အကျိုးကြီးလှ ဆွမ်းဒါန

မြတ်ဗုဒ္ဓ၏သာသနာတော်၌ သာသနာ့ဝန်ထမ်း ရှင် ရဟန်းတို့သည်-(၁)။ စာပေပရိယတ္တိ သင်ကြားပို့ချ ဟောပြောခြင်းတည်းဟူသော "ဂန္ထဓုရ" ဟုဆိုအပ်သော "ပရိယတ္တိသာသနာ" (၂)ရုပ်နာမ် ဓမ္မသင်္ခါရတရားတို့၏ သာဘာဝဓမ္မတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်အားဖြင့် ရှုမှတ်ဆင်ခြင်ပွားများခြင်းတည်းဟုသော "၀ိပဿနာဓုရ" ဟုဆိုအပ်သော " ပဋိပတ္တိသာသနာ" ထိုဓုရနှစ်ဖြာ သာသန်ာတော်မြတ်ကြီးကို မဖြစ်မနေ ထမ်းဆောင်ကြရပေမည်။
ထိုသာသနာတော်တာဝန်ကြီး နှစ်ရပ်ကို ထမ်းဆောင်နိုင်ဘို့ရန် (၁) ဆွမ်း၊ (၂) သင်္ကန်း၊ (၃) ကျောင်း၊ (၄) ဆေးတည်းဟုသော ပစ္စည်းလေးပါး ပြည့်စုံဘို့ရန် အလွန်အရေးကြီးလှပေသည်။

ထို့ကြောင် မြတ်ဗုဒ္ဓက "သာဂါရာ အနာဂါရာ စ ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ" ဟု ဟောတော်မူခဲ့ပါသည်။ ဒကာ ဒကာမတွေက ပစ္စည်းလေးဖြင့် ထောက်ပံ့ကြ၊ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများက တရားဖြင့်ချီးမြှောက်လျက် ဆရာ ဒကာလက်တွဲပြီး အမြတ်ဆုံးဖြစ်သော နိဗ္ဗာန်တိုင်ပေါက် ခရီးပေါက်အောင် လျှောက်လှမ်းကြရမည်သာဖြစ်သည်။ လောကမှာ သက်ရှိသတ္တ၀ါအားလုံး အာဟာရကို အမှီပြု၍ အသက်ရှင်နေထိုင်ကြရပေသည်။ ထို့ကြောင့် မြတ်စွာဘုရားက "သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ" လို့ ဟောတော်မူခဲ့ခြင်းဖြစ်ပေသည်။

ဆွမ်းလှူဒါန်းကျိုး၊ လက်ငင်းတိုး၊ အကျိုးကြီးလှသည်။
အကျိုးကြီးလှ၊ ဆွမ်းဒါန၊ ဗုဒ္ဓဟောပြသည်။
ဆွမ်းလှူဒါန်းခြင်းကြောင့် အလှူခံဖြစ်သော ရှင် ရဟန်းများအတွက် အကျိုးတရားငါးပါးကို မုချမသွေ ရနိုင်ပေသည်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်းတို့ဖြစ်ပါသည်။ အလှူရှင်ဖြစ်သော ဒကာ ဒကာမများအတွက် အကျိုးတရား ဆယ်ပါးရနိုင်ပေသည်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ တည်ကြည်ခြင်း၊ ခွန်အားကြီးခြင်း၊ အခြံအရံများခြင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၊ အစားအစာပေါများခြင်း၊ အဖျော်ယမကာပေါများခြင်း၊ ရဲရင့်ခြင်း၊ ဥာဏ်ပညာကြီးခြင်းတို့ဖြစ်ပေသည်။
ထို့အပြင် " သီလာဒိဂုဏယုတ္တဿ ဟိ ကဋစ္ဆုဘိက္ခာပိ ဒိန္နာအနေကာနိကပ္ပသဟဿာနိ ဒုဂ္ဂတိဝိနိပါတတော ရက္ခတိ" ဆွမ်းတစ်ဇွန်းအလှူရှင်သည် ကပ်ကမ္ဘာပေါင်း ထောင်သောက်းများစွာတို့၌ မကောင်းဆင်းရဲသော ဘ၀တို့သို့မရောက်နိုင်၊ မကောင်းဆင်းရဲသော ဘေးအန္တရာယ်များမတွေ့နိုင်ဟုမြတ်စွာဘုရားမိန့်တော်မူခဲ့သောကြောင့် ဧကန်မုချ ထိုးအကျိုးနှစ်ပါးကိုလည်း ခံစားရမှာဖြစ်ပါသည်။
အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ သူဆင်းရဲသည် သုမနသူဌေး၏ အခစား အလုပ်သမားဖြစ်ခဲ့ဘူး၏။ နေ့စဉ်နေ့တိုင်းတောထဲသို့ အလုပ်သွားရ၏၊ တနေ့သောအခါ တောထဲမှရွာသို့အပြန် ရွာတံခါးပေါက်၌ ပစ္စေကဗုဒ္ဓအရှင်မြတ်တပါးကိုတွေ့၏။ အန္နဘာရသည် ပစ္စေကဗုဒ္ဓအရှင်မြတ်အား ဆွမ်းလှူလိုသောကြောင့် အိမ်သို့ပြန်၍သူ၏ဇနီးသည်အား ငါ့ဘို့ချန်ထားတဲ့ ထမင်းရှိသေးလားဟု မေး၏၊ ဇနီးသည်က ရှိသေးကြောင်းပြောလိုက်သောအခါ အရှင်ပစ္စေကဗုဒ္ဓမထေရ်မြတ်ထံ ပြန်သွား၍ သပိတ်ကိုတောင်းယူကာ သူတို့ဇနီးမောင်နှံအတွက် ချက်ထားသောထမင်း ဟင်းတို့ကို အကုန်လောင်းလှူလိုက်လေသည်။ သုမနသူဌေး၏ ထီးစောင့်နတ်သည် အရှင်ပစ္စေကဗုဒ္ဓမထေရ်မြတ်၌ လှူလိုက်သည့်ဆွမ်းအလှူဒါနသည် ကြီးကျယ်မွန်မြန်လှပါပေစွတကားဟု ကောင်းချီးသြဘာပေး၏၊ သုမနသူဌေးက ငါဒီလောက်ကြီးကျယ်အောင်လှူနေတာကို မင်းမတွေ့ဘူးလား၊ ဘာခုမှ လာပြီးကောင်းချီးပေးနေရသနည်းဟု မေးသောအခါ ထီးစောင့်နတ်က သူဌေးမင်း အကျွန်ုပ်ကောင်းချီးပေးတာ သူဌေးမင်း၏အလှူကို ကောင်းချီးပေးတာ မဟုတ်ဘူး၊ အန္နဘာရ၏အလှူကို ကောင်းချီးပေးတာ ဖြစ်ပါသည်ဟု ဖြေကြားလိုက်၏။
သုမနသူဌေးသည် အန္နဘာရကိုခေါ်၍ မင်း၏အလှူကို ငါ့ပေးပါ ကုန်ကျစရိတ်တွေအတွက် ငါပိုက်ဆံပေးပါမည်ဟု ပြော၏၊ အန္နဘာရကက မပေးနိုင်ကြောင်းငြင်းဆို၏၊ အဲဒီလိုဆိုလျှင် အလှူဒါန၏ အမျှကိုတော့ ငါ့ကိုပေးဝေပါဟု တောင်းဆိုပြန်၏။ အန္နဘာရက အလှူဒါန၏အမျှကိုတော့ ပေးဝေဘို့ သင့် မသင့် ပစ္စေကဗုဒ္ဓမထေရ်မြတ်ကို မေးမြန်းကြည့်ပါဦးမည် ပေးသင့်သည်ဆိုပါက ပေးပါမည်ဟုပြောလိုက်၏။ ပစ္စေကဗုဒ္ဓမထေရ်မြတ်က ပေးဝေသင့်ကြောင်းအမိန့်ရှိ၍ သုမနသူဌေးအား အမျှကို ပေးဝေ၏။
သုမနသူဌေးကလည်း အန္နဘာရကို ကျေးဇူးဆပ်သောအားဖြင့် အသပြာတစ်ထောက်ကို ပေး၏၊ အန္နဘာရသည် နောက်တနေ့၌ ရှင်ဘုရင်အား ဆွမ်းအလှူ၏အမျှကို ပေးဝေ၍ ဆုလာဘ်တစ်ထောင်ရပြန်၏။ အန္နဘာရသည် အိမ်ဆောက်ဘို့ မြေတူးရာ မြောက်များစွာသော ရွှေအိုးတို့ကို တွေ့ပြန်၏၊ ထို့ကြောင့်ရှင်ဘုရင်က အန္နဘာရအား သူဌေးရာထူးကို ချီးမြှင့်ပေးသနားတော်မူ၏၊ ဤသည်ကား ပစ္စေကဗုဒ္ဓမထေရ်မြတ်အား လှူဒါန်းခဲ့သော ဆွမ်းဒါန၏ အကျိုးအာနိသင်ဖြစ်ပေသည်။
ထို့ကြောင့် မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများအား ဆွမ်းဆက်ကပ်လှူဒါန်းကြကုန်သော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည် အရှင်အနုရုဒ္ဓါအလောင်းလျာ အန္နဘာရနည်းတူ ယခုမျကမှောက်ဘ၀မှာပင် လောကီချမ်းသာအဖြာဖြာတို့ကို ရရှိခံစားနိုင်ကြကုန်သည်ဖြစ်၍ လောက သာသနာနှစ်ဖြာကောင်းကျိုးတို့ကို သယ်ပိုးထမ်းဆောင်လျက် "0၀ိမုတ္တိသုခ" တည်းဟူသော လောကုတ္တရာချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်-----

သြော် ကောင်ကျိုးကြီးလှ၊ ဆွမ်းဒါန၊
သြော် လှူထိုက်ပေစွ။ ဆွမ်းဒါန၊
ကောင်းကျိုးမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။

သာသနာတော်သက္ကရာဇ်-၂၅၅၃ခု၊ ကောဇာသက္ကရာဇ်-၁၃၇၃ခု၊ သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)​၏ ထာဝရ နေ့ဆွမ်း၊ အရုဏ်ဆွမ်း အလှူရှင်စာရင်း-------
၁။ ဒေါ်ညွန့်ညွန့်အေး (မန်းတက္ကသိုလ် ကျောင်းအမကြီး)
၂။ ဦးတင်ပေါ မိသားစု (မြဘုရင်-မန်း)
၃။ ဦးမြင့်သန်းအောင်+ဒေါ်မြင့်မြင့်သိန်း မိသားစု (မန်း)
၎။ ဦးချိုလေး+ဒေါ်ကြည် မိသားစု (သီတဂူ နွေငြိမ်း- မန်း)
၅။ မောရိယဆေးတိုက် မိသားစု (မန်း)
၆။ ဦးစိုးထွန်း+ဒေါ်ခင်ပြုံးကြည် မိသားစု (စစ်ကိုင်း)
၇။ ကိုအောင်ဝင်း+မအေးစံပယ်ဖြူဟန် မိသားစု (မင်းသီဟ-မန်း)
၈။ သီတဂူမောင်မောင် မိသားစု (ဗီဒီယိုရိုက်ကူးရေး-မန်း)
၉။ ဦးသောင်းဥာဏ်+ဒေါ်ခင်လှ မိသားစု (အောင်ချမ်းသာစတိုး-မန်း)
၁၀။ ကိုအောင်နိုင်ဆွေ+မမြင့်မြင့်နွယ် မိသားစု (သီရိရွှေစင်ရွှေဆိုင်-မန်း)
၁၁။ ကိုကျော်မြင့်ဆွေ+မစောကြူဝင်း မိသားစု (ရွှေပြည်မိုးကဖေး-မန်း)
၁၂။ ဒေါက်တာမောင်ဦး+ဒေါ်မို့မို့ မိသားစု (မန်း)
၁၃။ ဗိုလ်စိန်မှန်-ရန်ကုန်သီတဂူသာသနာပြုအဖွဲ့ (ရန်ကုန်) တို့အား မှတ်တမ်းတင်အပ်ပါသည်။ ။

ဖိုးကာ (မန်းသီတဂူ)။

0 comments:

Post a Comment