့ ကယ်ဆယ်ရေး စခန်းတွင် တစ်နေ့တာ အဟာရ ထမင်းအလှု့ရှင် ရှိနေပါသည်၊ မနက်ဖန် (၁၅-၈-၂၀၁၁)အတွက် ထမင်းအလှု့ရှင် မရှိသေးသောကြောင့် ရရှိသောအလှုငွေထဲမှ တစ်နေ့တာ ထမင်းစရိတ် ခြောက်သိန်းကျော်ကို လှူဒါန်း အဟာရဒါနပြုရန် ဆုံးဖြတ်လိုက်ပါသည်၊ကျန်အလှုငွေများကို တကယ့်အသုံးဝင်ရန် အတွက်သာ အသုံးပြုလိုသည် နေရာ အတွက်သာ လှူဒါန်းလိုကြောင်း ဆရာတော်အားလျှောက်ထား တိုင်ပင်သောအခါ ဆန်များ လှုဒါန်းရန် ဆုံးဖြတ်ချက်ချပြီး ဆရာတော်မှ သူရဲ့ဆန်ကုန်သည် ဒကာကြီးထံ ဖုန်းဖြင့် ဆန်အိတ်ပေါင်း(၇၇) အိတ်ကို ၀ယ်ယူပြီး လူတစ်ဦးလျှင် ဆန်တပြည်နုံး လှုဒါန်းနိုင်ရန် စီစဉ်လိုက်ပါသည်၊ ဆန်ကုန်သည်မှလဲ သဒ္ဒါထက်သန်စွာ ကားခနှင့် ဆန်တပြည်ထဲ့ အိတ်များကိုပါ ပါဝင်လှူဒါန်းကာ ကုသိုလ်ယူခဲ့ပါသည်၊
ဆရာတော်နဲ့ ကျောင်းသံဃာများ အလှူရှင်များသည် ရေဘေးဒုက္ခသည်စခန်းဖွင့်ထားရာ ကျိုက်ပွန် စေတီတော်သို့ သွားရောက်ကြပြီး တာဝန်ယူစောင့်ရှောက်နေကြသော အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနဲ့ တိုင်ပင်ပြီး ဆန်များကို တပြည်တစ်အိတ်ထဲ့ကာ ကိုယ်တိုင်ကိုယ်ကျ ဝေငှ လှူဒါန်းခဲ့ ကြပါသည်၊ နောက်တစ်နေ့စာ အဟာရကိုလဲ ကျောင်းမှဆရာတော် ကိုယ်တိုင် စီမံ ကွပ်ကဲကာ ကျောင်းမှချက်ပြုတ် လှူဒါန်းပေးပါသည်။ ဆန်တွေဝေငှ ကြသောအခါတွင်လဲ ဆရာတော်ကိုယ်တိုင် စီးမံပြီး ကျောင်းသံဃာတော်များနှင့် လုပ်အားပေး လူငယ်များ က၀ိုင်းဝန်းကူညီကာ မေတ္တာ ကရုဏာ အလှူတော်လေး ကို ဖြစ်မြှောက်အောင် ၀ိုင်းဝန်းကုသိုလ် အတူတူ ယူကြသည်မှာ ပီတိ သောမနဿ ဖြစ်ရပါသည်၊
ပဲခူးမြို့တွင် ရေဘေး ဒုက္ခသည်များအတွက် သီတဂူ အဖွဲ့ဝင် အချို့မှ လှူဒါန်းငွေ စာရင်းလေးကို သဒ္ဓါပွားနိုင်အောင် ရေးသားပေးလိုက်ပါသည်၊
(၁) ဒေါ်စန်းနွဲ့ မိသားစု အလှူငွေ - ၁၅၀၀၀၀ ကျပ်
(၂) သီတဂူ ဒေါက်တာမြတ်သူ မိသားစု အလှူငွေ - ၁၀၀၀၀၀၀ ကျပ်
(အာရှတော်ဝင် )
(၃) သီတဂူ ဦးသန်းလွင် မိသားစု အလှူငွေ - ၃၀၀၀၀၀ ကျပ်
(၄) သီတဂူ ဦးမြင့်စိန် မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(လှဆန်းယဉ်)
(၅) သီတဂူ ဦးဝင်းအောင် မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(၆) သီတဂူ ဦးတင်အေး မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(၇) သီတဂူ ဦးအောင်မြင့်သိန်း မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(၈) သီတဂူ ဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် အလှူငွေ - ၁၀၀၀၀၀ ကျပ်
(သရုပ်ဆောင်) မိသားစု
(၉) သီတဂူ ဦးပီကေဆင်း မိသားစု အလှုငွေ - ၅၀၀၀၀ ကျပ်
တို့ကို သဒ္ဓါထက်သန်စွာ လှူဒါန်းကြသလို၊ ပဲခူး ဥဿာမြို့သစ် ၀ိသိဇ္စကကျောင်းမှ ဆရာတော်ကြီးနှင့် တပည့်ရဟန်းများ၊ကလဲ လုပ်အား အလှူပါဝင်ကြပါသည်၊ ဆရာတော်ရဲ့ ဒကာကြီး ဆန်ကုန်သည်မှလဲ ဆန်ပို့ဆောင်ခနှင့် ထုပ်ပိုး အိတ်များကိုလဲ သဒ္ဓါထက်သန် လှူဒါန်းကြသောကြောင့် ဒီ သီတဂူမေတ္တာ ကရုဏာ အလှူတော်လေးသည် အောင်အောင်မြင်မြင်နှင့်လှူဒါန်းနိုင်ခဲ့ကြရပေသည်။
သီတဂူ သာသနာပြု အဖွဲ့သည် သီတဂူ ဆရာတော်ကြီးရဲ့ လမ်းညွှန်ဦးဆောင်မှု့ ဖြင့် ဒုက္ခရောက် နေကြရသော လူမျိုး ဘာသာမရွေး အချိန်နေရာ ဒေသမရွေး လှူဒါန်းနေကြသည်မှာ မိမိ ကိုယ်ကျိုးကို မဘက်ဘဲ သာသနာပြုစိတ်ဓါတ်နှင့် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေကြသည်များကို ကြည်ညို သဒ္ဓါပွားများ သာဓုခေါ်ဆိုနိုင်အောင် တင်ပြလိုက်ပါသည်၊
အလှူပွဲ လေးအောင်မြင်အောင် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီ ကြသော ကုသိုလ်ရှင်များ ကိုလည်းအထူးကျေးဇူးတင်ရှိပါသည်၊
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်)
အနန္ဒသူရိယအမတ်ကြီး၏ မျက်ဖြေ သံဝေဂလင်္ကာ
0 comments Tuesday, August 9, 2011သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသရာစက်၌ ၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မာန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊
ငါ့ခန္ဓာတည်း။
(အနန္တသူရိယ အမတ်)
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
0 comments Monday, August 8, 2011ကမ္ဘာ့ခေါင်းဆောင်ကြီးတွေလို့ အခေါ်ခံနေရတဲ့သူတွေကိုကြည့်ပါ။ ပညာတတ်ပိုင်းက လက်နက်အဆန်းတွေ တီထွင်ပေးတယ်၊ ဓနရှင်ပိုင်းက လက်နက်အရောင်းအ၀ယ်လုပ်ကြတယ်၊ အာဏာရှိပိုင်းက သတ်ဖြတ်ဖို့ အမိန့်ပေးမဆုံး ဖြစ်နေကြတယ်။ ။
(မဟာဂန္ဓာရုံဆရာတော်-အမရပူရ)
ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်ကဤပုံဖြစ်လိုတုန်လည်း တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က၊ ကြိုတင်ကောင်းမှု ကြိုးစားလော။
ယခုကပင်လျှင် မနာခင်က၊ ကြိုတင်ကောင်းမှု ကြိုးစားလော။
ယခုကပင်လျှင် မသေခင်ကကြိုတင်ကောင်းမှု ကြိုးစားလော
(တိပိဋက- မင်းကွန်းဆရာတော်)
ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက၊ နောက်ဆုံးအထိပါရမီ လူနတ်များစွာ၊
ချမ်းသာရေးမို့ ၊ အသက်ပေး၍၊ ဖြည့်ခဲ့သည်၊ ဗုဒ္ဓမြတ်စွာသာသနာအတွက်တော့၊
ငါပါအသက်ဆုံးစေမည်၊ နောက်မဆုတ်ပေါင်၊
ခုလိုတွေးလို့ ၊ ကုသိုလ်ရေးမို့ ၊ ကြိုးစားမည်၊
ဒို့ လဲကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော်)
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်အငူမှာ၊ ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊ နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
(လယ်တီဆရာတော်)
read more “ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ”

အကျိုးကြီးလှ ဆွမ်းဒါန
0 comments Saturday, August 6, 2011မြတ်ဗုဒ္ဓ၏သာသနာတော်၌ သာသနာ့ဝန်ထမ်း ရှင် ရဟန်းတို့သည်-(၁)။ စာပေပရိယတ္တိ သင်ကြားပို့ချ ဟောပြောခြင်းတည်းဟူသော "ဂန္ထဓုရ" ဟုဆိုအပ်သော "ပရိယတ္တိသာသနာ" (၂)ရုပ်နာမ် ဓမ္မသင်္ခါရတရားတို့၏ သာဘာဝဓမ္မတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်အားဖြင့် ရှုမှတ်ဆင်ခြင်ပွားများခြင်းတည်းဟုသော "၀ိပဿနာဓုရ" ဟုဆိုအပ်သော " ပဋိပတ္တိသာသနာ" ထိုဓုရနှစ်ဖြာ သာသန်ာတော်မြတ်ကြီးကို မဖြစ်မနေ ထမ်းဆောင်ကြရပေမည်။
ထိုသာသနာတော်တာဝန်ကြီး နှစ်ရပ်ကို ထမ်းဆောင်နိုင်ဘို့ရန် (၁) ဆွမ်း၊ (၂) သင်္ကန်း၊ (၃) ကျောင်း၊ (၄) ဆေးတည်းဟုသော ပစ္စည်းလေးပါး ပြည့်စုံဘို့ရန် အလွန်အရေးကြီးလှပေသည်။
ထို့ကြောင် မြတ်ဗုဒ္ဓက "သာဂါရာ အနာဂါရာ စ ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ" ဟု ဟောတော်မူခဲ့ပါသည်။ ဒကာ ဒကာမတွေက ပစ္စည်းလေးဖြင့် ထောက်ပံ့ကြ၊ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများက တရားဖြင့်ချီးမြှောက်လျက် ဆရာ ဒကာလက်တွဲပြီး အမြတ်ဆုံးဖြစ်သော နိဗ္ဗာန်တိုင်ပေါက် ခရီးပေါက်အောင် လျှောက်လှမ်းကြရမည်သာဖြစ်သည်။ လောကမှာ သက်ရှိသတ္တ၀ါအားလုံး အာဟာရကို အမှီပြု၍ အသက်ရှင်နေထိုင်ကြရပေသည်။ ထို့ကြောင့် မြတ်စွာဘုရားက "သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ" လို့ ဟောတော်မူခဲ့ခြင်းဖြစ်ပေသည်။
ဆွမ်းလှူဒါန်းကျိုး၊ လက်ငင်းတိုး၊ အကျိုးကြီးလှသည်။
အကျိုးကြီးလှ၊ ဆွမ်းဒါန၊ ဗုဒ္ဓဟောပြသည်။
ဆွမ်းလှူဒါန်းခြင်းကြောင့် အလှူခံဖြစ်သော ရှင် ရဟန်းများအတွက် အကျိုးတရားငါးပါးကို မုချမသွေ ရနိုင်ပေသည်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်းတို့ဖြစ်ပါသည်။ အလှူရှင်ဖြစ်သော ဒကာ ဒကာမများအတွက် အကျိုးတရား ဆယ်ပါးရနိုင်ပေသည်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ တည်ကြည်ခြင်း၊ ခွန်အားကြီးခြင်း၊ အခြံအရံများခြင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၊ အစားအစာပေါများခြင်း၊ အဖျော်ယမကာပေါများခြင်း၊ ရဲရင့်ခြင်း၊ ဥာဏ်ပညာကြီးခြင်းတို့ဖြစ်ပေသည်။
ထို့အပြင် " သီလာဒိဂုဏယုတ္တဿ ဟိ ကဋစ္ဆုဘိက္ခာပိ ဒိန္နာအနေကာနိကပ္ပသဟဿာနိ ဒုဂ္ဂတိဝိနိပါတတော ရက္ခတိ" ဆွမ်းတစ်ဇွန်းအလှူရှင်သည် ကပ်ကမ္ဘာပေါင်း ထောင်သောက်းများစွာတို့၌ မကောင်းဆင်းရဲသော ဘ၀တို့သို့မရောက်နိုင်၊ မကောင်းဆင်းရဲသော ဘေးအန္တရာယ်များမတွေ့နိုင်ဟုမြတ်စွာဘုရားမိန့်တော်မူခဲ့သောကြောင့် ဧကန်မုချ ထိုးအကျိုးနှစ်ပါးကိုလည်း ခံစားရမှာဖြစ်ပါသည်။
အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ သူဆင်းရဲသည် သုမနသူဌေး၏ အခစား အလုပ်သမားဖြစ်ခဲ့ဘူး၏။ နေ့စဉ်နေ့တိုင်းတောထဲသို့ အလုပ်သွားရ၏၊ တနေ့သောအခါ တောထဲမှရွာသို့အပြန် ရွာတံခါးပေါက်၌ ပစ္စေကဗုဒ္ဓအရှင်မြတ်တပါးကိုတွေ့၏။ အန္နဘာရသည် ပစ္စေကဗုဒ္ဓအရှင်မြတ်အား ဆွမ်းလှူလိုသောကြောင့် အိမ်သို့ပြန်၍သူ၏ဇနီးသည်အား ငါ့ဘို့ချန်ထားတဲ့ ထမင်းရှိသေးလားဟု မေး၏၊ ဇနီးသည်က ရှိသေးကြောင်းပြောလိုက်သောအခါ အရှင်ပစ္စေကဗုဒ္ဓမထေရ်မြတ်ထံ ပြန်သွား၍ သပိတ်ကိုတောင်းယူကာ သူတို့ဇနီးမောင်နှံအတွက် ချက်ထားသောထမင်း ဟင်းတို့ကို အကုန်လောင်းလှူလိုက်လေသည်။ သုမနသူဌေး၏ ထီးစောင့်နတ်သည် အရှင်ပစ္စေကဗုဒ္ဓမထေရ်မြတ်၌ လှူလိုက်သည့်ဆွမ်းအလှူဒါနသည် ကြီးကျယ်မွန်မြန်လှပါပေစွတကားဟု ကောင်းချီးသြဘာပေး၏၊ သုမနသူဌေးက ငါဒီလောက်ကြီးကျယ်အောင်လှူနေတာကို မင်းမတွေ့ဘူးလား၊ ဘာခုမှ လာပြီးကောင်းချီးပေးနေရသနည်းဟု မေးသောအခါ ထီးစောင့်နတ်က သူဌေးမင်း အကျွန်ုပ်ကောင်းချီးပေးတာ သူဌေးမင်း၏အလှူကို ကောင်းချီးပေးတာ မဟုတ်ဘူး၊ အန္နဘာရ၏အလှူကို ကောင်းချီးပေးတာ ဖြစ်ပါသည်ဟု ဖြေကြားလိုက်၏။
သုမနသူဌေးသည် အန္နဘာရကိုခေါ်၍ မင်း၏အလှူကို ငါ့ပေးပါ ကုန်ကျစရိတ်တွေအတွက် ငါပိုက်ဆံပေးပါမည်ဟု ပြော၏၊ အန္နဘာရကက မပေးနိုင်ကြောင်းငြင်းဆို၏၊ အဲဒီလိုဆိုလျှင် အလှူဒါန၏ အမျှကိုတော့ ငါ့ကိုပေးဝေပါဟု တောင်းဆိုပြန်၏။ အန္နဘာရက အလှူဒါန၏အမျှကိုတော့ ပေးဝေဘို့ သင့် မသင့် ပစ္စေကဗုဒ္ဓမထေရ်မြတ်ကို မေးမြန်းကြည့်ပါဦးမည် ပေးသင့်သည်ဆိုပါက ပေးပါမည်ဟုပြောလိုက်၏။ ပစ္စေကဗုဒ္ဓမထေရ်မြတ်က ပေးဝေသင့်ကြောင်းအမိန့်ရှိ၍ သုမနသူဌေးအား အမျှကို ပေးဝေ၏။
သုမနသူဌေးကလည်း အန္နဘာရကို ကျေးဇူးဆပ်သောအားဖြင့် အသပြာတစ်ထောက်ကို ပေး၏၊ အန္နဘာရသည် နောက်တနေ့၌ ရှင်ဘုရင်အား ဆွမ်းအလှူ၏အမျှကို ပေးဝေ၍ ဆုလာဘ်တစ်ထောင်ရပြန်၏။ အန္နဘာရသည် အိမ်ဆောက်ဘို့ မြေတူးရာ မြောက်များစွာသော ရွှေအိုးတို့ကို တွေ့ပြန်၏၊ ထို့ကြောင့်ရှင်ဘုရင်က အန္နဘာရအား သူဌေးရာထူးကို ချီးမြှင့်ပေးသနားတော်မူ၏၊ ဤသည်ကား ပစ္စေကဗုဒ္ဓမထေရ်မြတ်အား လှူဒါန်းခဲ့သော ဆွမ်းဒါန၏ အကျိုးအာနိသင်ဖြစ်ပေသည်။
ထို့ကြောင့် မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများအား ဆွမ်းဆက်ကပ်လှူဒါန်းကြကုန်သော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည် အရှင်အနုရုဒ္ဓါအလောင်းလျာ အန္နဘာရနည်းတူ ယခုမျကမှောက်ဘ၀မှာပင် လောကီချမ်းသာအဖြာဖြာတို့ကို ရရှိခံစားနိုင်ကြကုန်သည်ဖြစ်၍ လောက သာသနာနှစ်ဖြာကောင်းကျိုးတို့ကို သယ်ပိုးထမ်းဆောင်လျက် "0၀ိမုတ္တိသုခ" တည်းဟူသော လောကုတ္တရာချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်-----
သြော် ကောင်ကျိုးကြီးလှ၊ ဆွမ်းဒါန၊
သြော် လှူထိုက်ပေစွ။ ဆွမ်းဒါန၊
ကောင်းကျိုးမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။
သာသနာတော်သက္ကရာဇ်-၂၅၅၃ခု၊ ကောဇာသက္ကရာဇ်-၁၃၇၃ခု၊ သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)၏ ထာဝရ နေ့ဆွမ်း၊ အရုဏ်ဆွမ်း အလှူရှင်စာရင်း-------
၁။ ဒေါ်ညွန့်ညွန့်အေး (မန်းတက္ကသိုလ် ကျောင်းအမကြီး)
၂။ ဦးတင်ပေါ မိသားစု (မြဘုရင်-မန်း)
၃။ ဦးမြင့်သန်းအောင်+ဒေါ်မြင့်မြင့်သိန်း မိသားစု (မန်း)
၎။ ဦးချိုလေး+ဒေါ်ကြည် မိသားစု (သီတဂူ နွေငြိမ်း- မန်း)
၅။ မောရိယဆေးတိုက် မိသားစု (မန်း)
၆။ ဦးစိုးထွန်း+ဒေါ်ခင်ပြုံးကြည် မိသားစု (စစ်ကိုင်း)
၇။ ကိုအောင်ဝင်း+မအေးစံပယ်ဖြူဟန် မိသားစု (မင်းသီဟ-မန်း)
၈။ သီတဂူမောင်မောင် မိသားစု (ဗီဒီယိုရိုက်ကူးရေး-မန်း)
၉။ ဦးသောင်းဥာဏ်+ဒေါ်ခင်လှ မိသားစု (အောင်ချမ်းသာစတိုး-မန်း)
၁၀။ ကိုအောင်နိုင်ဆွေ+မမြင့်မြင့်နွယ် မိသားစု (သီရိရွှေစင်ရွှေဆိုင်-မန်း)
၁၁။ ကိုကျော်မြင့်ဆွေ+မစောကြူဝင်း မိသားစု (ရွှေပြည်မိုးကဖေး-မန်း)
၁၂။ ဒေါက်တာမောင်ဦး+ဒေါ်မို့မို့ မိသားစု (မန်း)
၁၃။ ဗိုလ်စိန်မှန်-ရန်ကုန်သီတဂူသာသနာပြုအဖွဲ့ (ရန်ကုန်) တို့အား မှတ်တမ်းတင်အပ်ပါသည်။ ။
ဖိုးကာ (မန်းသီတဂူ)။
read more “အကျိုးကြီးလှ ဆွမ်းဒါန”

အောင်မြင်ကျော်ကြားမှု့ တန်ဖိုးရဲ့ နောက်ကွယ်က ရလာဒ်များ
0 comments Wednesday, July 13, 2011လူလောက၌ အချို့သောလူတို့သည် အောင်မြင်ကျော်ကြားမှုကို အမြတ်တနိုးတန်ဖိုးထားကြ၏၊ ကျော်ကြားမှုကို လိုလားတောင့်တကြ၏၊ ကျော်ကြားဖို့ရာအတွက် နည်းလမ်းတွေကိုရှာဖွေကြ၏၊ ကျော်ကြားမှု ကိုရဖို့ရာ နည်းမျိုးစုံနှင့် ကြိုးစားရှာဖွေကြ၏၊ မှန်ကန်သောနည်းလမ်းဖြင့် ကျော်ကြားမှုကို ရအောင်ကြိုးစား ကြသလို တစ်ချို့ကလည်း မသမာသောနည်းလမ်းတွေနှင့် ကြိုးစားရှာဖွေကြ၏။ တစ်ချို့ကငြိမ်းချမ်းသော နည်းနှင့် ရအောင်ကြိုးစားသလို တစ်ချို့က အကြမ်းဖက်တဲ့နည်းတွေနှင့်ကြိုးစားကြ၏၊ တစ်ချို့သောသူတွေက ဘ၀တွေ အချိန်တွေနှင့်ရင်း၍ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က အသက်နှင့်ရင်း၍ ရှာကြ၏။ တစ်ချို့က လောကအတွက်အကျိုးပြု လုပ်ငန်းတွေလုပ်ကာ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က လောကအတွက်အကျိုးမဲ့လုပ်ငန်းတွေ လုပ်ကာ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က လောကကြီးပွါး ရာကြီးပွါးကြောင်းတွေနှင့် အောင်မြင်မှုကိုရှာ၏။ တစ်ချို့ကတော့ လောကပျက်စီးရာပျက်စီးကြောင်းတွေနှင့် အောင်မြင်ကျော်ကြားမှု့ကိုရှာ၏။ တစ်ချို့က အားကစားနည်းဖြင့် အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က အနုပညာဖြင့် အောင်မြင်ကျော်ကြားမှု ကိုရှာ၏။ ထိုသို့ရှာဖွေကြရာတွင် ကံတရားကြောင့် အထွဋ်အထိပ် ရောက်အောင် အောင်မြင်သူတွေရှိသလို အတန်အသင့်အောင်မြင်သူတွေလည်းရှိ၏ လုံးဝမအောင်မြင်သူများ လည်းရှိ၏။ ထင်ရှားသူများရှိသလို မထင်ရှားသူများလည်းရှိ၏။ နိုင်သူတွေရှိသလို ရှုံးသူတွေလည်းရှိ၏။ တိုးတက်လာသူတွေသူတွေကိုတွေ့ရသလို ဆုတ်ယုတ်လာနေသူတွေကိုလည်းတွေ့မြင်နေရ၏။ ဘာကြောင့် သူတို့သူတို့တစ်တွေဟာ အောင်မြင်မှုကိုလိုလားတောင့်တကြသနည်း။ အောင်မြင်မှုရဲ့ နောက်ကွယ်ကနေဖြစ် ပေါ်လာမယ့် ကောင်းကျိုးတွေကဘာတွေလဲ ဆိုးကျိုးတွေကရောဘာတွေလဲ ဒါတွေကို ဆန်းစစ်ကြည့် ကြဖို့တော့ လိုအပ်ပါတယ်။
ဘ၀တွင် အောင်မြင်မှုကို တစ်ကြိမ်တစ်ခါလောက်ရလိုက်လျှင်ပင် တစ်ကြိမ်ဆိုရင် တစ်ကြိမ်ဆိုသ လောက် အကျိုးအမြတ်တွေရတတ်ကြ၏။ အထင်ရှားဆုံးသာဓကပြရလျှင် အားကစားလောက နှင့် အနုပညာ လောကကိုပြရပေမည်။ အားကစားလောကတွင်လည်း ဘောလုံး လက်ဝှေ့ တင်းနစ် ပြိုင်ကားမောင်ခြင်း နှင့် ဂေါက်သီးရိုက် အားကစားနည်းများသည် သိသာမြင်သာသော ထင်ရှားသော သာဓကများပင်ဖြစ်သည်။ အနုပညာလောကဆိုလျှင် ရုပ်ရှင် နှင့် အဆိုတော်လောကသည် ထင်ရှားသော သာဓကများပင်ဖြစ်သည်။ သူတို့ဘ၀တွင် တစ်ခါအောင်မြင်လိုက်လျှင် ငွေတွေသောက်သောက်လဲရ၏။ ဆုကြေးငွေလည်းရသလို လစာငွေလည်းရ၏ စီးပွါးရေးလုပ်ငန်းရှင်တို့၏ ပစ္စည်းကြော်ငြာပေးခြင်း စသောနေရာများမှလည်းရ၏။ တစ်ခဏချင်းပင် သန်းကြွယ် သူဌေးများဖြစ်လာကြ၏။ ဘယ်နေရာသွားသွား ဘယ်နေရာရောက်ရောက် ထိုသူများမှာ လူအများ၏ အရေးပေးဆက်ဆံခြင်းကိုခံကြရ၏။ ဘယ်နေရာသွားသွား ဘယ်နေရာရောက်ရောက် ထင်ပေါ်ကျော်ကြားကြ၏။
ထိုသို့သောအကျိုးရလာဒ်များကို ကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့လာကြသောအခါ လောက၌ တစ်ချို့သောလူတို့သည် အောင်မြင်မှုကျောကြားမှု့ကို အားကျလာကြသလို တန်ဖိုးလည်းထားလာကြသည်။ ရချင်လိုချင်စိတ်တွေလည်းဖြစ်ပေါ်လာကြ၏။ ရအောင်လည်းကျိုးစားကြ၏။ လက်ရှိအောင်မြင်နေကြသော အားကစားသမားတော်တော်များများ သည် ငယ်စဉ်ကပင် သူတို့၏ဘ၀တွေကို အားကစားလောကမှာပင်နစ် မြုပ်ထားကြရ၏။ ပညာရေးလောကကို အတန်အသင့်လောက်သာ လေ့လာလိုက်စားခဲ့ကြရ၏။ သူတို့ဝါသနာ ပါသောအားကစားနည်းများကို နေ့စဉ် နေ့တိုင်း နာရီပေါင်းများစွာ အကြိမ်ပေါင်းများစွာလေ့ကျင့်ကြရ၏။ ဘ၀တွေ သွေးတွေ ချွေးတွေပေးဆပ်ခဲ့ကြရ၏ အဘယ့်ကြောင့်ဆိုသော် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါတို့ဟာ အောင်မြင်ကျော်ကြားတဲ့ အားကစားသမားကောင်းတွေဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက် ရည်မှန်းချက်တွေ ကြောင့်ပဲဖြစ်၏။ ထိုသို့ပင်ကြိုးစားကြပါသော်လည်း အချို့အချို့သော အားကစားသမားများမှာ ကံမကောင်း အကြောင်းမလှသည့်အတွက် သူတို့မျှော်မှန်းထားသလောက် အောင်မြင်မှုမျိုးကိုမရရှိကြပေ။ ထိုအခါ မရ ရသည့်နည်းဖြင့်ကျိုးစားလာကြ၏။ ထိုနည်းကား ခန္ဓာကိုယ်စွမ်းအားနှင့် စိတ်ကိုတက်ကြွစေသော ဟိုမုန်းဆေး များကို အသားတွင်း အကြောတွင်း နောက်ဆုံးသွေးကြောထဲအထိပါထိုးသွင်းလာ ကြ၏။ အားကစားလောက၌ တာဝန်ရှိသောသူများက ဆရာဝန်များနှင့် စနစ်တကျဆေးစစ်၍ တားမြစ်ဆေးသုံးစွဲကြောင်း အဖြေပေါ် သောအခါ အောင်မြင်မှုမရသည့်အပြင် အရှက်ပါထပ်ရကြလေ၏။ အားကစားလောကမှလည်း အရေးယူခံ ကြရ၏။ နောက်ဆုံး သူတို့ဘ၀သည် အားကစားနည်းအနေနှင့်လဲရှုံး လူမှုပါတ်ဝန်းကျင်တွင်လည်းအရှက်ရကာ နှစ်ဖက်ရှုံး ရှုံးကြရတော့သည်။ အောင်မြင်သောသူတို့သည် တစ်ဖက်ကကြည့်လျှင်လည်း တစ်ချို့က ငွေကြေး တွေချမ်းသာလာတော့အပျော်အပါးတွေလိုက်စားလာကြ၏။ အပေါင်းအသင်းအလွှာမျိုးစုံနှင့် ပေါင်းသင်းလာ ကြ၏။ ထိုသူများအထဲတွင် ကိုယ်ကျင့်တရားကောင်းသူများရှိသလို ကိုယ်ကျင့်တရားမကောင်းသူများကလည်း ဒုနှင်ဒေးပင်။ လမ်းကြောင်းအမှန်ကိုတင်ပေးသူရှိသလို လမ်းကြောင်းအမှားပေါ် ဆွဲချသူများလည်းမရှားလှပေ။ ကြာလာတော့ အောင်မြင်ကျော်ကြားမှုတွေကို ငြီးငွေ့လာသူတွေ စိတ်ကုန်လာသူတွေလည်းရှိလာသလို ပို၍ပို၍ ပျော်ရွှင်သူ များလည်းရှိ၏။ အားကစားလောကနှင့် အနုပညာလောကတွင် ထိုကဲ့သို့သော အဖြစ်အပျက်များကား ဒုနှင့်ဒေးပင် ပြော၍ပင်ကုန်မည်မထင်။ ဟိုတုံးကလည်းဖြစ်ခဲ့ကြ၏။ အခုလည်းပဲဖြစ် နေကြဆဲ။ နောင်လည်းပဲ ဖြစ်နေကြဦးမည်မှာ မလွဲပေ။ အဘယ့်ကြောင့်ဆိုသော်.. တစ်ချို့တစ်ချို့သော လူတို့သည် အောင်မြင်ကျော် ကြားမှု့ကို တန်ဖိုးထားလွန်းသောကြောင့်ပင်ဖြစ်သည်။
တရားသောနည်းဖြင့် အောင်မြင်မှုကိုရရှိနေကြသော အားကစားသမားများနှင့် အခြားအခြားသော အောင်မြင်ကျော်ကြားနေသောသူတိုင်းသည် သူတို့ရရှိထားကြသော အောင်မြင်မှု့တွေကို ထိုက်တန်အောင် တန်ဖိုးထားစောင့်ရှောက်ထိမ်းသိမ်းကြပါသလားလို့ မေးလာလျှင်လည်း အဖြေအမျိုးမျိုးထွက်လာနိုင်သည်။ မှန်၏ သူတို့ရရှိထားကြသော အောင်မြင်ကျော်ကြားမှု့တွေကို တန်ဖိုးထားစောင့်ထိန်းသူရှိသလို မစောင့်ထိန်းသောသူ များလည်းရှိ၏။ အချို့သော အောင်မြင်ကျော်ကြားသူများသည်။ အားကစားလောကတွင် ငယ်စဉ်ကတည်းက ကျိုးစားလေ့ကျင့်ရင်း အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရလာသောအခါ ငွေကြေးများလည်းသုံးမကုန် အောင်ရရှိလာကြ၏။ ထိုအခါ နည်းမှန်လမ်းမှန်နှင့် ထိန်းကြောင်းပေးမည့် ဆရာမိဘမရှိသော သူများသည် အောက်ခြေလွတ်ကာ ထင်ရာစိုင်းလာကြ၏။ ငွေကိုနည်းမှန် လမ်းမှန်မသုံးစွဲကြပဲ ထင်သလိုသုံးစွဲလာကြ၏။ ငွေကိုလည်း ရေလိုသုံးစွဲလာကြ၏။ လူကို…လူဟုပင်မထင် ကြတော့ မင်းငါလိုအောင်မြင်တဲ့လူတယောက်ဖြစ်ဖို့ အဝေးကြီး ငါနဲ့အဖက်မတန်ဘူး စသည်ဖြင့် တဖက်သားကို အထင်အမြင်သေးလာကြ၏။ တစ်ချို့ဆိုလျှင် ကိုယ်ထိလက်ရောက်ပင် စော်ကားလာကြ၏။ အပျော်အပါးတွေ မျိုးစုံကိုလည်း လိုက်စားလာကြ၏။ အပေါင်းအသင်းမျိုးစုံကိုပေါင်းသင်းလာကြ၏။ ထိုအပေါင်းအသင်းများနှင့် ထင်သလိုသောက်စားမူးယစ်လာကြ၏။ မသွားသင့်မသွားအပ်သောနေရာများကို သွားလာကြ၏။ မလုပ်သင့် မလုပ်ထိုက်သော လူမှုရေး ဖောက်ပြန်မှုတွေကိုလုပ်လာကြ၏။ ထိုအခါ သူတို့၏ အားကစား အဆင့်အတန်းလည်းတဖြည်းဖြည်း လျှော့ကြလာကြ၏။ လူမှုပါတ်ဝန်းကျင်တွင်လည်း အထင်အမြင်သေးခြင်း ၀ိုင်းဝန်းကဲ့ရဲ့ရှုတ်ချခြင်းစတဲ့ အရာတွေဖြစ် ပေါ်လာကြ၏။ ထိုအခါ ထိုသူတို့၏ဘ၀သည် လောကတွင်အရှက်ကြီးရှက်ရသလို တစ်ချို့ဆိုလျှင် ဘ၀ပါပျက်ကြရတော့၏။ တစ်ချို့ဆိုလျှင်လည်း ကိုယ့်ဘ၀ကိုယ် အဆုံးပင်စီရင်သွားသော သာဓကများကို နိုင်ငံအများအပြား၌ တွေ့ရှိနိုင်ပေသည်။ သူတို့၏ဘ၀တွေကား တစ်ကယ့်ကိုသနားစရာပင်။ ထိုအဖြစ်အပျက်တို့သည် လောကလူသားများအတွက် ယူတတ်လျှင် သင်ခန်းစာများပင်ဖြစ်ပေသည်။
တစ်ကယ်တော့ အောင်မြင်ကျော်ကြားမှုသည် မီးနှင့်တူ၏။ လောက၌ မီးသည်သုံးတတ်သော သူတို့အတွက် မိတ်ဆွေဖြစ်သလို မသုံးတတ်သောသူတို့အတွက် ရန်သူဖြစ်၏။ မိမိရဲ့အောင်မြင်ကျော်ကြား မှုကို ကြာရှည်တည် တန့်နေစေရန်အတွက် မိမိကိုယ်တိုင်စနစ်တကျ ကျင့်သုံးနေထိုင်ပါမှ ကြာရှည်တည်တန့် မည်ဖြစ်ပေသည်။ ထိုသို့ကျင့်သုံးနေထိုင်မှုမရှိပါက ကျရှုံးမှုများနှင့်ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်သည်။ ထိုသို့ကျင့် သုံးနေထိုင်ဖို့ရန်အတွက် အတ္တသမ္မာပဏီဓိဆိုတဲ့ မိမိကိုယ်တိုင်က မကောင်းတဲ့အလုပ်တွေမလုပ်မိအောင် ထိန်းကျောင်းနိုင်တဲ့တရားရှိဖို့လိုအပ်သလို သပ္ပုရိသူပနိဿယ ဆိုတဲ့ မကောင်းတာတွေမလုပ်မိအောင် ကောင်းတာတွေလုပ်ဖြစ်အောင် လမ်းမှန်ကိုထိန်းကျောင်းပေးတတ်တဲ့ သူတော်ကောင်းမိတ်ဆွေတွေရှိဖို့လိုအပ် လှပေသည်။ နောက်အရေးအကြီး ဆုံးအချက်တစ်ချက်က မိမိကိုယ်တိုင်က အရာရာကိုတွေးတောဆင်ခြင်တတ် သောပညာရှိဖို့လည်း အရေးကြီးသည်။ သို့မှသာ အရာရာကို အကျိုးနဲ့အကြောင်း အဆိုးနဲ့အကောင်းခွဲခြား ဝေဖန်လျှက် လုပ်သင့်တာကိုလုပ်ပြီး မလုပ်သင့်တာတွေကိုလည်းမလုပ်မိအောင် ရှောင်ကြဉ်နိုင်ပေမည်။ သို့မှသာ မိမိအတွက် ကောင်းကျိုးရသလို သူတစ်ပါးတို့အတွက်လည်း စံထားထိုက်တဲ့သူပါလားဟု အသိ အမှတ်ပြုခံရပေမည်။ လူသားတိုင်း လူသားတိုင်းသည် လာဘ အလာဘ၊ ယသ အယသ၊ နိန္နံ ပသံသံ၊ သုခံ ဒုက္ခံ ဆိုတဲ့လောကဓံတရားတွေက တစ်ခုမဟုတ် တစ်ခုခံစားနေကြရသည်မဟုတ်ပါလား။ ထိုလောကဓံတရား တွေကို ရှေးကလည်းခံခဲ့ကြရပြီ။ အခုလည်း ခံနေကြရဆဲ။ နောင်လည်းဘဲ ခံကြရအုံးမှာကားဧကန်ပင်ဖြစ်သည်။ ထိုလောကဓံလှိုင်းတွေက အောင်မြင်ကျော်ကြားလာရင် အောင်မြင်ကျော်ကြားသလောက် ရိုက်ပုတ်ခံရ၏။ အောင်မြင်ကျော်ကြားမှုဆိုတဲ့ မုန်တိုင်းတွေကြမ်းလာလေလေ လောကဓံလှိုင်းတွေက ပြင်းထန်လေလေပင် ဖြစ်သည်။ လူတော်တော်များများက မကောင်းတာတွေနဲ့တွေ့ကြုံလာမှ လောကဓံလို့ထင်မှတ်တတ်ကြ၏။ တစ်ကယ်တော့ လောကဓံဆိုတဲ့တရားက မကောင်းတာတွေနဲ့တွေ့ကြုံလာမှ ခံစားရသည်မဟုတ် ကောင်းတာ တွေနှင့်တွေ့ကြုံလာတဲ့အခါမှာလည်း တုန်လှုပ်မှုမရှိဘဲ တည်တည်ကြည်ကြည်နဲ့ မမော်မကြွား ကိုယ်ရော စိတ်ပါထိန်းနိုင်ပါမှ ကောင်းတဲ့လောကဓံရဲ့ဘေးရန်က ကာကွယ်နိုင်ပေမည်။ ထိုသို့မထိန်းနိုင်ပါက ကောင်းတဲ့ လောကဓံလှိုင်းရဲ့ ဆိုးဝါးစွာရိုက်ပုတ်ခြင်းကို ဧကန်ခံကြရမည်ဖြစ်သည်။ တစ်ချိန်ကလျှမ်းလျှမ်တောက် အောင်မြင်ကျော်ကြားခဲ့ကြသော်လည်း ယခုလောလောဆယ်တွင် ဘ၀ပျက်နေကြသော ဆင်းရဲနေကြသော ထိုကဲ့သို့ ဘ၀ပျက်ပြီးဆုံးပါးသွားကြသော သူတို့သည် ကောင်းတဲ့လောကဓံရဲ့ ရိုက်ပုတ်ခြင်းကို ခံခဲ့ကြရသူများပင်ဖြစ်သည်။
လောကထုံးစံအရ လောကလူသားများသည် ချီးမွမ်းဖို့ခဲယဉ်းကြပေမယ့် ကဲ့ရဲ့ဖို့ကြတော့ဝန်မလေး တတ်ကြပေ။ ထို့ကြောင့် ပါတ်ဝန်းကျင်ကို သတိထားနေထိုင်သွားလာ လှုပ်ရှားသင့်သောသူများတွင် ထိုအောင် မြင်ကျော်ကြားကြသူများက အဓိကကျလှ၏။ သာမာန်လူတို့သွားလာလှုပ်ရှားနေသည်ကို အထူးအဆန်းလုပ် သတင်းမလုပ်သော်လည်း အောင်မြင်ကျော်ကြားသူတို့ သာမာန်လူတို့နည်းတူသွားလာလှုပ်ရှားနေသည်ကိုပင် သတင်းလုပ်၍ ရေးသားတတ်ကြသည်။ ထို့အတူ ကောင်းတဲ့ အပြုအမူတွေကိုလုပ်နေရင်လည်း အမျိုးမျိုးချီးမွန်းကြသလို မကောင်းတာလုပ်မိလျှင်လည်း ရစရာမရှိအောင် ကဲ့ရဲ့ရှုပ်ချရေးသားတတ်ကြသည်မှာ သတင်းလောက၏ ထုံးစံတစ်ပင်ဖြစ်သည်။ ထိုသတင်းမျိုးကိုရယူနိုင်ရန် သတင်းထောက် (ပါပါရာဇီ)တို့ကလည်း ထိုသူတို့၏နောက်ကနေ အရိပ်သဖွယ် လိုက်နေကြ၏။ အောင်မြင်ကျော်ကြားနေကြသော လူတိုင်းသည် ထိုသတင်းထောက်ဓာတ်ပုံသမားတို့လက်မှရှောင်တိမ်းပြေးထွက်ဖို့မလွယ်ကူပေ။ ထိုသို့ရှောင်ရင်းတိမ်းရင်း အသက်ပါဆုံးရှုံးသွားကြရလောက်အောင်ဖြစ်ခဲ့သည့် သာဓကများလည်း ဖြစ်ပျက်ခဲ့ဖူးသည်မဟုတ်ပါလား။ နောက်ဆုံးတော့ သူတို့၏အောင်မြင်ကျော်ကြားမှုတွေက သူတို့၏လွတ်လပ်မှုဘ၀တွေကို ဘောင်ခတ် လာကြ၏။ မလွတ်လပ်ခြင်းဆိုတဲ့ အရိပ်တွေမိုးလာတာကိုခံကြရတော့၏။ အရာရာကို စိတ်ကြိုက်လုပ်နိုင် ငွေကိုရေလိုသုံးနိုင်ကြသော်လည်း သာမန်လူတွေလောက် မလွတ်လပ်ကြတော့ အသိတရားရှိသောသူတွေ ကတော့ နေရာတိုင်း စားသတိ သွားသတိ လာသတိ နေသတိ ထိုင်သတိ ဆိုတာတွေ ဖြစ်လာကြရတော့၏။ အသိတရားမရှိသူတွေက သတိလက်လွတ်ထင်ရာတွေလုပ်တော့ ဓာတ်ပုံသတင်း ထောက်(ပါပါရာဇီ)တို့၏ သားကောင် သတင်းလောက၏သားကောင်တွေအဖြစ် အလူးအလဲခံကြရတော၏။
မည်သို့ပင်ဖြစ်ပါစေ တိုတောင်းလှတဲ့ လူ့ဘဝရဲ့ ဇာတ်ခုံပေါ်မှာ အောင်မြင်ကျော်ကြားမှုဆိုတာတွေက လွတ်လပ်ပျော်ရွှင်မှုဆိုတာတွေနဲ့ တိုင်းတာကြည့်လိုက်မယ်ဆိုရင်တော့ မိုးတိမ်တွေဖုံးအုပ်နေတဲ့ လကွယ်ည သန်းခေါင်ယံမှာ လျှပ်စီးလေးတစ်ချက်လက်လိုက်သလို အချိန်ကာလအားဖြင့် အနည်းငယ်မျှသာရှိပါလိမ့်မယ်။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်မှုသည် ဘ၀တစ်လျှောက်လုံးမရနိုင် အောင်မြင်မှုကိုရဖို့ရာအတွက် အသက်အပိုင်းအခြားနှင့်သက်ဆိုင်သလို ကိုယ်ကာယစွမ်းအားနဲ့လည်းဆိုင်၏ ဥာဏစွမ်းအားနှင့်လည်းဆိုင်၏။ နောက်ဆုံး အဓိကတစ်ချက်က ကံတရား၏အကျိုးပေးမှုနှင့်လည်းဆိုင်၏။ ဖော်ပြပါအချက်အလက်တို့နှင့် ပြည့်စုံနေစဉ်အခိုက်အတန့်ကာလလေးမှာသာ အောင်မြင်မှု့များအသီးအပွင့်များကိုရှာဖွေ၍ ရရှိနိုင်ကြပေသည်။ ထိုအချက်များထဲမှ တစ်ချက်ကလေးချို့ယွင်းလိုက်သည်နှင့် တပြိုင်နက် ကျရှုံးမှုတွေနှင့်ရင်ဆိုင်ကြရတော့၏။ ထို့ကြောင့် အောင်မြင်ကျော်ကြားသူတွေရဲ့ ဘဝတွေဟာ လေထုထဲက တိမ်တိုက်တွေလို ဘယ်အချိန်မှာ လွင့်မြောပျောက်ကွယ်သွားလေမလဲဆိုတာ စဉ်းစားနေရတဲ့ အချက်မျိုးအဖြစ် သက်ရောက်လို့နေပါတယ်။ လွတ်လပ်မှု့ကတော့ ထိုသို့မဟုတ်ပေ ငယ်ရွယ်စဉ်ဘ၀မှာလည်း ခံစားနိုင်သလို လူလတ်ပိုင်းအရွယ်မှာလည်း ခံစားနိုင်ပါတယ် နောက်ပိတ်ဆုံး အိုမင်းမစွမ်းဖြစ်နေရင်တောင် လွတ်လပ်မှု့ရဲ့ အရသာကို ခံစားနိုင်ပါတယ်။ အရွယ်သုံးပါးတွင် သူ့အရွယ်နှင့်သူ လိုက်လျှောညီထွေစာခံစား နိုင်၏။ ချမ်းသာသူက ချမ်းသာသည့်အလျှောက် ခံစားနိုင်သလို ဆင်းရဲသူကလည်း ဆင်းရဲသည့်အလျှောက် ခံစားနိုင်၏။
ထိုအောင်မြင်ကျော်ကြားသူတို့ ရရှိထားသော ငွေကြေးဥစ္စာဆိုတာတွေကလည်း တရားသဘောအရ ကိုယ်ပိုင်ဥစ္စာစစ်စစ်များမဟုတ်ကြပေ။ ကိုယ်ကဘယ်လောက်ပင်ပိုင်ဆိုင်ပါတယ်လို့ ပြောဆိုနေကြပါစေ ရေထဲ တွင်မြုတ်၍မျော၍လည်း ဆုံးရှုံးနိုင်ပါတယ်။ မီးလောင်၍လည်း ဆုံးရှုံးနိုင်ပါတယ်။ မင်းစိုးရာဇာတွေကလည်း သိမ်းဆည်းနိုင်ပါတယ်။ သူခိုးဓားမြတွေကလည်း လူယူနိုင်ပါတယ်။ အမွေခံမယ့် သားဆိုးသမီးဆိုးတွေကလည်း သုံးဖြုံးလို့ ဆုံးရှုံးနိုင်ပါတယ်။ ထိုပြဆိုအပ်ခဲ့သော ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပြစ်နိုင်ပါတယ်။ သာမန်လူတန်းစားတို့လည်း ထိုသူတို့နည်းတူ လောကဓံတရားတွေ ရန်သူမျိုးငါးပါးစတဲ့ ဒုက္ခဘေးတွေ မဖြစ်တော့ဘူးလား မေးလာလျှင်မူ အားလုံးသတ္တ၀ါမှန်လျှင် ထိုတရားများကိုမလွှဲမသွေ တစ်ခုမဟုတ်တစ်ခု တစ်နည်းမဟုတ်တစ်နည်းတော့ တွေကြုံနေကြရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ခံစားရတာခြင်းတော့ကွာ ပါသည်။ တောင်ထိပ်ပေါ်တွင်ပေါက်သောသစ်ပင်များက တောင်အောက်တွင်ပေါက်သောသစ်ပင်များထက် လေဒဏ်မိုးဒဏ်ကို ပို၍ခံစားရသကဲ့သို့လည်းကောင်း အမြင့်က ပြုတ်ကျသောသူနှင့် အနိမ့်ကပြုတ်ကျသော သူ ခံစားရတာကွာခြားသကဲ့သို့လည်းကောင်း ကွာခြားလှ၏။ သာမာန်လူတန်းစားတို့သည် ထိုတရားများတွေ့ ကြုံလာလျှင် အနည်းကျဉ်းလောက်သာခံစားရ၏။ ဆုံးရှုံးမှုတွေလည်း များများစားစား မခံစားရပေ။ အောင်မြင် ကျော်ကြားသူတို့ ထိုတရားတွေကြုံလာတွေ့လာပြီဆိုလျှင် မရှုမလှခံစားကြရ၏။ ဆုံးရှုံးမှု့တွေလည်းများ၏။ ပေးဆပ်ရတာတွေများလွန်းလှ၏။ တစ်ချို့တစ်ချို့သောသူများဆိုလျှင် ဆိုးရင်းပေရင်း မူးယစ်သောက်ရင်း စားရင်းပင် ဘ၀နိဂုံးချုပ်သွားကြရ၏။ ထိုအဖြစ်အပျက်တို့ကား မိမိတို့အတွက် ယူတတ်လျှင် လောကကြီးကပေး နေသော ဘ၀သင်ခန်းစာများပင်ဖြစ်သည်။
ထို့ကြောင့်…အောင်မြင်ကျော်ကြားမှုဆိုတဲ့ဘ၀ထဲကနေ တကယ့်ဘ၀ရဲ့အနှစ်သာရတွေကို ထုတ်ယူ သင့်ကြသည်။ အောင်မြင်ကျော်နေစဉ်မှာ ဘ၀ရဲ့အနှစ်သာရတွေထုတ်ယူသင့်သလို ကျရှုံးနေစဉ်မှာလည်း စိတ်ဓာတ်မကျဘဲ ဘ၀ရဲ့အနှစ်သာရတွေကိုထုတ်ယူသင့်၏။ အောင်မြင်နေစဉ်မှာ အိမ်ထောင်မရှိလျှင် မိဘတို့ ကို ကျွေးမွေးထောက်ပံ့ခြင်းဖြင့် မာတာပိတုဥပဋ္ဌာနံ ဆိုတဲ့မင်္ဂလာတရားတော်တွေကိုလိုက်နာခြင်းအားဖြင့်လည်း ကောင်း။ အခြားသောလူမှု့ကယ်ဆယ်ရေးလုပ်ငန်းများတွင် လူအားငွေအားတွေနဲ့ ထောက်ပံ့ခြင်းဖြင့်လည်း ကောင်း အခြားအခြားသော ကောင်းတဲ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခြင်းဖြင့် ဥာတကာနဉ္စသင်္ဂဟ မင်္ဂလာတရားတော်ကိုလိုက်နာခြင်းအားဖြင့်လည်းကောင်း ဘ၀ရဲ့အနှစ်သာရတွေကို ရယူနိုင်၏။ အိမ်ထောင် သည်ဆိုပါကလည်း ကိုယ့်ရဲ့ဇနီးမယားနှင့် သားသမီး တွေအပေါ်မှာ သစ္စာရှိရှိနေထိုင်ခြင်း ကျွေးမွေးပြုစုစောင့် ရှောက်ခြင်းဆိုတဲ့ ပုတ္တဒါရဿသင်္ဂဟ ဆိုတဲ့မင်္ဂလာတရားတော်တို့ကိုဖြည့်ကျင့်လိုက်နာခြင်းဖြင့်လည်း ဘ၀ရဲ့ အနှစ်သာရ တွေကိုရယူနိုင်၏။ ကျရှုံးနေစဉ်မှာလည်းပဲ ဘ၀ကိုကြံကြံခံရင်ဆိုင်ရင်း မိမိတတ်နိုင်သလောက် အထက်ပါလုပ်ငန်းများကိုလုပ်ဆောင်နေလျှင် အတ္တသမ္မာပဏိဓိ ဆိုတဲ့မင်္ဂလာတရားတော်ကိုဖြည့်ကျင့်လိုက်နာ ခြင်းဖြင့်လည်း ဘ၀ရဲ့အနှစ်သာရတွေကိုရယူနိုင်ပေသည်။ ထိုနည်းလမ်းများဖြင့် ဘ၀ရဲ့အနှစ်သာရတွေကို ထုတ်ယူတတ်ကြမည်ဆိုလျှင် မျက်မှောက်ဘ၀မှာပင်အကောင်းဆုံးအဓိပ္ပါယ်လည်းရှိ အနှစ်သာရလည်းရှိတဲ့ အလုပ်တွေကိုလုပ်ဆောင်နေသလို နောင်ဘ၀သံသရာအတွက်လည်း ကောင်းစေမယ့်အလုပ်တွေကို လုပ် ဆောင်နေတာဖြစ်ပါတယ်။ ထိုသို့မဟုတ်ပါဘဲ စိတ်ဓာတ်တွေကျကာ ဘ၀ကိုထင်ရာစိုင်းကြသူတွေအတွက် ကတော့ ဘ၀ရဲ့အနှစ်သာရကိုရဖို့မပြောနှင့် အကာကိုတောင်ရဖို့မလွယ်ကူတော့ပေ။ လက်ရှိဘ၀တွင် လည်းရှုံးသလို နောင်သံသရာအတွက်လည်း အရှုံးကြီးရှုံးကြရတော့၏။
အနှစ်ချုပ်ပြရသော်….အောင်မြင်ကျော်ကြားမှုတန်ဖိုးရဲ့နောက်ကွယ်က ရလာဒ်တွေဟာ ကောင်းတာ တွေရှိသလို ဆိုးတာတွေလည်းအများအပြားရှိ၏။ ချီမွမ်းပြောဆိုတာတွေရှိသလို ကဲ့ရဲ့တာတွေလည်းရှိ၏။ သံဝေဂယူစရာတွေရှိသလို အတုယူစရာတွေလည်းများအပြားရှိ၏။ ရိုးရိုးရှင်းရှင်းလေးတွေးမြင်သုံးသပ်ကြည့် ကြမည်ဆိုပါလျှင် ဒါတွေဟာဘဝရဲ့အစိတ်အပိုင်း တစ်ခုသာဖြစ်ပါ၏။ လောကကြီးတွင် ဘယ်အရာမှ ထာဝရအကောင်းဆုံးဖြစ်တည်မှု မရှိသလို ဘယ်အရာမှလဲအဆိုးရွားဆုံး ရပ်တည်မနေပါဘူး။ ဒါကိုပဲ ဘုရားရှင်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ” အလုံးစုံသောအရာဝတ္ထုမှန်သမျှ မတည်မြဲဘူးလို့ ဟောတော်မူခဲ့သလို နောက်တစ်နည်းအားဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေဟာ “ဥပ္ပါဒ ဌိတိ ဘင်္ဂ” ဆိုတဲ့သဘောအရ ပဌမဆုံးဖြစ်မယ် ဖြစ်ပြီးလျှင်ခဏတည်နေမယ် တည်ပြီးလျှင်ပျက်သွားမယ်ဆိုတဲ့ ခဏသုံးပါးကိုလည်း အဘိဓမ္မာတရားဒေသနာတော်မှာ ဘုရားရှင်က ထည့်သွင်းဟောကြားတော်မူခဲ့ပါတယ်။ ထို့ကြောင့် အောင်မြင်ကျော်ကြားမှုကို တန်ဖိုးထားသူတွေကိုယ်တိုင် သရုပ်ဖော်ကပြနေကြတဲ့ ဘ၀ဇာတ်ခုံကြီး၏ ကန့်လန့်ကာနောက်ကွယ်က ဖြစ်ပျက်ခဲ့ကြတဲ့ ဖြစ်ပျက်နေကြတဲ့ ဖြစ်ပျက်နေကြဦးမယ့် သူတို့ရဲ့ဘ၀ဇာတ် ကြောင်းတွေဟာ အဆိုးတွေလား အကောင်းတွေလားဆိုတာ မပြီးဆုံးနိုင်တဲ့ဇာတ်လမ်းတွေကို စောင့်မျှော်ကြည့်ရှုကြပါစို့။ ထိုသို့စောင့်မျှော်ကြည့်ရှု့ရင်းပင် သူတို့ရဲ့ဘ၀ သူတို့ရဲ့ဇာတ်လမ်းတွေထဲကနေ မိမိတို့အနေနှင့်လည်း ဆိုးတာတွေကိုပယ်ကာ ကောင်းတာတွေကိုလက်ခံ ကျင့်သုံးရင်း မိမိတို့ကိုယ်တိုင်လည်း ဘ၀ရဲ့အနှစ်သာရ တွေကိုထုတ်ယူနိုင်ကြပါစေ…………………..။
မောင်သီ (မြင်းမူ)
read more “အောင်မြင်ကျော်ကြားမှု့ တန်ဖိုးရဲ့ နောက်ကွယ်က ရလာဒ်များ”

ကြည်ညိုလိုက်ကြစမ်းပါ
0 comments Monday, July 11, 2011
လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိပါသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သောခေတ်ကြီးတွင် နိန္ဒာ၊ ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူတို့အဖို့ ဒုက္ခသံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ်ပြီး သာသနာတော်၏ အဓွန့်ရှည်တည်တန့်ရေးကို လိုလားသည့်ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေငယ်၊ ရဟန်းငယ်များအပေါ် စောင့်ရှောက်ပုံကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုအယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစုအတွက် ဖေါ်ပြလိုပါသည်။
မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် တည်ကြည်ခန့်ငြားပြီး ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ကောင်းမွန်လှပေသည်။ စာသင်သား သံဃာ(၂၀၀)ကျော်ကို နေ့စဉ် ဆွမ်းဟင်းကောင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည်။ ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာကြည့်ရှု့ စိစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် ကျောင်းအမကြီးပင် ဖြစ်သည်။
သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေငယ်များသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက်(၁၅)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ်များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော်ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးတည်းသာရှိသည်။
လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာလေးတွေသည် ချစ်စရာ ကြည်ညိုစရာကောင်းနေသည်။ ဆရာသမားများကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင်ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော်ခံရတာ အကြိမ်ပေါင်း မနည်းပါ။
နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည်တတ်သည့် ကျောင်းအမကြီးသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်နေကြသည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။
သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။ ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။
သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။
ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။
စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။
စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။
ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။
တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။
အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။
စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။
မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..
မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဦး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။
ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီး ကျောင်းဒါယကာ ကျောင်းဒါယိကာမတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအပေါ် ရှု့မြင်ကြမလဲဆိုတာ ခေတ်ပညာတတ် ပညာရှင်ကြီးများမို့ သိရှိကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ……………………။
(အရှင် နာယကာလကာၤရ)
Subscribe to:
Posts (Atom)