ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ

မြတ်ဗုဒ္ဓ၏အဆုံးအမများသည် လူသားတို့၏ဘဝပြဿနာကို ဖြေရှင်းရာ၌ တိကျမှန်ကန်သောအဖြေကို လူ့ဘဝနှင့်တစ်ထပ်တည်းဖြစ်အောင် ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် လူသားတို့၏ဘဝနှင့် ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံကို အရှိအတိုင်းအမှန်အတိုင်း ပီပီပြင်ပြင်ဖော်ပြသည်။ မြတ်ဗုဒ္ဓသည်လူသားတိုင်းကို ပွင့်လင်းသောစိတ်ဓာတ် လွတ်လပ်သောအတွေး ယုတ္တိရှိသောကိုးကွယ်မှုတို့အတွက် မျက်စိဖွင့်ပေးတော်မူသည်။ ကမ္ဘာ့သာသာရေးသမိုင်း၌ ကျေးကျွန်စနစ်ကိုဖျက်သိမ်းဖို့ အမျိုးဇာတ်သတ်မှတ်သည့်စနစ်ကို ဖျက်သိမ်းဖို့ စတင်အားထုတ်သူမှာ မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ (ဝသလသုတ်၊ သောဏဒဏ္ဍသုတ်ကိုကြည့်) လူများစွာတို့၏ခြေဖဝါးအောက်၌ အနင်းခံထားရသောပြည့်တန်ဆာအမ္ဗပါလီ၊ မစင်ကျုံးသမား သုနီတတို့၏ဘဝကို နှမတော်ဇနပဒကလျာဏီ၊ ညီတော်အာနန္ဒာတို့၏ဘဝနှင့် တန်းတူ အဆင့်ရောက်အောင်မြှင့်တင်ပေးခဲ့သူမှာ မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ လူသားစားဘီလူးကြီး အာဋ္ဌာဝက၊ လူသတ်သမားလူဆိုးကြီးအင်္ဂုလိမာလ စသောသူတို့လျှောက်လှမ်းနေခဲ့သော ဆူးခင်းသည့်ဘဝခရီးလမ်းကြီးကို အဆုံးသတ်စေခဲ့သည်မှာလည်း မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ သားသမီးများစွာတို့၏ စွန့်ပစ်ခြင်းကိုခံကြရသဖြင့် အသက်တစ်ချောင်းရပ်တည်နိုင်ရေးအတွက် ပင်ပန်းနေကြကုန်သောဘိုးအိုဘွားအို (ရာဓပုဏ္ဏား၊ ဗဟုဓီတရပုဏ္ဏား၊ ဗဟုပုတ္တိကသောဏာ) တို့၏ အားကိုးရာမှီခိုရာသည် ဘိုးဘွားရိပ်သာမရှိသေးမီ ထိုခေတ်က ဗုဒ္ဓကျောင်းတော်များပင်ဖြစ်သည်။ သုသာန်မှာလည်းကောင်း၊ လမ်းကြိုလမ်းကြားမှာ လည်းကောင်း၊ မိမဲ့ ဖမဲ့ကလေးငယ်များကို (သောပါက၊ သံကစ္စ၊ လောသက) ကောက်ယူမွေးမြူစောင့်ရှောက်ခဲ့ကြသည်မှာလည်း မိဘ့မဲဂေဟာ မရှိသောခေတ်က မြတ်ဗုဒ္ဓ၏ ကျောင်းတော်များပင်ဖြစ်ပါသည်။ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တို့၏ သမိုင်း၌ ဂီလာနပြုစုစောင့်ရှောက်သည့်လုပ်ငန်း စတင်တည်ထောင်ဖန်ဆင်းသူမှာလည်း မြတ်ဗုဒ္ဓသည်သာ ရှေးသွားခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ထိုကဲ့သို့သော လောကတ္ထစရိယလုပ်ငန်းတို့ကို ဆောင်ရွက်ရာ၌ ကရုဏာ၊ မေတ္တာ၊ ခန္ဓီ၊ သီလတရားတို့သည် ပဓာနလိုအပ်သောနှလုံးသား၏ အရည်အချင်းများ ဖြစ်ကြပါသည်။ အခြားတစ်ဖက်၌လည်း မွန်မြတ်သော စိတ်ဓာတ်အတွက် ပညာ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ သစ္စာတရားတို့မှာ မရှိမဖြစ်သောအရည်အချင်းများ ဖြစ်ပါသည်။ ထို့ကြောင့် လောကတ္ထစရိယ၊ ပရဟိတအလုပ်လုပ်ကြမည့် လူအပေါင်းတို့သည် ဗျဿနအမျိုးမျိုးကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲ ကြကုန်သော လူအပေါင်းတို့အား "လ" ၏ အရောင်ကဲ့သို့ ကရုဏာဓာတ်ဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းအောင်စောင့်ရှောက်ဖို့လိုပါသည်။ ပညာဓာတ်ဖြင့်လည်း နေမင်း၏ အရောင်ကဲ့သို့ လူ့လောကကြီးကို နွေးနွေးထွေးထွေး ပြုစုစောင့်ရှောက်ဖို့လိုပါသည်။ နိဂုံးချုပ်မှာ ယနေ့မျက်မှောက်ခေတ်၌ လူတစ်ယောက်ချင်းဘဝမှာပဲဖြစ်စေ၊ လူ့အဖွဲ့အစည်း၏ ဘဝမှာပဲ ဖြစ်စေ၊ လူမှုရေးလောကမှာဖြစ်စေ၊ နိုင်ငံရေးလောကမှာဖြစ်စေ တစ်ကိုယ်ကောင်းဆန်သော တပ်မက်မှုများ၊ ကောက်ကျစ်ယုတ်မာသော အတွေးအခေါ်များ မုန်းတီးမှုများ၊ ရန်ငြှိုးဖွဲ့တတ်သော အတွေးအခေါ်များ၊ ညှဉ်းပန်းနှိပ်စက်တတ်သော အတွေးအခေါ်များ ဖြစ်ပေါ်နေကြသည်မှာ ကရုဏာ ပညာ ကင်းမဲ့ခြင်း၏ အကျိုးကျေးဇူးဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် လူမှုရေးနှင့် ဘာသာရေးကိုဆောင်ရွက်ကြမည့် ကျွန်ုပ်တို့၏သာသာရေးခေါင်းဆောင်များမှာ ကိုယ်ကျိုးစွန့်လွှတ်မှု (selfless renunciation) မိမိ၏ အကျိုးစီးပွား၌ သံယောဇဉ်ကင်းပြတ်မှု (selfless detachment) သတ္တဝါတို့ကို ချစ်ခင်မှု (loving kindness or non-hatred) မည်သူ့ကိုမျှ ရန်ငြိုးမဖွဲ့ခြင်း မည်သူ့ကိုမျှ မနှောက်ယှက်မနှိပ်စက်ခြင်း (non-violance) ဟူသော မွန်မြတ်သော အရည်အချင်းတို့နှင့် ပြည့်စုံမှသာလျှင် ကျွန်ုပ်တို့သင်ကြားတတ်မြောက်ထားသော ပညာများသည် စစ်မှန်သောပညာ (true wisdom)ဖြစ်နိုင်ပါကြောင်းနှင့် ကရုဏာ ပညာ ဟူသော ဂုဏ်အရည်အချင်းနှင့် ပြည့်စုံမှသာ ကျွန်ုပ်တို့သာသာရေး၊ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်တို့သည် True men သို့မဟုတ် True leaders များဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ သီတဂူစန်းလပမာ၊ ချမ်းမြသာယာရှိကြပါစေ။ ဒေါက်တာအရှင်ဉာဏိဿရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်၊ စစ်ကိုင်း။ နေ့စွဲ - ၂၂ - ၈ - ၂ဝဝ၈

0 comments:

Post a Comment