သီတဂူ သြ၀ါဒ ကောက်နှုတ်ချက်
0 comments Sunday, December 25, 2011မင်းတို့ ငါတို့ လုပ်ထားမှကွ၊ ခုဆိုရင် ငါတို့မှာ သားသ္မီးတွေ ပိုပိုများလာပြီ၊ ငါတို့ကို မှီခိုနေတဲ့ လူတွေများလာပြီ၊ ဒါကြောင့် ဆရာတော်က ငါတို့ အလုပ်လုပ်နေတာပါဟု ကြွေးကြော်ပြီး၊ သီတဂူအလုပ်လုပ်နေတာဟာ သူတစ်ပါးကို အနိုင်ယူလို၍၊ အသာစီးရလို၍၊ ပြိုင်ဆိုင်လို၍မဟုတ် မိမိသမိုင်းမှတ်တိုင်ကိုသာ မိမိကိုယ်တိုင် စိုက်ထူပြလို၍ ဖြစ်တယ်။
ဓမ္မ, ၀ိနယသည်, ငါတို့၏စည်းကမ်း၊ လုပ်ပိုင်ခွင့် အလုပ်ကို လုပ်နေရခြင်းသည် ငါ့တို့၏အခွင့်အရေး။
အပျက်ကိုမြင်၍ မလုပ်လျှင် မဖြစ်တာပဲရှိမယ်။ အဲဒီတော ငါတို့ရဲ့အလုပ်ဟာ ငါတို့ရဲ့ သမိုင်းမှတ်တိုင်ပဲပေါ့။
"Pushing to the front" ဤစာအုပ်ထဲမှ ထင်ရှားသောပုဂ္ဂိုလ်များဟာ ဘယ်တက္ကသိုလ်မှ ဘွဲ့ရထားသူများ မဟုတ်ကြပါဘူး။ "လောကော သတ္တာနမာစေရော" လောကကြီးဟာ ငါတို့ရဲ့ဆရာ။ လောကထဲမှာ မြင်တတ်တဲ့ မျက်လုံးနဲ့ ကြားတတ်တဲ့ နားရှိဖို့လိုတယ်၊ မြင်တာ ကြားတာမှန်သမျှကို စိစစ်ဖို့လိုတယ်၊ အဲဒါတွေအားလုံးဟာ ငါတို့ရဲ့ ဆရာပဲ။
မြေကြီးထဲက ထွက်လာတဲ့ ဓာတ်သတ္တုတွေလိုနေကြတာ၊ မြေဆိုင်ခဲတွေကို ခွဲထုတ်ပြီး ဖယ်ရှားဖယ်ရှားရင်းနဲ့ နောက်ဆုံး ရွှေရောက်သွားတယ်၊ အဘိုးအတန်ဆုံးဖြစ်သွားတယ်။ အဲဒီလိုပဲ နှစ်ပေါင်းတစ်ရာအတွင်းမှာ နောက်ဆုံး ငါတို့ရဲ့ဘ၀ကို ဖြေးဖြေးချင်း ဖြေးဖြေးချင်း၊ သင်ရင်း ကြားရင်း ကြည့်ရင်း စိစစ်ရင်းနဲ့ ထပ်တလဲလဲ မင်းတို့ငါတို့ရဲ့ နှလုံးသားကို စိစစ်ပြီးတော့ ဓာတ်ခွဲပြစ်ရမယ်။
လူ့လောကကြီးကို ကျေးဇူးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်၊ လောကကြီးကို ဖျက်ဆီးမည့် ပုဂ္ဂိုလ်တွေ ပေါတယ်၊ လောကကြီးကို ကျေးဇူးပြုတဲ့ အလုပ်တွေ၊ အပြောတွေ၊ ပြောကြ လုပ်ကြ၊ လောကကြီးကို ဒုက္ခပေးမည့်အလုပ်တွေ၊ အပြောတွေ မလုပ်မိအောင် မပြောမိအောင် မကြံမိအောင် နေကြ။
တိုင်းပြည်နဲ့ သာသနာတော်ကို အကျိုးမပြုနိုင်ဘဲ သေသွားတဲ့လူတွေ အများကြီးပဲ၊ အဲဒီအထဲ မင်းတို့ငါတို့ မပါစေနဲ့။
"As there is nothing in the world great but men, there is nothing truly great in men, but character"
" လောကကြီးမှာ လူမှတပါး ကြီးကျယ်ခန်းနားတာ ဘာမှမရှိသလို၊ လူမှာလည်းပဲ ကိုယ်ကျင့်တရားမှတပါး ကြီးကျယ်မြင့်မြတ်တာ ဘာမှ မရှိပါဘူး"။
"The more I know him, the more I love him. The more I love him, the more I know him.
"သူ့အကြောင်းကို သိလေလေ, သူ့ကို ပိုပြီးကြည်ညိုလေလေ။ သူ့ကို ကြည်ညိုလေလေ, သူ့အကြောင်းကို သိလေလေပါပဲ"
ရှင်သုခ (မင်းလှ)၂၅-၁၂-၁၁
read more “သီတဂူ သြ၀ါဒ ကောက်နှုတ်ချက်”

သီတဂူတက်လမ်း စက္ခုဒါနဆေးရုံဖွင့်ပွဲ
0 comments Wednesday, December 21, 2011သီတဂူဆရာတော် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ သီတဂူတက်လမ်း စက္ခုဒါနဆေးရုံဖွင့်ပွဲသို့ ကြွရောက်ရာတွင် လမ်းခရီးအကြား နေ့ဆွမ်းဘုဉ်းပေးနေစဉ်
ဖွင့်ပွဲဓာတ်ပုံမျှသာ
သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် တက်လမ်းဆောက်လုပ်ရေးတို့ လှူဒါန်းသော
သီတဂူတက်လမ်း စက္ခုဒါန ဆးရုံ (လွိုင်ကော်)ကို
(၂၀- ၁၂-၂၀၁၁)နေ့ မနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကန္တာရ၀တီ ကျောင်းတိုက်ရှိ ဆေးရုံတည်နေရာတွင်ပင် ဖွင့်လှစ် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းက ဆေးရုံဆောက်လုပ်
ဖြစ်ပေါ်လာမှုကို တင်ပြလျှောက်ထားပါသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား
လျှောက်ထားပြီး၊ သီတဂူဆရာတော်ကြီးမှ သြ၀ါဒစကားမိန့်ကြားပါသည်၊
ပြည်နယ်တာဝန်ရှိသူများ၊ ပြည်နယ်သံဃာနာယက ဆ၇ာတော်များ၊
ခရစ်ယာန်ဘုန်းတော်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များက ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြပါသည်၊ ထိုအချိန်တွင် အမြှောက် ကိုးချက်ဖေါက်ကာ ဂုဏ်ပြုခဲ့ပါသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်၊ ထို့နောက် ဆေးရုံဖွင့်ပွဲ အထိမ်းအမှတ် အလံများနဲ့ ပြည်နယ်ဝန်ကြီးချုပ်က
အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါသည်၊ ၎င်းနောက် ဆေးရုံ မော်ကွန်း ကျောက်စာကို
သီတဂူဆရာတော်နဲ့ ပြည်နယ်မှ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်လမ်း
ဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းတို့က နံ့သာရေများ ပက်ဖြန်းကာ ကြွရောက်လာသော ဆရာတော် သံဃာတော်များက "ဇယန္တော ဗောဓိယာမူလေ" အစချီပြီး "ဗောဇ္ဈင်္ဂ" သုတ်များ ရွတ်ဖတ်ကြပြီး
ကြွရောက်လာသော သံဃာတော်များနှင့် ဧည်သည်တော်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကာ ဖွင့်ပွဲအခန်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပါသည်၊ သီတဂူသာသနာပြုအဖွဲ့မှ ဆေးရုံသုံးပစ္စည်းများနှင့် မီးစက်အတွက် အလှုငွေ ကျပ်သိန်ပေါင်း (၂၀၀၀)ကျော်နှင့်
တက်လမ်းဆောက်လုပ်ရေးမှ အဆောက်အဦးအတွက် ကျပ်သိန်းပေါင်း(၃၀၀၀) ကျော်ဖိုး အကုန်အကျခံ
ဆောက်လုပ် လှူဒါန်းခဲ့ကြပါသည်၊
နေ့လည်ပိုင်းတွင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် လွိုင်ကော် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကျပ်ငွေပေါင်း သိန်း(၁၅၀၀) ကျော်မျှ တန်ဘိုးရှိသော ဆေးရုံသုံးပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြပါသေးသည်၊
သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ။
စပယ်ပန်း (လှဆန်းယဉ်)
(၂၁-၁၂-၁၁-၂၃း၃၅)
ဝါဆိုဆရာတော်ဘုရားကြီး၏ သြ၀ါဒအနှစ်ချုပ်
0 comments Monday, December 5, 2011***အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ “The Hotel Lalit နှင့် "Asoka Hotel” ၌ ကျင်းပသော တစ်ကမ္ဘာလုံး ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး၌ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး၏ နှုတ်ခွန်းဆက်စကား***
ဝါဆိုဆရာတော်ဘုရားကြီးက မြန်မာဘာသာဖြင့် မိန့်ကြားတော်မူ၍ သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာပြန်ဆို ပြောကြားခဲ့သည်။ (၂၇-၁၁-၂၀၁၁)။
ချစ်ခင်လေးစားအပ်ပါသော သံဃာတော်များ၊ ထူးခြားသည့် ဧည့်သည်တော်ကြီးများ၊ ဘာသာရေး နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့ ရှေးဦးစွား “Asoka mission” ဆိုတဲ့ အသောကသာသနာပြုအဖွဲ့နှင့် စည်းရုံးရေးအဖွဲ့ဝင်များ၏ ဤမျှကြီးကျယ်ခမ်းနားသော တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး ဖြစ်ပေါ်လာအောင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့သည့်အတွက် အလေးအနက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ထို့အပြင် ဤအစည်းအဝေးကြီး၌ အကျွန်ုပ်အား နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ပေးသည့်အတွက်လည်း မြန်မာနိုင်ငံ သံဃာတော်ပေါင်း ငါးသိန်းကျော်တို့နှင့် သန်းခြောက်ဆယ်ကျော်မျှရှိသော မြန်မာနိုင်ငံပြည်သူ/သားတို့ကိုယ်စား အထူးပင်ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားလိုပါသည်။ ဤမျှကြီးကျယ်ခမ်းနားသော တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီး၌ ထူးခြားသည့်ဧည့်သည်တော်များ၊ ပညာရှိများ၊ နိုင်ငံရေး ဘာသာရေး စိတ်ဓာတ်ရေးရာ ခေါင်းဆောင်များနှင့် အတူတကွ ပါဝင်တက်ရောက်ရန် အထူးအခွင့်အရေးရရှိသည့်အတွက် အမှန်တကယ်ပင် ဂုဏ်ယူဝမ်းမြောက်ပါသည်။ အကျွန်ုပ်တို့သည် အိန္ဒိယနိုင်ငံတော်ကြီး၏ ဘာသာရေးအတွေးအခေါ်ပညာ၊ စိတ်ပညာ၊ စာပေအနုပညာ စသည်တို့၌ ကြီးကျယ်မြင့်မြတ်သော ဗုဒ္ဓကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၊ ဇိနကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၊ ရ၀ိန္ဒြာနတ်တဂိုးကဲ့သို့သော စာပေပညာရှင်များထံမှ မျိုးဆက်တစ်ခုမှတစ်ခု ယနေ့တိုင် အဆက်မပြတ် ကြီးကျယ်ဖြစ်ထွန်းရရှိနေသည်ကိုလည်း အကျွန်ုပ်တို့ အထူးပင်စိတ်ဝင်တစား ရှိရပါသည်။ မဟတ္တမဂန္ဓီ၏ အဟိံသာဝါဒသည် မြတ်ဗုဒ္ဓ၏ ကရုဏာတို့နှင့် ဆက်စပ်နေသည်မှာလည်း အထူးပင် အံ့သြဖွယ်ရာ ဖြစ်ပါသည်။ မဟာဝီရ၏ အဟိံသာဝါဒတို့သည် အာရှတိုက်၏ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များအပေါ်မှာသာ လွှမ်းမိုးနိုင်ခဲ့ရုံမျှမက ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များကိုပါ အကြီးအကျယ် လွှမ်းမိုးနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာ ဖြစ်ပါသည်။ ကြီးမြတ်သော ယောက်ျားတို့သည် ကြီးမြတ်သောစိတ်ဓာတ်ဖြင့် ကြီးကျယ်မြင့်မြတ်သော အလုပ်တို့ကို ကမ္ဘာ့သမိုင်းတွင်အောင် လုပ်ဆောင်ခဲ့ကြသည်။ ရ၀ိန္ဒြာနတ်တဂိုး ရေးသားခဲ့သော ကဗျာတို့၏ အရောင်အရိပ်များသည် ယနေ့တိုင်အောင် လူ့လောကကြီးတစ်ခုလုံးအပေါ်မှာ နွေးထွေးစွာ လွှမ်းမိုးလျက်ရှိပါသည်။ သူ၏ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားတို့အကျိုးပြု ကဗျာစာပေတို့မှာ နိုင်ငံနှင့် လူမျိုး နယ်နိမိတ်အားလုံးကို ကျော်ဖြတ်၍ ယနေ့တိုင် တစ်ကမ္ဘာလုံးကို လွှမ်းမိုးလျက် ရှိပါသည်။
ဒါကြောင့် ဒီကနေ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း အကျွန်ုပ်စကားအနည်းငယ်မျှ ပြောကြားလိုပါသေးသည်။ အမှောင်ထဲမှာ နေရတဲ့လူတို့အတွက် အလင်းရောင်ဆိုတာ တကယ်ပဲလိုက်အပ်ပါတယ်။ သို့သော် အမှောင်နှင့်အလင်း ဤနှစ်ခုသည် ပူးတွဲရပ်တည်လို့ မရပါ။ မှောင်တဲ့နေရာမှာ အကျွနု်ပ်တို့သည် အလင်းကို အစားထိုးရမှာ ဖြစ်ပါသည်။ ထို့အပြင် မီးရှိတယ် မီးလောင်တယ်ဆိုရင် ရေသည် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတစ်ခုပါ။ သို့သော် ရေနှင့်မီးတို့သည် အတူတကွတွဲ၍ မရပ်တည်နိုင်ကြပေ။ လေးစားအပ်ပါသော သံဃာတော်များ၊ ချစ်ခင်ရပါသော ဂုဏ်သရေရှိ ပရိသတ်များ ယနေ့ မျက်မှောက်ခေတ်တွင် ကမ္ဘာကြီးသည် စိုးရိမ်ပူဆွေးခြင်း၊ လုံခြုံမှုမရှိခြင်း၊ ဆင်းရဲငတ်မွတ်ခြင်းတို့အောက်တွင် အများဆုံးရောက်ရှိနေပါသည်။ ထိုဒုက္ခအပေါင်းတို့ကို ဖြစ်စေတာကတော့ ညှင်းဆဲနှိပ်စက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ပဋိပက္ခဖြစ်ခြင်းတို့ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမတစ်ခု၌ “အန္ဓီဘူတော အယံ လောကော၊ ဤလောကကြီးသည် ကန်း၏”။ “သဗ္ဗော လောကော ပကမ္ပိတော၊ ဤလောကကြီးသည် တုန်လှုပ်နေ၏”။ “သဗ္ဗော လောကော ပဇ္ဇလီတော၊ ဤလောကကြီးသည် လောင်ကျွမ်းနေ၏” ဟု မိန့်တော်မူထားတာ ရှိပါသည်။ သစ္စာတရားကို မသိနားမလည်ခြင်း၊ အာဏာနှင့်စည်းစိမ်ကို မက်မောခြင်းတို့ကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး၌ ကမ္ဘာမြေကြီး သွေးနီစွန်းခဲ့သည်မှာ များပြားလှပေသည်။ ထို့ကြောင့် ယနေ့မျက်မှောက်ကမ္ဘာမှာ လူသားအားလုံးတို့ကို ငြိမ်းချမ်းစွာ ညီညွတ်စွာ အတူတကွ လက်တွဲကြဖို့ အရေးကြီး လိုအပ်နေပြီ ဖြစ်ပါသည်။ ဤလိုအပ်ချက်က ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ၊ စိတ်ဓာတ်ရေးရာခေါင်းဆောင်များ၊ နိုင်ငံရေးရာခေါင်ဆောင်များကို အထူးပင် စိန်ခေါ်နေပြီဖြစ်ပါသည်။ အကျွန်ုပ်တို့အားလုံး ထိုစိန်ခေါ်ချက်များကို ရင်ဆိုင်ရပါလိမ့်မည်။ အကျွန်ုပ်တို့ ခေါင်းဆောင်များအားလုံး ကမ္ဘာကြီး၏လိုအပ်ချက်တို့အပေါ်မှာ တာဝန်ရှိနေကြသည်ဆိုတာကို လက်ခံကြရပေလိမ့်မည်။ ယနေ့ ကမ္ဘာသူ/သားတို့ ကိုးကွယ်နေကြသည့် ဘာသာတရားတိုင်းမှာ အပြင်လွှာအကာနှင့် အတွင်းပိုင်းအနှစ်ဟူ၍ နှစ်မျိုးရှိပါသည်။ ကျမ်းစာများ၊ ပုံဝတ္ထုများ၊ ယုံကြည့်မှုများ၊ အခန်းအနားများ၊ ရဇ်စသည်ပူဇော်ခြင်းများမှာ ဘာသာတရားအားလုံး၏ အပေါ်လွှာအကာပင် ဖြစ်ပါသည်။ ထိုအပေါ်ယံ အကာအခေါက်များက ဘာသာတရားတစ်ခုနှင့်တစ်ခုကို ခြားနားကွဲပြားစေကြတာ ဖြစ်ပါသည်။ သို့သော် ဘာသာတရားတိုင်းမှာ အတွင်းပိုင်းအနှစ်ဆိုတာ ရှိပါတယ်။ အတွင်းအနှစ်သို့ရောက်လျှင် ဘာသာတရားအားလုံး တူညီသွားကြပါသည်။ ဒါန၊ သီလ၊ ကိုယ်ကျင့်တရား၊ လူ့ဘ၀စည်းကမ်းစိတ်ဓာတ်ထိမ်းခြင်း၊ စိတ်ဓာတ်ဖြူစင်ခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ၊ ပညာတို့မှာ ဘာသာတရားတိုင်း၏ အနှစ်သာရ တူမျှနေသော အချက်ပင်ဖြစ်ပါသည်။ လူသားတိုင်း အညီအမျှ လက်ခံနိုင်ကြသည့် သီလ၊ သမာဓိ၊ ပညာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ ဤအချက်များကို အားလုံးသော ဘာသာရေးခေါင်ဆောင်တို့က လောကကြီးတစ်ခုလုံးကို အလေးအနက်ထား၍ သင်ကြားပို့ချပေးဖို့ လိုအပ်ပါသည်။ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ကြသည့် လူသားအားလုံးတို့က အထက်ပါ ဘာသာရေးအနှစ်သာရကို အလေးအနက်ထားပြီး လိုက်နာကျင့်သုံးကြဖို့ လိုအပ်ပါသည်။ အကယ်၍သာ ဘာသာရေးခေါင်ဆောင်များနှင့် ဘာသာဝင်အားလုံးတို့က ဘာသာတရား၏ အနှစ်သာရကို သင့်တင့်လျှောက်ပတ်စွာ အလေးအနက်ထား ဦးစားပေးကျင့်သုံးနိုင်ကြမည်ဆိုလျှင် ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ ပညာ၊ အဟိံသာတရားတို့က ပဋိပက္ခနှင့် စစ်မက်များကို လျှော့ပါးသွားအောင် ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ အားလုံးသော လူသားတို့သည် မိမိတို့ ယုံကြည်ရာ ကိုးကွယ်ရာကို လွတ်လပ်စွာယုံကြည်ခွင့် ကိုးကွယ်ခွင့် ဟောပြောခွင့် ရှိသင်ပေသည်။ သို့သော် လူသားတိုင်း သတိပြုရမှာက ဆိုင်ရာဆိုင်ရာ ဘာသာတရားတို့၏ အနှစ်သာရကို ကျင့်သုံးလိုက်နာဖို့ မချွတ်မယွင်း မပျက်ကွက်ရန်ပင် ဖြစ်ပါသည်။ ထို့အပြင် မိမိဒဘာသာတရားဖြင့် အခြားသောဘာသာတရားတို့ကို အနှောက်အယှက်မပြုရန်လည်း အရေးကြီးပေသည်။ ဓမ္မာသောကမင်းကြီး၏ ကျောက်စာ၌ ဖေါ်ပြထားသကဲ့သို့ မိမိတို့၏ ဘာသာတရားထွန်းကားရေးအတွက် အခြားအခြားသော ဘာသာတရားနှင့် ဘာသာဝင်တို့ကို မနှောက်ယှက်ရန် မပုတ်ခတ်ရန် အရေးကြီးပေသည်။ ဤကဲ့သို့ ဘာသာတရားများ များပြားစွာရှိရာ၌ ဘာသာအယူဝါဒ အမျိုးမျိုးရှိကြကုန်သော လူတို့သည် မြတ်ဗုဒ္ဓကို ချဉ်းကပ်ကြသည့်အခါ မြတ်ဗုဒ္ဓက ဤကဲ့သို့ ပြန်လည်၍ မိန့်တော်မူဘူးပါသည်။ “အို အချင်းလူသားတို့ သဘောမတူနိုင်သည့်အချက်များကို ဘေးဖယ်ထားလိုက်ကြပါစို့၊ သဘောတူညီနိုင်သည့် အချက်များကိုပဲ ဆွေးနွေးပြောဆိုကြပါစို့၊ အကျွန်ုပ်တို့ ကျင့်သုံးလိုက်နာရမည့် ကျင့်စဉ်များ၌ ငါတို့ ကျင့်သုံးရမည့် ကျင့်စဉ်များ၌ည ငါတို့အားလုံး သဘောတူနိုင်သည့်အချက်များကိုပဲ ထည့်သွင်းဆွေးနွေးကြပါစို့၊ အဘယ့်ကြောင့် မတူညီသည့်အချက်များကို ရှေးတန်းတင်၍ ငြင်းခုံနေကြပါသနည်း?” ဤသို့လျှင် အံ့ချီးဖွယ်ကောင်းသော ပညာရှင်တို့၏ ညီညွတ်ရေးစကား၏ စွမ်းရည်သတ္တိများသည် ယနေ့ထက်တိုင်အောင် ကမ္ဘာပေါ်၌ ထင်ရှားတည်ရှိလျက်ပင် ရှိပါသေးသည်။ ဆူပူသောင်းကြမ်းခြင်း၊ နှောက်ယှက်ဖျက်ဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုသာ စူးစိုက်လုပ်နေကြမည်ဆိုလျှင် ထိုရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်တို့သည် မိမိတို့၏ သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမများကို ညှင်းပန်းနှိပ်စက်နေကြသူများ ဖြစ်သည်မှာ ရှင်းလင်းစွာ သိသာလှပေသည်။ သူတို့ဟာ သီးမခံနိုင်ခြင်း၊ ခွင့်မလွတ်နိုင်ခြင်းက တုန့်ပြန်သည်မှာ ရက်စက်ကြမ်းကြုတ်ခြင်း ပုန်းအောင်းလုပ်ကြံခြင်းတို့ ဖြစ်ကြပါသည်။ အခြားတစ်ဖက်၌ ကောင်းခြင်းမင်္ဂလာဆိုသည်မှာ ကရုဏာတရားပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရက်စက်ကြမ်းကြုတ်သူတို့မှာ သနားခြင်းကရုဏာတရားကိုပင် အကျိုးအမြတ်ရကြပေလိမ့်မည်။ ဤသည်ကား သဘာဝဥပဒေဖြစ်သည်။ ဤသည်ကို ဘုရားသခင်၏ အညီအမျှဆုံးဖြတ်ချက်ဖြစ်ခြင်းဟု ခေါ်ဆိုနိုင်သည်။ ဆိုလိုသည်မှာ ဆူပူသောင်းကြမ်း ရက်စက်ကြမ်းကြုတ်သူများကို ကရုဏာပြုရမည်ဟု ဆိုချင်သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ “ရန်ကို ရန်တုန့်ပြန်ခြင်းဖြင့် ရန်ပွဲမငြိမ်းနိုင်၊ ဆဲဆိုသူကို ပြန်လည်ဆဲဆိုခြင်းဖြင့် ဆဲဆိုပွဲကြီး ကျယ်ပြန့်လာနိုင်သည်။ စွပ်စွဲသူကို ပြန်လည်စွပ်စွဲခြင်းဖြင့် စွပ်စွဲမှုတွေ ရှုပ်ထွေးလာနိုင်သည်။ ရန်ပြုခြင်း၊ စွပ်စွဲခြင်း၊ ဆဲရေးခြင်းတို့ကို သီးခံခြင်း၊ ခွင့်လွတ်ခြင်း၊ မေတ္တာထားခြင်းတို့ဖြင့်သာ ငြိမ်းအေးစေနိုင်သည်။ တိုက်ခိုက်လာသူကို ပြန်လည်၍ တိုက်ခိုက်ခြင်းဖြင့် မငြိမ်းအေးနိုင်၊ အကြမ်းဖက်သူကို ပြန်လည်၍ အကြမ်းဖက်ခြင်းဖြင့် မငြိမ်းချမ်းနိုင်၊ ရက်စက်ခြင်း အကြမ်းဖက်ခြင်းတို့ကို ခန္တီ၊ မေတ္တာတို့ဖြင့်သာ ငြိမ်းချမ်းစေနိုင်သည်။ ဤသည်ကား ကမ္ဘာ့လူသားတို့ ကျင့်သုံးသည့်တရား၊ ကမ္ဘာဆုံးအောင် ကျင့်ရမည့်တရား၊ ဘာသာတရားတိုင်းမှာ ရှိရမည့်တရား ဖြစ်သည်။ ဤသည်ကား ဓမ္မ၊ ဓမ္မဆိုတာ ဤကမ္ဘာမှာ ဗုဒ္ဓလည်းမဟုတ်ဘူး၊ Buddhism, Hinduism, Sikhism, Islamism, Judism, Jainism, Christianity” လည်း မဟုတ်ပါဘူး။ ဓမ္မဆိုတာ ဘာအစ်ဇင်းမှ မဟုတ်ပါဘူး။ တကယ်စင်စစ် ဓမ္မဆိုတာ သစ္စာတရားပဲ ဖြစ်ပါတယ်။ ဓမ္မက အကျွန်ုပ်တို့ကို သင်ပြသည်မှာ မည်သူ့ကိုမျှ ဒုက္ခနပေးပါနှင့်တဲ့၊ အကျွန်ုပ်တို့သည် သူတပါးကို ဒုက္ခပေးမည်ဆိုလျှင် အကျွန်ုပ်တို့စိတ်ထဲမှာ ရှေးဦးစွာ ဒုက္ခဖြစ်နေပြီဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ သူတပါးကို ဒုက္ခပေးမည်ဆိုသည့် မလိုလားအပ်သည့် စိတ်ယုတ်မာတို့ကို အကျွန်ုပ်တို့ ထုတ်ဖယ်ဖြစ်နိုင်လျှင် အကျွန်ုပ်တို့ချက်ချင်း အကျွန်ုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းရေး ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆိုတာကို အကျွန်ုပ်တို့ရဲ့ ကိုယ်တွင်းမှာပဲ ရှာဖွေတွေ့ရှိနိုင်ပါသည်။ အကျွန်ုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းရေးရဖို့ အကျွန်ုပ်တို့ကိုယ်တွင်းက ယုတ်မာသောစိတ်ဓာတ် (Mental negativities of mind) များကို ထုတ်ဖယ်ပြစ်ဖို့ အရေးကြီးပါသည်။ ဤသို့ အားထုတ်နိုင်ကြလျှင် အကျွန်ုပ်တို့ တစ်ယောက်ချင်း ပိုင်ဆိုင်ထားသည့် ငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံး ဖြန့်ကျက်နိုင်မည် ဖြစ်ပါသည်။ အကျွန်ုပ်တို့ တစ်ယောက်ချင်း၏ ငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံးသို့ဖြန်နိုင်ကြပါစေ။
အထူးလေးအပ်ပါသော ထေရ၀ါဒနှင့် မဟာယာနသံဃာတော်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် ဓမ္မမိတ်ဆွေများ -----------------
နိဂုံးချုပ်ပြောကြားလိုသည်မှာ အကျွန်ုပ် အထက်မှာ ပြောခဲသည့်အတိုင်း ဤတစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးက လူသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြခြင်းဟူသော အဓိကရည်ရွယ်သုံးခုကို တည်ဆောက်ပေးမည့် စိတ်ဓာတ်များကို ဖြန့်ချိနိုင်လိမ့်မည်ဟု အကျွန်ုပ်တို့ သဘောတူ လက်ခံယုံကြည်သည်။ ထို့အပြင် ယဉ်ကျေးမှု၊ ယုံကြည်မှု လူမျိုး အမျိုးမျိုးရှိကြသည့် လူသားလုံးတို့အတွက် အကျွန်ုပ်တို့ အစည်းအဝေးတက်ရောက်လာကြသည့် ဘာသာရေးခေါင်းဆောင် အားလုံးတို့ကလည်း တာဝန်အသီးသီး ခွဲဝေယူကြလိမ့်မည်ဆိုတာကို အကျွန်ုပ်တို့ သဘောတူ ယုံကြည်လက်ခံပါသည်။ မြန်မာနိုင်ငံ ထေရ၀ါဒသံဃာငါးသိန်းကျော်တို့ကိုယ်စား၊ သန်းပေါင်းခြောက်ဆယ်ကျော်သော ပြည်သူ/သားတို့ကိုယ်စား ပြောကြားလိုသည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လူသားအားလုံး တည်ငြိမ်ရေး၊ ကမ္ဘာ့လူသားအားလုံးတို့ မပူမပန် မကြောင့်မကြ စားဝတ်နေမှု ပြည့်စုံရေးတို့အတွက် ဤအစည်းအဝေးကြီးက ချမှတ်သည့် လုပ်ငန်းစီမံချက်များ အားလုံးတို့ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း၊ အားပေးကြောင်း ပြောကြားလိုပါသည်။ ထို့အပြင် ဘာသာရေးကို အခြေခံ၍ ဆင်ခြင်တုန်တရား ကင်းမဲ့ခြင်း၊ တရားဥပဒေ ကင်းမဲ့ခြင်း၊ ဆူပူသောင်းကြမ်းခြင်းတို့ကို ဆန့်ကျင်တိုက်ဖျက်ရာ၌ အားလုံးသော အစည်းအဝေးတက်ရောက်လာကြကုန်သော ညီတော်နောင်တော်တို့ တစ်သွေးတည်း တစ်သံတည်း ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟုလည်း လှိုက်လှိုက်လှဲလှဲ ယုံကြည့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါသည်။ ။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
“သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ သန့်သန့်ရှင်းရှင်း ထွန်းတောက်ပါစေ”
(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ-ရှင်သုခ(မင်းလှ)
(28-11-11-01:40)
ကမ္ဘာ့ငြိမ်းချမ်းရေးမှ အဆက်
0 comments Sunday, December 4, 2011တောင်ကုန်းပေါ်က ဆင်းပြီး အမှတ်သုံးကားပေါ်တက်၊ ကားပေါ်ကဆင်းပြီး ပုတ်ရဟန်းမင်းကြီး၏ ရထားပေါ်တက်တော့လည်း အမှတ်သုံးတွဲမှာပဲ ဖြစ်လေသည်။ အပြန်မှာ ယှဉ်တွဲထိုင်လာသူကတော့ တရုပ်နိုင်ငံ၊ ရှောင်လင်ကျောင်းတိုက်က သိုင်းကစားတတ်သည့် တရုပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးပင် ဖြစ်သည်။ အစီစီမြို့သို့ အသွားတုန်းက ရထားပေါ်မှာ ကွန်ဂိုဘုန်းတော်ကြီးနှင့် ကွန်ဂိုဘာသာရေးအကြောင်းတို့ကို ဆွေးနွေးမိကြသည်။ အစီစီမြို့မှ ရောမမြို့သို့ ပြန်သောအခါမှာတော့ တရုပ်ရှောင်လင်ဘုန်းကြီး မေးသမျှ မြန်မာ့ဘာသာရေးအကြောင်းတွေကို ပြောခဲ့ရလေသည်။ တွေးတောမိသည်မှာ တရုပ်ပြည်က ယန်စီမြစ်သည်လည်း ပင်လယ်သို့ ၀င်၏။ မြန်မာ့ ဧရာဝတီမြစ်သည်လည်း ပင်လယ်မှာပင် အဆုံးသတ်၏။ အိန္ဒိယနိုင်ငံက ဂင်္ဂါမြစ်သည်လည်း ပင်လယ်သို့ရောက်တော့ ပန်းဝင်သည် မဟုတ်လော့?. အီဂျစ်က နိုင်းမြစ်၊ ဥရောပက ရိုင်းမြစ်၊ မြောက်အမေရိကက မစ္စစပီမြစ်၊ တောင်အမေရိကက အမေဇုံတို့သည်လည်း ပင်လယ်သို့သာ ၀င်ကြလေကုန်၏။ အမည်တို့ကို ကုန်းပေါ်မှာ ထားခဲ့ကြလေသည်။ ပင်လယ်ထဲသို့ရောက် အမည်ပျောက်၍ ပေါင်းကြလေကုန်၏။
“Peace, Harmony, Co-Existence”, ဟူသည် အမည်အမျိုးမျိုးရှိသောမြစ်တို့ ပင်လယ်သို့ ၀င်ကြကုန်သည်နှင့် တူ၏။ အောက်တိုဘာလ နှစ်ဆယ့်ခုနှစ်ရက်နေ့ည ရှစ်နာရီခန့် ဘာတီကန်နန်းတော်သို့ ပြန်ရောက်၏။ မိုးတစ်ဖွဲဖွဲ ကျရောက်နေသည်။ မိုးရေမှုန်တို့အောက်က ရွှေရောင်တောက်ပနေသော စိန့်ပီတာကျောင်းတော်ကြီး၏ အမိုးလုံးလုံးကို လျှစ်စစ်မီးမောင်းများ အားကောင်းစွာထိုးထားသဖြင့် ရှုမ၀နိုင်အောင် ကြည့်နူးရသည်။ မိုးဖွဲများ သဲလာသဖြင့် ရောမမြို့တော်၏ လမ်းတို့မှာ ငွေရောင်တောက်နေသည်။ ခပ်ဖြေးဖြေးမောင်းခဲ့ရသည့်အတွက် ညဆယ့်တစ်နာရီရောက်မှ ဟိုတယ်ပြန်ရောက်ကြလေသည်။ ဟိုတယ်ပြန်ရောက်တော့ တီဗွီ တယ်လီဗေးရှင်းမှ သတင်းများ ဖွင့်ကြည့်သည်။ ဘာသာပေါင်းစုံ အစည်းအဝေးမှ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို နောက်တစ်ကြိမ်ပြန်လွင့်တာ ကြည့်လိုက်ရသည်။ နှစ်ဆယ့်ရှစ်ရက် နံနက်ခင်းတွင် မနက်စာ စောစောစား၍ ပုတ်ရဟန်းမင်းကြီး၏ ရုံးချုပ်သို့ သွားကြရသည်။ အရေးကြီးသော နေရာတိုင်း၌ ၀ါ-စိမ်း-နီ အကွက်ဆင်းဖြင့် ချုပ်ထားသည့် ယူနီဖေါင်းကို ဆင်မြန်းထားသော ဆွစ်ဇာလန်လူမျိုး လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေကြသည်ကို တွေ့ရသည်။ အချို့က ဓာတ်ပုံတွဲရိုက်ကြသည်။ ပုတ်ရဟန်းမင်းကြီး၏ ရုံးချုပ်ခန်းမဆောင်ကြီး တစ်ခု၌ “VIP” သတ်မှတ်ထားသည့် ဘာသာရေးခေါင်းဆောင် နှစ်ရာ့ငါးဆယ်ခန့်ကို ပုတ်ရဟန်းမင်းကြီးကိုယ်တိုင် တစ်ယောက်ချင်း တစ်ယောက်ချင်း အသီးအသီး တွေ့ဆုံ၍ လက်ဆွဲနှုတ်ဆက်ကာ နှုတ်ဆက်စကား ပြောကြားသည်။ ဤနေရာမှာ ဘာသာရေးခေါင်းဆောင်တို့က လက်ဆောင်ပစ္စည်းအမျိုးမျိုး ပေးကမ်းကြသည်။ အရေးကြီးပုဂ္ဂိုလ်နှင့် အရေးမကြီးပုဂ္ဂိုလ်ကို လည်ပင်း၌ ချိတ်ဆွဲရသည့် မှတ်ပုံတင်ကဒ်ပြား၌ အရောင်ဖြင့် ခွဲထားသည်။ အနီရောင် မှတ်ပုံတင်ကဒ်ကို “VIP” ပေး၍ အပြာရောင်ကို ရိုးရိုးတက်ရောက်သူအား ပေးထားသည်။ ထို့နောက် ထိုခွဲထားချက်အတိုင်း ခန်းမဆောင်ကြီးတစ်ခု၌ အနီ-အပြာအမှတ်အသားဖြင့် အီတလီအရသာမျိုးစုံပါဝင်သည့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံလေသည်။ နေ့လည်စာ စားပြီးသောအခါ ဘာတီကန်ကို ကြည့်ကြသည်။ စိန့်ပီတာကျောင်းတော်ကြီးကို လှည့်လည်ကြည့်ရှုကြသည်။ မြန်မာ Mission” နှင့် ထိုင်း “Mission” ကို ထိုင်းလူမျိုးဘစ်ရှော့အဆင့်ရှိ ရိုမာန်ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး “Andrew” က လိုက်လံရှင်းလင်းပြသ ဟောပြောသည်။ ဘာတီကန်ရုံးအဖွဲ့က စီမံထားသော ဓာတ်ပုံဆရာ၏ ရိုက်ကွက်စီဒီ ဓာတ်ပြားများကို ဘာတီကန်မြို့တော်အတွင်း စိန့်ပီတာကျောင်းပေါက်ဝက ဓာတ်ပုံဆိုင်တစ်မှာ အကြောင်းသိသော အဖွဲ့ဝင်ကိုယ်စားလှယ်တော်တို့က တိုးလျှိုး၍ ကူးယူခဲ့ကြသည်။
နှစ်ဆယ့်ရှစ်နေ့ ညနေခင်းနှင့် ညဥ့်ဦးယာမ် ရောမမြို့အလှအပကို အနည်းငယ်မျှ ကြည့်ရှုခဲ့ကြပြီး ဟိုတယ်ပြန်၍ ပစ္စည်းသိမ်းရသည်။ နှစ်ဆယ့်ကိုးရက်နေ့ နံနက်ခင်း ဟိုတယ်မှထွက်၍ ရောမလေဆိပ်သို့ သွားကြရသည်။ မြန်မာသံရုံးက ကပ်သော မြန်မာထမင်းဟင်းအရသာကို မြိန်ယှက်စွာစားသုံးကြပြီး အီတလီလေကြောင်းဖြင့် ရောမမြို့မှ မီလန်မြို့သို့ ခရီးဆက်ခဲ့ကြသည်။ ထိုင်းလေယာဉ်ပျံသည် ရောမတစ်လှည့် မီလန်တစ်လှည့် အဆင်းအတက်ပြုလုပ်သည်ဖြစ်ခြင်းကြောင့် အပြန်တွင် ရောမရက်နှင့် မကြုံဘဲ မီလန်ရက်နှင့် ကြုံနေခြင်း ဖြစ်သည်။ မီလန်သို့ရောက်တော့ ထိုင်းလေယာဉ်ပျံကောင်တာသို့ဝင်၍ ချက်ကင်လုပ်ပါသည်။ လေယာဉ်ပျံအင်ဂျင်စက်ထဲ ငှက်တွေ ၀င်သွား၍ လေယာဉ်ပျံ မတက်နိုင်တော့ပါဟု ထိုင်းလေယာဉ်ဝန်ထမ်းများက ဆိုကြသည်။ မိမိစုထားသည့် ထိုင်းလေယာဉ်ပျံ ပျံသန်းထားသည့် မိုင်ပေါင်းရှစ်သောင်းခန့်တို့ ကိန်းအောင်းနေသော ပလက်တီနန်ကဒ်ကို ပြလိုက်တော့ မီလန်မြို့လေဆိပ်က ထိုင်းလေကြောင်းအမှုထမ်းတို့သည် ချက်ချင်းခရီးဆက်နိုင်အောင် စီမံပေးကြသည်။ အီတလီနိုင်ငံ၊ မီလန်မြို့မှ ဂျာမဏီလေယာဉ်ပျံသို့ တင်ပေးလိုက်သည်။ မီလန်မှ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖတ်မြို့သို့ ဂျာမန်လေကြောင်းဖြင့် ညရစ်နာရီမှာ ရောက်ကြသည်။ ဖရန့်ဖတ်လေကြောင်းရှိ ထိုင်းလေကြောင်းဝန်ထမ်းတို့က လေဆိပ်ထဲမှာစီးသော ဘက္ထရီဖြင့်မောင်းသော ကားကလေးဖြင့် ထိုင်းလေယာဉ်ပျံဆိုက်ထားသော ဂိတ်အရောက်ပို့ပေးကြသည်။ အကောက်ခွန်နှင့် လူဝန်မှုကြီးကြပ်ရေး လုံခြုံရေးတို့ကို အစစ်အဆေးခံယူခြင်း၊ ဖြတ်သန်းခြင်းတို့၌ ဘက္ထရီကားကလေးကိုမောင်းသောဂျာမန်လူမျိုး ယာဉ်မောင်းအမျိုးသမီးကြီးက ဆောင်ရွက်ပေးသဖြင့် ကားပေါ်က မဆင်းလိုက်ရဘဲ အဆင့်ဆင့်ဖြတ်သန်း၍ လေယာဉ်ပျံ တံခါးပေါက်သို့ ရောက်သွားသည်။ နောက်ဆုံးခရီးသုံးယောက် သီတဂူဆရာတော်၊ အတွင်းရေးမှူးသုံး ဦးဝင်းအောင်နှင့် ဖာသာတင်ဝင်းတို့ သက်ပြင်း ဟင်းကနဲချ လေယာဉ်ပျံထိုင်ခုံပေါ် ထိုင်ချလိုက်ကြသည်။ အချင်းချင်းကြည့်၍ ပြုံးနေကြသည်။ ကမ္ဘာ့အ၀ှမ်း ငြိမ်းချမ်းပါစေ! သတ္တလောကတစ်ခုလုံး ကြိမ်မီးအုံးသလို ဖြစ်ခြင်းမှ လွတ်မြောက်ကြပါစေ!.
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ! ဟု အားလုံး ဆုတောင်းကြပါသည်။ ထိုင်း၊ အီတလီ၊ ဂျာမဏီတို့ကို ဖြတ်သန်းခဲ့ရသော ပုတ်ရဟန်းမင်းကြီး စီမံသည့် ငြိမ်းချမ်းရေးခရီးမှ ပြန်လာပြီးနောက်၊ အောက်တိုဘာလ သုံးဆယ်ရက်နေ့မှာတော့ မြစ်ကြီးနား၊ ပူတာအို စက္ခုဒါနခရီးကို ဆက်ကြရလေသည်။ ရပ်နေသော ရေသည် ညစ်၏၊ မပြတ်စီးနေသော ရေသည် သန့်ရှင်း၏။
မှတ်ချက်/ ပုတ်ရဟန်းမင်းကြီး၏ ကမ္ဘာ့ငြိမ်းချမ်းရေး မိန့်ခွန်းကို သီးခြားဖေါ်ပြထားပါသည်။
(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ---ရှင်သုခ (မင်းလှ)
Royal Residency, Buddha Gaya, R. No. 301,
02-12-11, 23:45နာရီမှာ လက်ရေးမူပြီးသည်။
read more “ကမ္ဘာ့ငြိမ်းချမ်းရေးမှ အဆက်”

ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲ
0 comments Saturday, December 3, 2011ကမ္ဘာပေါ်လူသားတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ဘာသာတရားတို့သည် အပြင်အပ အသွင်အပြင် သို့မဟုတ် အပေါ်ယံ အနေအထားအမျိုးမျိုး မတူခြားနား ကွဲပြားကြသော်လည်း အတွင်းကျကျ အနှစ်သာရ “Inner core” မှာမူ များစွာတူညီကြပေပြီ။ ဥပမာ သီလ “Precept”, မေတ္တာ “Universal love”, ကရုဏာ “Compassion”, ပညာ “Wisdom”, ဤဆိုခဲ့သည့် အဓိကကျသော အချက်အလက်တို့မှာ ဘာသာတရားအားလုံးတို့၏ “Commom Platform”, သဖွယ်ဖြစ်သော “(Ethical System), များ ဖြစ်ကြသည်။ သူ့နည်းသူ့ဟန်ဖြင့် ကျင့်သုံးကြပုံများ ကွာခြားနိုင်ဖွယ်ရှိသော်လည်း အားလုံးတို့၏ ဦးတည်ချက်မှာ သန္တိ (သျှန္တီ)၊ ငြိမ်းချမ်းခြင်း။ အကမ္ပိ၊ မတုန်လှုပ်ခြင်း သို့မဟုတ် တည်းငြိမ်ခြင်း။ “Stabality”, ၀ိမုတ္တိ၊ လွတ်မြောက်ခြင်း။ “Freedom” ဟူသည့် ဘုံရည်ရွယ်ချက်များ၌ သူ့နည်း သူ့ဟန်ဖြင့် တူညီကြသည်က များပေသည်။ ထို့ကြောင့် ဘာသာတရားတိုင်း၌ ခွင့်လွတ်ခြင်း၊ “Forgiveness”, သီးခံခြင်း၊ “Tolerance”, အနတ္တ၊ “Self-lessness”, ကိုယ်ကျိုးမဖက်ခြင်း။ သူတပါးတို့၏ အကျိုးစိးပွားကို ဆောင်ရွက်ခြင်းတို့သည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘုံကျင့်စဉ် “Common Ethic” များဖြစ်သည်ဟု သဘောရပေသည်။ အီတလီနိုင်ငံ၊ ရောမမြို့ထဲက ဘာတီကန်မြို့တော်တွင် ဗဟိုဌာနချုပ်ထားရှိသော သို့မဟုတ် ရုံးစိုက်သော ရေစ်ယာန်ဘာသာဝင်တို့၏ အကြီးဆုံး အကြီးအကဲ ပုတ်ရဟန်းမင်းကြီးက အထောက်အပံ့ “Sponsor” ပေးသဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံ အစည်းအဝေးပွဲကြီး တစ်ခုကို ရောမမြို့တော်မှ သုံးနာရီခွဲမျှ ရထားစီး၍သွားရသော ရောမမြို့၏ အနောက်ဘက်ယွန်းယွန်းမှာ ရှိသည့် အစီစီ (……) တောင်ပေါ်မြို့လေး တစ်ခု၌ ကျင်းပခဲ့သည်။ ရိုမာန်ကက်သလစ် ဘာသာဝင်တို့၏ခေါင်းဆောင် ပုတ်ရဟန်းမင်းကြီးက အသွားအပြန် လေယာဉ်စရိတ်များ၊ ဟိုတည် တည်းခိုခများ၊ ပြည်တွင်းခရီးစဉ် သွားလာမှုများအားလုံးကို တာဝန်ယူ၍ နိုင်ငံပေါင်း(၁၀၀)ကျော်မှ ဘာသာတရားအားလုံးတို့၏ ဘာသာရေးခေါင်းဆောင်ပေါင်း(၂၀၀)ကျော်ကို ဖိတ်ကြားခဲ့သည်။ ရောမမြို့လေဆိပ်၌ ရိုမာန်ကက်သလစ် ဘုန်းတော်ကြီးများ၊ သီလရှင်များက ယုယုယယ လှိုက်လှိုက်လှဲလှဲ ကြိုဆြိုကပါသည်။ ဖိုက်စတားဟိုတည်များ၌ နေရာထိုင်ခင်းပေးပါသည်။ အလွန်အရေးကြီးပုဂ္ဂိုလ်များကို သီးခြားကားငယ်ကလေးများဖြင့် ကြိုဆိုသယ်ဆောင်ကြပြီး အခြားပုဂ္ဂိုလ်များကို အဆင့်မြင့် ဘတ်စ်ကားကြီးများစီစဉ်၍ အကူအညီ အစောင့်အရှောက် လမ်းညွှန်ပုဂ္ဂိုလ်များဖြင့် ခရီးဦးကြိုဆို ပြုကြပါသည်။ မြန်မာနိုင်ငံမှ သီတဂူဆရာတော်၊ ရိုမာန်ကက်သလစ်ဘုန်းတော်ကြီး ဦးတင်ဝင်း၊ သီတဂူအတွင်းရေးမှူးသုံး ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။ နေရာတကာ အင်္ဂလိပ်စကားပြော၍မရသော အီတလီ၌ ရောမရောက် မြန်မာသံရုံးက သံအမတ်နှင့် သံတမန်ဝန်ထမ်းများက ကြိုဆိုခြင်း၊ လမ်းညွှန်ခြင်း၊ လိုက်လံပြသခြင်းတို့ခြင့် “Buddhist Mission”, ကို များစွား အကူအညီ အထောက်အပံ့ပေးခဲ့လေရာ အခက်အခဲ အဖုအထစ်မရှိ ချောမောပြေဖြစ်၍ အလွန်ဝမ်းသာ ကျေးဇူးတင်ရပေသည်။
၂၇-ရက်နေ့ နံနက်စာကို ဟိုတယ်မှာ စောစောစားကြပြီး ပုတ်ရဟန်းမင်းကြီး၏ ဗဟိုဌာနဖြစ်သော ဘာတီကန်မြို့တော် စိန့်ပီတာကျောင်းတော်ကြီးသို့ သွားကြရသည်။ စိန့်ပီတာကျောင်းတော်ကြီး၏ အနီး၌ ပုတ်ရဟန်းမင်းကြီး၏ရထား စိုက်ရောက်ထားပြီး ဖြစ်သည်။ အတွဲပေါင်း(၇)တွဲပါသော ပုတ်ရဟန်းမင်းကြီး၏ တွဲတို့ကို နံပါတ်အစဉ်အတိုင်း ထိုးထားသည်။ သီတဂူအဖွဲ့စီးလာသော ဘတ်စ်ကားမှာ နံပါတ်သုံးဖြစ်၍ ရထားရောက်တော့လည်း တွဲနံပါတ်သုံးမှာပင် နေရာယူကြရပါသည်။ ရထားမှာ ထမင်းဆိုင်တွဲ၊ ကော်ဖီဆိုင်တွဲပါသဖြင့် အလွန်အစဉ်ပြေပါသည်။ ဒိုးလျှိုပေါက် အမြီးမှခေါင်း၊ ခေါင်းမှ အမြီးသို့ သွားလာနိုင်ပါသည်။ တွဲပေါ်ရောက် ကြည့်လိုက်တော့ “Syprus, Greek, Turkis, Azarbaijan, Iran, Iraq, အစရှိသော “Middle-East” က ဘာသာရေးခေါင်းဆောင်များ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ္စတန်၊ ကာဇစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စတဲ့ “Central Asia” နိုင်ငံများမှ မရင်းနှီးဘူးသည့် ဘာသာရေးခေါင်းဆောင်များ၊ ထို့အပြင် တောင်အာဖရိကနှင့် တောင်အမေရိကတိုက်မှ ဘာသာရေးခေါင်းဆောင်များကို တွေ့ရပေသည်။ ဘာတီကန်မှ ရထားထွက်သည့်အခါ ရထားတွဲများကို ဒိုးလျှိုပေါက် လျှောက်လှမ်းကြည့်မိခဲ့ရာ အရောင်အသွေးမျိုးစုံနှင့် အဆင်အပြင် အသွင်အပြင် အမျိုးမျိုးအဖုံဖုံတို့နှင့် ဘာသာရေးမျိုးစုံတို့၏ ပန်းမျိုးပွင့်သည့် ပန်းဥယျာဉ်တစ်ခု ရွေ့လျားနေသကဲ့သို့ တွေးထင်မိလေသည်။
လမ်းဘေးဝဲယာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အပြည့်အ၀ ချထားသည်ကို အစီစီမြို့ရောက်သည့်အထိ တွေ့ရသည်။ ရထားလမ်းနှင့် မော်တော်ကားလမ်း ဘေးချင်းယှဉ်လျက် သွားသောနေရာတိုင်း၌လည်း အီတလီပုလိပ်တို့၏ လုံးခြုံရေးယာဉ်များ ၀ဲယာနှစ်ဖက်ညှပ်၍ လိုက်ပါလာသည်ကို တွေ့ရသည်။ ကောင်းကင်ယံက ဟယ်လီကော်ပတာ ရဟတ်ယာဉ်လုံခြုံရေးလည်း တစ်လျှောက်လုံးလိုက်ပါလာလေသည်။ လမ်းဘေးဝဲယာတို့၌ ခရီးတစ်လျှောက်လုံး ပန်းခိုင်များ၊ အလဲငယ်ကလေးများကို ဝှေ့ရန်းနှုတ်ဆက်ကြသည့် လူအုပ်ကြီးမှာ မိဘဆွေမျိုးတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ခရီးအဝေးမှ ရွာသို့ပြန်လာရာတွင် ရွာအ၀င်မှ ဆွေမျိုးဥာတကာတွေ ကြိုဆိုနေကြသလိုပင် ဖြစ်သည်။ မိမိနှင့် နှစ်ခုံတွဲမှာ ဘေးတိုက်ယှဉ်၍ထိုင်လာသူကား နယူးယောက်မြို့မှ ဘစ်ရှော့(Bipshop)တစ်ပါးဖြစ်သည်။ မျက်နှာချင်းဆိုင်ခုံမှ နှစ်ယောက်တွဲမှာ ကညာနှင့် ကွန်ဂိုတို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည်။ ဘာတီကန်မှ ခုနှစ်နာရီထွက်သော ရထားသည် အစီစီမြို့သို့ ဆယ်နာရီမှာရောက်သည်။ အစီစီမြို့ က မြို့ဝင်မြို့ထွက် ကြိုဆိုနေသည့် လူအုပ်ကြီးမှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ဆွေမျိုးများနှင့် ပြန်လည်ဆုံးတွေ့သည့်အလား အားပါးတရ ကြည့်နူးမှုကို ခံစားရသည်။ အစီစီမြို့၊ စိန့်ဖရန်စစ်ဘုရားကျောင်းကြီး၏ အ၀င်ဝမှ ပုတ်ရဟန်းမင်းကြီးက စောင့်ကြိုနေသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ကို ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်သည်။ ကျောင်းတော်ကြီး၏ ဘုရားဝတ်ပြု ခန်းမဆောင်၌ အားလုံးစုဝေးကြသည်။ ထိုကျောင်းတိုက်ကြီး၏ အကြီးအကဲ ရိုမာန်ကက်ကလစ်ဘုန်းတော်ကြီး ---------က နှုတ်ခွန်းဆက်စကား မြွက်ကြားသည်။ ဘာသာရေးခေါင်းဆောင် တစ်ဆယ့်ငါးယောက်ခန့်က ငြိမ်းချမ်းရေးစကား၊ သီးခံခွင့်လွတ်ခြင်း မေတ္တာစကား မိန့်ကြားကြသည်။ ပုတ်ရဟန်းမင်းကြီးက ထိုနံနက်အခန်းအနား၏ အပိတ်နှုတ်ဆက်မိန့်ခွန်း မိန့်ကြားသည်။ ထိုအစီစီမြို့၊ စိန့်ဖရန်ဆစ်ကျောင်းတိုက်ကြီး၏ ဧည့်ခန်းမဆောင်ကြီး၌ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးကြသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ အတူတကွ နေ့လည်စာ သုံးဆောင်ကြသည်။ နေ့လည်စာ စားပြီးလျှင် ဆယ့်နှစ်နှစ်နာရီမှ တစ်နာရီအထိ ဘာသာရေးခေါင်းဆောင် တစ်ယောက်စီ တစ်ယောက်စီတို့အား တစ်ယောက်စီ တစ်ယောက်စီနေဖို့ ကမ္မဋ္ဌာန်းကျောင်းငယ်လေးများနှင့်တူသည့် သီးခြားအခန်းငယ်လေးများ ပေးသည်။ ဘာသာရေးခေါင်းများ အသီးအသီး တစ်ယောက်စီ တစ်ယောက်စီ သူ့နည်း သူ့ဟန်ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းများ တောင်းကြရန်ဖြစ်သည်။
သီတဂူဆရာတော်ကိုယ်တိုင်ကတော့ ရတနာသုတ်ကို ကိုးခေါက်ရွတ်၍ ပရိတ်နှင့်ဆုတောင်း ပေါင်းလိုက်သည်။ ခေတ္တမျှမှိန်း၍ ငြိမ်ငြိမ်နေနေတုန်း တံခါးခေါက်သံကြား၍ ကြည့်လိုက်ရာ နေ့လည် တစ်နာရီ ဆယ့်ငါးမိနစ် ရှိနေပေသည်။ ခပ်သုတ်သုတ်ပြေးဆင် နံပါတ်သုံးကားပေါ်တက်ပြီး ကားတန်းကြီးထွက်ခဲ့ရာ စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ ရုပ်အလောင်းသိမ်းဆည်းထားရာ အစီစီမြို့၏ အနောက်ဘက် တောင်ကုန်းပေါ်သို့ တက်ရလေသည်။ စစ်ကိုင်းတောင်နှင့် ခပ်ဆင်ဆင် တူတော့သည်။ ကျောင်းကြီး၏အပေါက်ဝ ရင်ပြင်မှာ ဆောက်ထားသော စင်မြင့်ပေါ်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ခု ပြုကြသည်။ တစ်ယောက်လျှင် စက္ကန့်သုံးဆယ် လေးဆယ်မျှစီ ငြိမ်းချမ်းရေးစကား ပြောကြသည်။ ပုတ်ရဟန်းမင်းကြီးက အခန်းအနားသိမ်းစကားကို မြွက်ကြားသည်။ အပြစ်ရှိသူ လုသားတို့ အပြစ်ကင်း၍ သန့်ရှင်းခြင်း၊ လွတ်မြောက်ခြင်း အထိမ်းအမှတ်ကို ရည်ရွယ်သည်ဟု ယူဆသည်။ ခိုဖြူအကောင် တစ်ရာခန့် ကောင်းကင်သို့ လွတ်တင်ခဲ့ကြပါသည်။ ထို့နောက် စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ အရိုးတော်များ သိမ်းဆည်းထားရာ ကျောင်းတော်ကြီးအတွင်းသို့ ၀င်ကြသည်။ ပြန်ထွက်လာတော့ တောင်ထိပ်ရင်ပြင်မှ နေ၍ ရှေ့နောက်ဝဲယာ ကြည့်မိရာ စစ်ကိုင်းတောင် ဆွမ်းဦးပညရှင် ရင်ပြင်တော်က နေ၍ အရှေ့အနောက် ကြည့်လို့ မြင်ရသည့်မြင်ကွင်း၏ အရသာမျိုးနီးနီးကို ခံစားရချေသည်။
တောင်ကုန်းပေါ်ကအဆင်း ၀ဲယာတောင်တန်းတစ်လျှောက် ဈေးဆိုတန်းများမှာ မန္တလေးတောင်တန်းအတက်၊ ကျိုက်ထီးရိုးတောင်တန်းအတက်က ဈေးဆိုင်တန်းများနှင့် ခပ်ဆင်ဆင်တူသည်ကို သတိပြုမိသည်။
ဆက်လက် ဖတ်ရှုရန်---
read more “ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲ”

ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး
0 comments***ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး***
ဤအစည်းအဝေးကြီးပွဲကြီးကို -2011-ခု၊ နိုင်ဝင်ဘာလ၊ 27-28-29 ရက်နေ့များတွင် သုံးရက်တိုင်တိုင်ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ စုစည်းညီညွတ်မှုအထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း၊ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား၏ ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။
နိုင်ငံပေါင်း (47)နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူပေါင်း (500)ခန့်တက်ရောက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်တို့၏ အစည်းအဝေးပွဲကို နယူးဒေလီမြို့တွင်အခြေစိုက်သော မဟာယာန၊ ၀ဇီရာယာန၊ ထေရ၀ါဒတို့ပူးပေါင်းပါဝင်သည့် အသောကမစ်ရှင် အသောကသာသာနပြုအဖွဲ့က တာဝန်ယူ၍ စည်းရုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖိတ်ကြားထားသော ဧည့်သည်တော်များ၏ အသွား အပြန်ခရီးစရိတ်နှင့် (5)ရက်စာ ဟိုတယ်ခများကို အသောကမစ်ရှင်အဖွဲ့က လှူဒါန်းခဲ့သည်။ ထို့ပြင် အထူးဧည့်သည်တော်များကိုမူ အိန္ဒိယအဲယားလိုင်းဖြင့် ဗုဒ္ဓဂယာနှင့် ဗာရဏသီ သံဝေဇနိယဒေသနှစ်ခုသို့ ညအိပ်ဘုရားဖူးပို့ပေးခဲ့ပါသည်။ ဤဗုဒ္ဓဘာသာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်မှာ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇီရာယာနဗုဒ္ဓဘာသာဂိုဏ်း အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ကျယ်ပြန့်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းတည်ထောင်ရန်ရည်ရွယ်သည်။ ထိုဗုဒ္ဓဘာသာအစည်းအရုံးကြီးကို (International Buddhist confederation(IBC) ဟုခေါ်ဆိုသည်။ ဤအဖွဲ့အစည်းကြီးသည် ဗုဒ္ဓဘာသာဂိုဏ်းအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း မကြာမကြာတွေ့ဆုံဆွေးနွေး၍ အသိဥာဏ်များဖလှယ်ကြရန် ချစ်ခင်ရင်းနှီးမှုများကိုတည်ဆောက်ကြရန် ဗုဒ္ဓသာသနာထိန်းသိမ်းရေး, ပြန့်ပွားရေး, တိုးတက်ရေးနှင့်ကာကွယ်စောက်ရှောက်ရေးတို့ကို ဗုဒ္ဓဘာသာဝင်အားလုံး အတူလက်တွဲဆောင်ရွက်ကြရန်ရည်ရွယ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာအမွေအနှစ်များ၊ အထူးသဖြင့် လုမ္ဗိနီ၊ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ သာဝတ္ထိ၊ ကုသိန္နာရုံ၊ ဆန်ချီ၊ အဂျန်တာအစရှိသော ဒေသများကို ၀ိုင်းဝန်းထိန်းသိမ်းစောက်ရှောက်ကြရန် ရည်ရွယ်သည်။ လူငယ်များအတွက် အခြေခံ ဗုဒ္ဓသာသနာပြုကျောင်းများနှင့် စကော်လာ ပညာရှင်များအတွက် ကောလိပ်၊ တက္ကသိုလ်များကို တည်ထောင်ကြရန် ရည်ရွယ်သည်။ အတိုချုပ်မှာ "United Buddhist organization" တစ်ခုဖွဲ့စည်း၍ "common plat fount" တစ်ခုတည်ဆောက်ကြကာ လက်တွဲလမ်းလျှောက်ကြရန် ဗုဒ္ဓသာသနာကို ကာကွယ်စောက်ရှောက်ကြရာနှိုက် တစ်ခုတည်းသောအသံ (united voice) ဖြင့် ကာကွယ်စောက်ရှောက်ကြ ရန်ရည်ရွယ်သည်။ သို့ဖြစ်ခြင်းကြောင့် "global Buddhist congregation" က "International Buddhist confederation" ကို ဖွဲ့စည်းသည်။ ဤအဖွဲ့အစည်းကြီး၏ အောက်၌ ဆပ်ကော်မတီများစွာဖြစ်လာမည်။ လိုရင်းအချက်မှာ "Buddhist confederation" က "collaboration of Buddhist affair" လုပ်ရမှာဖြစ်သည်။ ဂင်္ဂါ ယမုနာနှင့် အိန္ဒုမြစ်နှင့် အမည်မျှသာကွဲပြားကြခြင်းဖြစ်သည်။ ရေဆိုသည်မှာ အတူတူပင်ဖြစ်သည်။ ဂင်္ဂါ၊ ယမုနာ၊ အိန္ဒုမြစ်တို့သည် သူတို့၏ အမည်နာမများကို ကုန်းပေါ်မှာအားလုံးထားခဲ့ကြပြီး ကောင်းကင်ပြာအောက်က ဆားငန်ရေမှာ ပေါင်းသွားကြသည်။ ပင်လယ်သမုဒ္ဒရာ၌ "confederate" နှင့် "collaborate" လုပ်လိုက်ကြသည့်အတွက် တစ်ရောင်တည်း တစ်သွေးတည်း အရသာ တစ်ခုတည်းဖြစ်ကြလေကုန်၏။ ဤဗုဒ္ဓဘာသာအစည်းအဝေးကြီးကို နိုဝ်င်ဘာလ(27)ရက် နံနက် (9)နာရီမှာ အသောကဟိုတယ် အစည်းအဝေးခန်းမဆောင်ကြီး၌ ကျင်းပပါသည်။ ထေရ၀ါဒပါဠိဖြင့် ပရိတ်ရွတ်ခြင်း၊ သက္ကဋကိုအခြေခံသော တိဗက်သံဖြင့် ပရိတ်ရွတ်ခြင်းတို့ဖြင့် ဖွင့်လှစ်သည်။ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ "lov zan" က နှုတ်ခွန်းဆက်စကား မိန့်ကြားသည်။ အိန္ဒိယနိုင်ငံသမ္မတ, ၀န်ကြီးချုပ်, ယဉ်ကျေးမှုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ကြမည်ဖြစ်သော်လည်း တိဗက်သံဃာတော်တို့ ခေါင်းဆောင်စီမံသော အစည်းအ၀းကြီး၌ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား တက်ရောက်သည်ကို တရုတ်နိုင်ငံအစိုးရက ကန့်ကွက်သည်ဖြစ်ခြင်းကြောင့် အိန္ဒိယ အစိုးရ၏ အဖွဲ့အစည်းများမှ မည်သူမျှ တက်ရောက်လာခြင်းမရှိတော့ပေ။ နံနက်ခင်းဖွင့်ပွဲ၌ တိဗက်၊ ကိုရီးယား၊ ဂျပန်၊ သီရိလင်္ကာ၊ လာအို ၊ ကမ္ဘောဒီးယား၊ မြန်မာကိုယ်စားလှယ်တို့ အသီးသီးစကားပြောကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ရွှေကျင်နိကာယ သံဃရာဇာ သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး မြန်မာလိုပြောကြားသည့် မိန့်ခွန်းကို သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဘူတန်၊ မွန်ဂိုလီးယား ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ပန်ဂျပ်၊ အာဖရိကနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်များကလည်း အသီးသီးမိန့်ခွန်းပြောကြသည်။ လားမားကြီး "lov zan" က ကျေးဇူးတင်စကားပြော၍ ဖွင့်ပွဲအစီအစဉ်ပြီးဆုံးသည်။ ညနေ (၆)နာရီ၌ စကာပြောမည့်ပုဂ္ဂိုလ်များနှင့် အလုပ်အမှုဆောင်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းကြသည်။ ညပိုင်းတွင် ယဉ်ကျေးမှုအကများဖြင့် ဧည့်ခံ၍ ညစာစားပွဲကျင်းပသည်။ လူပုဂ္ဂိုလ်များနှင့် မဟာယာနသံဃာတော်တို့ ညစာစားသုံးကြသည်။ (၂၈)နေ့၌ အစည်းဝေးကို ဆက်လက်ကျင်းပရာ "lalit Hotel" ၌ အခန်းလေးခန်းခွဲ၍ ကျင်းပသည်။ အခန်းတစ်ခုမှာ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖြန့််ချိခြင်းနှင့် ဖွဲ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းများ အကြောင်းကို ဆွေးနွေးကြသည်။ ဤအခန်း၌ စကားပြောသူ (၇)ယောက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် သီတဂူဆရာတော်က စာတမ်းတစ်ခု မှတ်တမ်းတင် ပြောကြားခဲ့သည်။ (ထိုစားတမ်း၏မြန်မာပြန်ကို သီးခြားဖေါ်ပြမည်)။ အခန်းကဏ္ဍ(၂)၌ ဗုဒ္ဓတရားတော်နှင့် စိတ်ဓာတ်ကြံ့ခိုင် ကျန်းမာရေးအကြောင်း ဆွေးနွေးကြသည်။ တတိယအခန်းကဏ္ဍ၌ ကိုယ်ကျင့်တရားနှင့် ဘ၀တန်ဘိုးအကြောင်း ဆွေးနွေးကြသည်။ စတုတ္ထအခန်းကဏ္ဍ၌ ပြောင်းလဲနေသော ကမ္ဘာ၌ ဗုဒ္ဓဘာသာ၏အနေအထား အသက်မွေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအကြောင်းတို့ကို ဆွေးနွေးကြသည်။ အထူးကဏ္ဍတစ်ရပ်အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ပတ်ဝန်းကျင်နှင့် သဘာဝကမ္ဘာအကြာင်းကို "Park Hotel" တွင် ကျင်းပသည်။ (၂၉)ရက်နေ့ နံက်၌ "Lalit Hotel" ၌ပင် အသိပညာများစုစောင်းခြင်း၊ "Collective wisdom, Engaged Buddhism, လူမှုရေး ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးကြသည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် အကြမ်းဖက်းခြင်း၊ ဆူပူသောင်းကြမ်းခြင်းတို့ကို ဗုဒ္ဓ၀ါဒရှုဒေါင့်မှ တုန့်ပြန်ခြင်းနှင့် ဗုဒ္ဓသာသနာ၌ အမျိုးသမီးတို့၏ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးကြသည်။ ညနေပိုင်း (၆)နာရီခွဲ၌ အထူးအစည်းအဝေးအဖြစ် မိမိဆိုင်ရာ ညီညွတ်သော ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၏ အကြောင်းကို ဆွေးနွေးကြသည်။ "Park Hotel" ၌ သိပ္ပံပညာ၊ နည်းပညာတို့၌ ဗုဒ္ဓဘာသာဝင်တို့၏ အမြင်ဟူသော အကြောင်းအရာကို ဆွေးနွေးကြသည်။ (၃၀)ရက်နေ့ နံနက်ခင်း၌ လားအိုသံဃာ့ရာဇာ မြန်မာရွှေကျင်နိကာယ သံဃာ့ရာဇာ ၊ တိဗက်သံဃာ့ရာဇာ (ဒလိုင်းလားမား)တို့ ခေါင်းဆောင်သော ဂိုဏ်းပေါင်းစုံ အရောင်စုံ အသွင် အပြင်မျိုးစုံသော သံဃာတော်အားလုံးတို့နှင့် ခရစ်ယန်၊ အစ်စ်လာမ်၊ ဟိန္ဒူ၊ အခြားဘာသာဝင်များ စုပေါင်း၍ မဟတ္တမဂန္ဓီဗိမာန်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပကြသည်။ ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံတို့ စုဆောင်း၍ မြန်မာ၊ လားအို၊ တိဗက် သံဃာ့ရာဇာသုံးပါးတို့က ဗောဓိပင်သုံးပင်ကို နေုရုအထိမ်းအမှတ် ဥယျာဉ်၌ စိုက်ပျိုးကြသည်။ လားအိုက မဟာဗောဓိ၊ တိဗက်(ဒလိုင်းလားမား)က သီဟိုဠ်ဗောဓိ၊ မြန်မာက အာနန္ဒာဗောဓိကို စိုက်ပျိုးခဲ့ကြသည်။ (၃၀)ရက်နေ့ ညနေပိုင်း၌ "International Buddhist Confederation" ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများကို အပြီးသတ်သုံးသတ် ဆုံးဖြတ်ကြသည်။ ညပိုင်း၌ အသောကမစ်ရှင် ကျောင်းတိုက်အတွင်း ဂျပန်ဘုန်းတော်ကြီးများစီမံထုတ်လုပ်သည့် သဒ္ဓမ္မပုဏ္ဍရိကကျမ်းလာသော ဘုရားလောင်းဆယ်ပါးတို့အကြောင်း ဇာတ်လမ်းခင်း၍ စတိတ်ရှိုးပြသည်။ အမေရိကမှလာသည့် ဂျပန်နွယ်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုက ဓမ္မတေးသီချင်းတို့ကို "Rock and Roll" ဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေသွားသည်။ ရောင်စုံမီးတို့ဖြင့် ရှုမငြီးဖွယ်ထိုးထားသော ဗောဓိသတ္တဇာတ်လမ်းများကိုကြည်၍ "Rock and Roll" ဓမ္မတေးများကို နားထောင်လျက် လူပုဂ္ဂိုလ်များနှင့် မဟာယာနဘုန်းတော်ကြီးတို့ ညစာစားပွဲမှာ အထူးမြိန်ရှက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မြင်မိသည်။ သီတဂူသာသနာပြု ကပ္ပိယကာရကအဖွဲ့ဝင်တို့ ကုလားလို ဒိုစာခေါ်သည့် တိုရှည်မုန့်များကို စားကြသည်။ တိုးစားသည့်လူတန်းကြီးမှာလည်း အတော်ရှည်ပါသည်။ နယူးဒေလီ၏ ဆောင်းဦးသည်လည်း အတော်ချမ်းအေးပါသည်။ မြူတွေဆိုင်းလာသဖြင့် စလိုက်မီးရောင်တို့ မုန်မှိုင်းလာသည့်အခါ ဗောဓိသတ္တများလည်း အိပ်တန်းဝင်သွားကြသည့်အလား စင်မြင့်ပေါ်က ပျောက်သွားကြသည်။ "Rock and Roll" ဓမ္မအသံက နယူးဒေလီ၏ ကြိတ်ကြိတ်တိုးမောင်းနှင်နေသော မော်တော်ကားအသံတို့ကို လွှမ်းမိုးသွားသည်။ ရရာကားတောင်း၍ အသောကမစ်ရှင် ဗောဓိသတ္တစတိတ်ရှိုးမှ ပြန်ခဲ့ရာ ည(၁၀)နာရီခွဲမှာ "Lalit Hotel" သို့ ပြန်ရောက်သည်။ ရေနွေးပူပူချိုး၍ အိပ်ယာဝင်ခဲ့သည်။ အိပ်ယာထဲရောက်တော့ မြင်ရောင်နေသည်မှာ အင်္ကျီမပါတဲ့ ဘုရားလောင်း ဆယ်ရောက်တို့တော့ထွက်ခန်း ဘယ်လောက်များချမ်းလိုက်မလဲဟုတွေးမိသည်။ ကြားရောင်နေမိသည်မှာလည်း ဘုရားလောင်းစတိတ်ရှိုးက "Rock and Roll" ဓမ္မတေးသံဖြစ်သည်။ "Hold Samsara, Hold Samsara, Hold Samsara" အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့ ဖြစ်သည်။ နိုဝင်ဘာ(၃၀)ရက်နံနက်ခင်း အခန်းအနားသိမ်းပွဲ၌ တိဗက်ပရိတ်ဖြင့် အခန်းအနားဖွင့်သည်။ Organization ကော်မတီက စတင်စကားပြောသည်။ ဗီယက်နမ်ဘုန်းတော်ကြီး သစ်ကွမ်ဘက (IBC) ဖွဲ့စည်းခြင်းနှင့် အခြေခံသဘောတရားဖွဲ့စည်းပုံ ရည်ရွယ်ချက်တို့ကို ကြေညာသည်။ ကိုရီယား၊ ဂျပန်၊ တိဗက်၊ သီဟိုဠ်၊ ဂျာမဏီ၊ အင်္ဂလန်ကိုယ်စားလှယ်များ မိန့်ခွန်းပြောသည်။ အထူးသဖြင့် ဂျာမန်ကိုယ်စားလှယ်က ဘိက္ခုနီသာသနာပြန်လည်ဖေါ်ထုတ်ဖို့ ဦးစားပေးပြောသွားသည်။ သူပြုစုထားသည့် ဘိက္ခုနီသာသာနအကြောင်း စာအုပ်ငယ်လေး၌ နိဒါန်းရေးပေးရန် ဒလိုင်းလားမားအား တောင်းပန်သွားသည်။ စာအုပ်လက်ဆောင်များ အပြန်အလှန် ပေးကြသည်။ အထူးကိုယ်စာလှယ်များကို တိဗက်ရဟန်းမင်းကြီးက ကိုယ်တိုင်လက်ဆောင်ပေးသည်။ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမားက နိဂုံးချုပ် အနှစ်ချုပ်စကား ပြောကြားသည်။ သူ၏အနှစ်ချုပ်စကားကို ထပ်မံ၍အနှစ်ချုပ်ရလျှင် ဗုဒ္ဓဘာသာတရားတော်သည် ရှေးခေတ်က အာရှတိုက်၏ကိုးကွယ်ရာတရား "Asian Religion" ဖြစ်ခဲ့သည်။ သို့သော် ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့ဘာသာတရား "World Religion" ဖြစ်နေပြီ၊ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုးပွားအောင်လုပ်ဖို့ ပြန့်ပွားအောင်လုပ်ဖို့ တိုက်တွန်းလေသည်။ ထို့အပြင် ဗုဒ္ဓတရားတော်များ၏ မူရင်းအခြေခံမှာ ပါဠိဘာသာဖြစ်သည်ဟု မိန့်ကြားသည်။ ပါဠိဗုဒ္ဓ၀င်ကို ဖေါင်ဒေးရှင်းချ၍ သက္ကတဗုဒ္ဓ၀င်ကို အပေါ်က အိမ်သဖွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ တန္တရစ်ဗုဒ္ဓ၀င်ကား အိမ်၏ အချွန်အတက်များသာဖြစ်သည်ဟု မိန့်ကြားတော်မူသွားသည်။ ဗုဒ္ဓဘာသာဂိုဏ်းတွေအားလုံး အပေါ်ယံအကာပိုင်းမှာ မတူညီနိုင်ကြသော်လည်း အတွင်းအနှစ်သာရပိုင်းမှာ တူညီနိုင်ပါသည်။ ဘာသာတရားတို့၏အနှစ်သာရသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်။ သီလကောင်းမှ သမာဓိရမည်၊ သမာဓိရှိသော ပုဂ္ဂိုလ်မှ ပညာဖြင့် သစ္စာကိုထိုးထွင်းသိမြင်နိုင်မည်။ ပညာဝင်မှ ကိလေသာထွက်သည် ကိလေသာချုပ်ခြင်းကို နိရောဓဟုခေါ်သည်။ အဲဒါကြောင့် မဟာယာနတွေ ဟိနယာနတွေ ဘိက္ခုတွေ ဘိက္ခုနီတွေ ဒီနာမည်တွေက အပိုတွေပဲ "Inner core" အတွင်းပိုင်းအနှစ်သာရက သီလ၊ သမာဓိ၊ ပညာပါပဲ၊ "Inner core" ရှိမှုညညနမ စနခေန ကိုရတယ်။ အဲဒါကြောင့် ဘာအစ်ဇင်း ဘယ်ယာနကိုကျင့်ကျင့် အသွင်အပြင်တွေ အမည်နာမတွေ အရေးမကြီးပါဘူး အတွင်းပိုင်းအနှစ်သာရကို ကျင့်၍ အတွင်းပိုင်းငြိမ်းချမ်းရေးရအောင် လုပ်ကြပါဟု မိန့်ကြား၍ နိဂုံးချုပ်ပါသည်။ ဒလိုင်းလားမားကိုကြည့်ရတာ ဂါရ၀ နိဝါတရှိသည့် ရိုးသားသော ရဟန်းသူတော်စင်တစ်ပါးဖြစ်သည်ဟု ယူဆသည်။ လားအို၊ မြန်မာသံဃာ့ရာဇာနှစ်ပါးကို ဖူးမျှော်ချင်သည်ဟု သတင်းလာပို့သည့်အခါ ဖူးချင်လျှင် ကြွာလာခဲ့ပါ လက်ခံတွေ့ဆုံပါမည်ဟု ပြန်လည်သတင်းပို့လိုက်တော့ (၂၉)ရက်နေ့ နေ့လည်ခင်း (၃)နာရီမှာ မြန်မာကိုယ်စားလှယ်တော်အဖွဲ့တည်းခိုရာ "Lalit Hotel" သို့ ရောက်ရှိလာပါသည်။ ဟိုတယ်အတွေတွေ မန်နေဂျာက ဟိုတယ်(၁၄)ထပ် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး တည်းခိုနေသော အခန်းဘေးက ဧည့်ခန်းကိုပြင်ဆင်ပေးပါသည်။ လုံခြုံရေးအစောင့်များနှင့် ညနေ(၃)နာရီတွင် ရောက်ရှိလာပါသည်။ လားအိုသာသနာပိုင်ဆရာတော်ကြီးကို လက်ဆွဲနှုတ်ဆက် လက်အုပ်ချီ ဒူးကိုအကြိမ်ကြိမ်ဦးတိုက်၍ ရှိခိုးနှုတ်ဆက်သည်။ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးကိုလည်း လက်အုပ်ချီ၍ နဖူးခိုက် ဦးတိုက်လျက် အကြိမ်ကြိမ်ရှိခိုးလေသည်။ ပြီးတော့ စကားပြောကြသည်။ သီတဂူဆရာတော်ကို စတင်၍ မေးသည်မှာ အခုအသက် ဘယ်လောက်ရှိပြီလဲ၊ အသက်ဘယ်လောက်တုန်းက ရဟန်းဝတ်သလဲ?၊ မေးပြီးတော့ သူအသက်(၂၀)က ရဟန်းဝတ်တာ အခု (၈၅)နှစ်ရှိပြီ၊ (၆၅)၀ါရပြီဟုဆိုပါသည်။ ၀ါဆိုဆရာတော်ကြီး၏ သက်တော်ကို မေးသည် (၉၆)နှစ်ရှိပြီဟု ပြောသည့်အခါ ဦးတိုက်၍တိုက်၍ နဖူးခိုက်လျက် အကြိမ်ကြိမ်ရှိခိုးပြန်ပါသည်။ ၀ိနည်းအကြောင်းပြောကြသည် ထေရ၀ါဒမှာ (၂၂၇)သွယ်ရှိသည် တိဗက်မှာ (၂၅၃)ရှိသည်ဟု ပြောပါသည်။ များများနည်းနည်းဘုရားပေးတဲ့ စည်းကမ်းတွေပဲ အကုန်လိုက်နာလျှင် ကောင်းသည်ဟုဆိုပါသည်။ သုတ္တန်တွေကတော့ အများကြီးပဲ ဒါပေမဲ့ ကျင့်ရမှာကတော့ မဂ္ဂင်ရှစ်ပါးပါ အဘိဓမ္မာဆိုတာ သစ္စာတရားပဲဟု ဆွေးနွေးကြသည်။ သစ္စာသိရင် နိရောဓပဲပေါ့ဟုဆိုသည်။ ဗုဒ္ဓသာသနာမှာ မူရင်အကျဆုံးဆိုတာကို သဘောတူလက်ခံသည်။ သီလ၊ သမာဓိ၊ ပညာသည် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အနှစ်သာရဆိုသည်ကိုလည်း သဘောတူလက်ခံသည်။ သစ္စာတရားသည် ငြိမ်းချမ်းရေးတရားပင်ဖြစ်သည်၊ အားပါးတရ ပွင့်ပွင့်လင်းလင်း ပြောကြသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနှင့် တိဗက်သာသနာပိုင် ပုဂ္ဂိုလ်တို၏ ဆွေးနွေးခန်းကို သီတဂူဆရာတော်ကြီးနှင့် ဒေါက်တာမျိုးမြင့်တို့က ဘာသာပြန်ပေးကြသည်။ ကာလေန ဓမ္မသာကစ္ဆာ အမှန်ပင်ဖြစ်သည်။ ဓမ္မသာကစ္ဆာနိဂုံး၌ ၀ါဆိုဆရာတော်ကြီးက စိတ်ဓာတ်ကြံကြံခိုင်ခိုင်ထား လောကဓမ်ရှစ်ပါး မုန်တိုင်းတိုက်ခိုက်ရာ၌ မတုန်လှုပ်စေနဲ့ဟု မိန့်ကြားတောေ်မူသည်။ တိဗက်သံဃာ၊ မြန်မာသံဃာ မေတ္တာကြိုး ခိုင်ခိုင်ချည်ထားရမည်ဟု မိန့်ကြားတော်မူသည်။ နဖူးတိုက် ဦးခိုက်၍ပြန်ခါနီးတွင် မြန်မာတို့ ၀ိနည်းစည်းကမ်းကောင်းကြောင်း ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန်လေးစားချစ်ခင်ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည် ကမ္ဘာမှာ အလွန်ကျော်ကြားသည့်ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက်ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ မိန့်ကြားချက်ကို ဘာသာပြန်၍ပြောလိုက်သည်။ ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျှော်သည့်အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှဲ့ပါ။ ဟေ့ ဟေ့ ဖိတ်ဖို့ မမေ့နဲ့ပါဟု ပြုံးပြုံးပျော်ပျော်ပြော၍ ဟိုတယ်မှ ပြန်လည်ထွက်ခွါသွားပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"။
"သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ ထွန်းတောက်ပါစေ"။
(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ---ရှင်သုခ (မင်းလှ)
ွှ့The Hotel Lalit New Delhi, R. No.1209
၀၁-၁၂-၁၁/ ၂၃း၄၀နာရီမှာ လက်ရေးမူပြီးသည်။
“မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒလင်္ကာများ”
0 comments Friday, November 4, 2011"တို့ပြည်ဌာနီ၊ ရှေးခါစီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ငြောင်းသာယာ၊ မိန့်အာဏာကို၊ ရပ်ရွာလူးများ၊ လွန်လေးစားခဲ့"။ ။
ရှေးအခါက မြန်မာပြည့်မှာ ဘုန်းကြီးကျောင်းပညာရေးသာရှိသောကြောင့် ကျောင်းထိုင်ဘုန်းကြီးများ၏ ဆုံးမသြ၀ါဒကို မိဘများကအစ သားသမီး မြေး မြစ်များပါမကျန် အလွန်လေးစား လိုက်နာကြပါသည်။ ဘုန်းကြီးကျောင်းသားမှ ကိုရင်၊ ကိုရင်ဘ၀မှ ရဟန်ဖြစ်ကြရကုန်။ တိုင်းပြည့်အုပ်ချုပ်ကြကုန်သော မင်းတို့သည်ပင်လျှင် ဘုန်းကြီးကျောင်းသားဘ၀မှ ဘုရင်မင်းဖြစ်လာရသောကြောင့် ဘုန်းကြီးကျောင်းစနစ်ပါ၍ မေတ္တာရှေးရှု မင်းပြုနိုင်ကြသဖြင့် တိုင်းပြည်လည်းအေးချမ်း တိုင်းသူပြည်သားများလည်း ချမ်းသာကြီးပွားကြကုန်၏။
"ခုကားသို့နယ်၊ မဟုတ်ဖွယ်၍၊ နယ်ပယ်ပွားစီး၊ သားသ္မီးတို့၊ ဘုန်းကြီးကျောင်းတွင်၊ စာမသင်ကြ"။ ။
ယနေ့ခေတ်မှာတော့ ကျေးလက်က ကလေးများပင် ဘုန်းကြီးကျောင်းပညာကို သင်ကြားမှု အလွန်နည်းပါလာရကား ကလေးများလည်း ရိုင်းစိုင်း၊ ဘာသာတရားကိုလည်း ကိုင်းရှိုင်းမှု အလွန်ပင် အားနည်းလာတာကို တွေ့မြင်နေရပါသည်။ ဘုန်းကြီးကျောင်းက သင်ပေးသော “ဧ၀ံ မေ သုတံ” စသည်ကို ခေတ်မမီဘူး၊ ကျောက်ခေတ်က စာတွေဟု ထင်နေကြလေသည်။ ။
"ထို့ပြင်မြို့နေ၊ ကလေးတွေက၊ တို့မေဘာသာ၊ တို့မေစာကို၊ သင်ရကောင်းမျှ၊ မထင်ကြဘဲ၊ ပြင်ကလာပေး၊ စာပထွေးကို၊ အလေးဂရု၊ အလေးပြု၏"။ ။
ထိုတွင်အမ မြို့ကကလေးများပင် မိဘစာပေဖြစ်သော ဗုဒ္ဓဘာသာစာပေများကို သင်ကြားရကောင်းမှန်း မသိကြပေ၊ ပြည်ပမှလာသော စာပထွေးများကိုသာလျှင် အလေးဂရုပြု၍ သင်ကြားနေကြပေသည်။ ။
"သူတို့ဘာသာ၊ သူတို့စာမူ၊ ခေတ်ကအလိုက်၊ လောကတိုက်ဝယ်၊ သိုက်မြိုက်ဘို့ရန်၊ အကြောင်းမှန်လည်း၊ နောင်သံသာတွက်၊ ကျိုးမဖက်၍၊ သက်သက်မျက်စိ၊ တစ်ဖက်ကြည့်တည်း"။ ။
တိုင်းတစ်ပါးမှလာသော ပညာရေး ယဉ်ကျေးမှုများသည် ဤလောက၀ယ် ကြီးပွားချမ်းသာနိုင်သော အကျိုးရှိမည်မှန်သော်လည်း သံသရာအတွက် အကျိုးမရှိရကား မျက်စိ တစ်ဖက်တည်းရှိသူနှင့်တူ၍ တစ်ဖက်ကမ်း ပညာရေးဖြစ်ပါသည်။ ။
"ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ လူအများလည်း၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း"။ ။
ဤအတိုင်းနှစ်ပေါင်းများစွာ ကြာလာခဲ့ပါက မြန်မာပြည်ပွား လူများစွာတို့သည် ရတနာသုံးပါးကို မေးကြကုန်လိမ့်မည်။ ဘာသာမဲ့တွေ ဖြစ်ကုန်လိမ့်မည်မှာ ဧကန်ဖြစ်ပေလိမ့်မည်။ ။
ထိုခါတိုင်းဖွား၊ လူအများလည်း၊ တရားလက်ကွာ၊ တစ်သက်စာကြောင့်၊ ဆက်ခါခုထက်၊ တိုး၍ပျက်လိမ့်။ ။
မိသားစုအားလုံး စားဝတ်နေရေးအတွက် တစ်နှပ်စာ တစ်သက်စာအလုပ်လုပ်နေ ရသောကြောင့် တရားထိုင်ဘို့ မဆိုထားဘိ တရားနာဖို့ပင် မစွမ်းနိုင်ရကား ခုထက်ပိုပြီး ပျက်ဆီးဘို့ပဲ ရှိပါသည်။ ။
"သို့တွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ ၀ိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းသျှင်ဟောကြား၊ သြ၀ါဒကို၊ စိတ်၌ ကြည့်ဖြူ၊ လိုက်နာယူ၍၊ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းပြောင်း၍၊ နောက်နှောင်းမြန်မာ၊ သာသနာတည်၊ ရှည်ကြာနေသို့၊ ထွန်းမည်တည်း"။ ။
လှေကြီးထိုး ရိုးရိုးကျင့်မနေဘဲ စာချဘုန်းကြီးများကလည်း မိမိကျင့်၊ တပည့်တွေကိုလည်း ကျင့်တတ်အောင်သင်၊ ဓမ္မကထိကဆရာတော်များကလည်း မိမိလည်းကျင့်၊ ဒကာ ဒကာမတွေကိုလည်း တရားကျင့်နိုင်ရန် လမ်းညွှန်ပေးနိုင်ရန် သိပ္ပ ၀ိဇ္ဇာမကျန် တတ်မြှောက်အောင် သင်ကြားလေးလထားမှ တပည့် ဒကာ ဒကာမများကို ကောင်းစွာပိုင်ပိုင် ပြသဟောကြား သြ၀ါဒပေးနိုင်မည်ဆိုလျှင် တပည့်များကလည်း ယုံယုံကြည်ကြည့်ဖြင့် လိုက်နာကျင့်သုံးကြကုန်သည်ဖြစ်၍ ကိုယ်နှုတ်စိတ်နူးညံ့ပျော့ပြောင်းပြီး သာသနာနေသို့ ထွန်းလင်းတောက်ပစေရန် ပစ္စည်းလေးပါးတို့ဖြင့် ချီးမြှောက်ထောက်ပံ့ကြလိမ့်မည် ဖြစ်ပေသည်။ ။
စုစည်းတင်ပြူ ရှင်သုခ(မင်းလှ)
read more ““မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒလင်္ကာများ””

ပူဇော်ထိုက်က ပူဇော်ကြပါ
0 comments Wednesday, October 26, 2011“ရတနာသုံးပါး၊ ဆရာအား၊ ဦးဖျားထိပ်မှာပန်”
“ရတနာသုံးပါး၊ ဆရာအား၊ မမှားပူဇော်ပါ”
“ရတနာသုံးပါး၊ ဆရာအား၊ တတ်အားပူဇော်ပါ”
မြတ်စွာဘုရား ဟောတော်မူထားခဲ့တဲ့ သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်ထဲမှာ “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ၊ ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ” လူမိုက်တို့ကို ဘယ်တော့မှ မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိ သူတော်ကောင်းနှင့် ထာဝရ ပေါင်းသင်းမှီဝဲ ဆည်းကပ်နေထိုင်ခြင်း၊ ပူဇော်ခံထိုက်သူတို့ကို အမြဲဆည်းကပ်ပူဇော်ခြင်း စသည်စသည်ဖြင့် မင်္ဂလာတရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြရပါမည်။ “အစကောင်းမှ အနှောင်းသေချာ” ဆိုသကဲ့သို့ လူမိုက်ကိုရှောင်၊ ပညာရှိ သူတော်ကောင်းနှင့်ပေါင်း၊ ပူဇော်ခံထိုက်သူတွေကို ပူဇော်ခြင်းအစရှိသော မင်္ဂလာတရားတော်များကို အစဉ်တစိုက်ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ခဲ့မှသာလျှင် “နိဗ္ဗာနသစ္ဆိကိရိယာစ” ဆိုတဲ့ ဘ၀ဇာတ် သိမ်းရာဖြစ်သောနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း အကျိုးတရားတွေကို ခံစား စံစားရမည်မှာ ဧကန်မုချဖြစ်ပါသည်။
မြတ်စွာဘုရားလက်ထက်တော်အခါက အဇာတသတ္တုမင်းသားလေးသည် ရှင်ဒေ၀ဒတ္တ တည်းဟူသောလူမိုက်နှင့် ပေါင်းဖေါ်ယှဉ်တွဲမိသည့်အတွက် ဘုရင်ဖြစ်လိုခြင်းတည်းဟူသော တဏှာလောဘကြောင့် ဖခမည်းတော်ကြီး သောတာပန် ဗိမ္ဗိသာရမင်းတရားကြီးကို သတ်မိတဲ့အထိ မိုက်မဲ့ခဲ့ဘူးပါသည်။ သို့သော်လည်းဘဲ သောတာပန် ဆေးဆရာကြီး ဇီဝကတည်းဟူသော သူတော်ကောင်းနှင့် ပေါင်းဖေါ်ယှဉ်တွဲပြီး မြတ်စွားဘုရားကို ပူဇော်မှီဝဲဆည်းကပ်မိသောကြောင့် အဘကို သတ်မိတဲ့အတွက် အ၀ီစိငရဲမှခံရမည့်ဘေးမှ လွတ်မြှောက်လျက် လောဟကုမ္ဘီငရဲမှာသာ အနှစ်ခြောက်သောင်းခံရပြီး၊ ထိုငရဲမှ လွတ်မြှောက်သောအခါ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓအဖြစ်ဖြင့် ပရိနိဗ္ဗာန်စံဝင်ရမည့်အထိ အကျိုးကျေးဇူးရရှိသွားခဲ့ပါသည်။
“ပူဇော်ထိုက်သူ၊ ပူဇော်မူ၊ မှတ်ယူမင်္ဂလာ”။
ဤနေရာမှာ ပူဇော်ထိုက်သူများကား ဘုရား၊ တရား၊ သံဃာ၊ ဆရာတို့ဖြစ်ပါသည်။ ရတနာသုံးပါးကား အမြတ်ဆုံး ပူဇော်ခံထိုက်သော တရားများဖြစ်ပါသည်။ ဆရာမှာလည်း လောကီစီးပွားရေး၊ ကြီပွားရေး ပညာရေးသင်ကြားပေးသည့်ဆရာ၊ လောကုတ္တရာမဂ်ဖိုလ် နိဗ္ဗာန်သို့ရောက်ကြောင်း ဘ၀၀ိမုတ္တိပညာကို သင်ကြားပြသပေးသောဆရာဟု နှစ်မျိုးရှိပါသည်။ ပူဇော်ရမည့်အရာများကလည်း ပစ္စည်းဖြင့်ပူဇော်ခြင်း၊ ကိုယ်ကျင်းတရားဖြင့်ပူဇော်ခြင်းအားဖြင့် နှစ်မျိုးရှိပါသည်။ အဲဒါကြောင့်---
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ မမှားပူဇော်ပါ”။
ယနေ့ လူငယ်တွေ ဆရာတွေကို ပူဇော်တဲ့ အာစရိယပူဇော်ပွဲမျိုးတွေ အတော်အတန်ပင်ရှားပါး နေတာ တွေ့ရပါသည်။ အဲဒါ ဘာကြောင့်လည်းဆိုတော့ “ပူဇာ စ ပူဇနေယျာနမင်္ဂလာ” ပျက်ဆီးနေ လို့ဖြစ်ပါသည်။ လောက သားသ္မီးများဟာ မိဘကိုလုပ်ကျွေးပြုစုရမှာ ၀န်မလေးပေမဲ့ ဆရာသမားရဲ့ ၀တ်တရားတွေကို ပြုစုရမှာ အတော်ပင် ၀န်လေးနေကြပါသည်။ သူတို့လေးတွေရဲ့ အမြင်မှာ ဒီဆရာတွေသည် ငါတို့ကို စေတနာရှိလို့ သင်ပေးနေတာ မဟုတ်ပါဘူး၊ မေတ္တာရှိလို့ သင်ပေးနေတာ မဟုတ်ပါဘူး၊ သူတို့ပိုက်ဆံရလို့ သူတို့ကြီးပွားချမ်းသာဘို့အတွက်ဟု အထင်မှား အမြင်မှားတွေ ရှိနေလို့ပဲဖြစ်ပါသည်။ အဲဒီအထင်မှား အမြင်မှားတွေ မရှိရလေအောင် သားသ္မီးများကို မိဘများက သင်ကြားဆုံးမသင့်ပေသည်။ လောကမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာရယ်လို့ ဆရာသုံးမျိုး ရှိကြောင်း သင်ကြားဆုံးမသင့်ပေသည်။ စာရေးသူ ငယ်ငယ်သင်ခဲ့ဘူးတဲ့ မြင်ဆရာကို ဆော်ကားလို့ လှံဆူးသေရတဲ့ လုလင်အကြောင်းလေး တင်ပြချင်ပါသည်။ လုလင်ငယ်တစ်ယောက် သည် ဗျိုင်းတစ်ကောင် ငါးလေးတစ်ကောင်းကို အပေါ်မြောက်လိုက် ပါးစပ်ဖြင့်ဖမ်းလိုက်ဖြင့် ထပ်ခါတလဲလဲ လုပ်နေသည်ကိုမြင်၍ အတုမြင် အတတ်သင်ဆိုသလို အတူလိုက်ပြီးလေ့ကျင်ခဲ့ရာ နောက်ဆုံး လှံတံကိုပင် အပေါ်မြှောက်၍ မိမိပါးစပ်ဖြင့် ဖမ်းနိုင်သည့်အထိ တတ်မြောက်သွားတော့၏၊ ထိုသတင်းကို တိုင်းပြည့်အုပ်ချုပ်တဲ့ ဘုရင်မင်းကြီးကြား၍ လုလင်ငယ်ကိုခေါ်စေပြီး ထိုလှံဖမ်းအတတ်ကို နန်းတွင်းဝယ် ပြသခိုင်းလေးသည်၊ ဘုရင်က သင်၏ဆရာ ဘယ်သူနည်းဟု မေးသောအခါ သူ့ဆရာက တိရစ္ဆာန်ဗျိုင်းဖြစ်နေသောကြောင့် ဆရာကို ဖေါ်မပြဘဲ ကိုယ်တိုင်တတ်မြှောက်ကြောင်း လိမ်လည်လျှောက်ထားပြီး ဆက်လက်ပြသလေရာ ထိုလုလင်ငယ် အာခံတွင်းလှံဆူး၍ သေဆုံးခြင်းသို့ ရောက်ရလေသည်။ ဤပုံပြင်လေးကို သင်ခန်းစာယူလျက် ယနေ့လူငယ်များ ဆရာနှင့်တပည့် မေတ္တာအစေး မပျယ်ရလေအောင် မေတ္တာအစေး မခမ်းခြောက် ရလေအောင် ဆရာကလည်း တာဝန်ကျေ၊ တပည့်ကလည်း တာဝန်သိတတ်ဘို့ အထူးပင် လိုအပ်လှပေသည်။ အဲဒီ “ပူဇာ စ ပူဇနေယျာနမင်္ဂလာ” ပျက်ပြီဆိုလျှင် ဆရာရော တပည့်ပါ ပျက်ဆီးဆုံးရှုံးသို့ ရောက်လိမ့်မည်ဖြစ်ပေသည်။ ဆရာနှင့်တပည့် ၀တ်တရားတွေ အသီးသီးတာဝန် ကျေကြမည်ဆိုလျှင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးအစရှိသော အကျိုးတရားများကို အသီးသီး ခံစား စံစားရမည်မှာ ဧကန်စင်စစ် အမှန်ပင်ဖြစ်ပါသည်။
“ဒသသ၀ဿာယုကေသု ဘိက္ခဝေ မနုေဿသု ယေ တေ ဘ၀ိဿန္တိ အမေတ္တေယျာ အပေတ္တေယျာ အသာမညာ အဗြဟ္မညာ န ကုလေ ဇေဋ္ဌပစာယိနော, တေ ပုဇ္ဖ စ ဘ၀ိဿန္တိ ပါသံသာ စ”။ (စက္က၀တ္တိသုတ်)
ရဟန်းတို့ အသက်တန်း ဆယ်နှစ်တန်းမှ လူတို့သည် မိခင်ကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ ဖခင်ကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ ရဟန်းသံဃာတော်တွေကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ လူတော်ကောင်းသူတော်စင်တွေကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ ကြီးကုန်သောသူတို့ကို မပြုစု မလုပ်ကျွေးကြကုန်သည်ဖြစ်၍ နေထိုင်ကြကုန်၏။ ထိုသို့ ၀တ်တရားပျက်ဆီးနေသောသူတို့ကို ပူဇော်ကြကုန်သည့်ခေတ်၊ ချီးမွမ်းကြကုန်သည့်ခေတ်ဆိုတဲ့ အဲဒီလို လူမိုက်တွေကို ပူဇော်တဲ့ခေတ်ကို ရောက်ကြပေလိမ့်မည်။ မိဘတွေက သားသ္မီးတွေကို ပြန်ပြီးပူဇော်ရတဲ့ခေတ်ကို ရောက်ကြရပေလိမ့်မည်ဟု ဟောတော်မူခဲ့ပါသည်။
ယခုအချိန်ကာလသည် သူတော်ကောင်းတရားကျင့်သုံးပြီး ပူဇော်ထိုက်သူတွေကို ပူဇော်ရမည့် အချိန်အခါကောင်းဖြစ်သည်။ အနာဂတ်ဆိုတာ မသေချာ၍ လက်ရှိပစ္စုပ္ပန်မှာ သေချာတဲ့ ပူဇော်မှုတွေ ကို များများပြုလုပ်ကြဘို့နဲ့ ပူဇော်တဲ့နေရာမှာလည်း မိမိပူဇော်မည့်ပုဂ္ဂိုလ်တွေက ပူဇော်ခံထိုက်သော ဘုရား တရား သံဃာ မိဘ ဆရာ အသက်ကြီးသူ ဂုဏ်ကြီးသူတွေ ဟုတ်ရဲ့လားဟု ကွဲပြားအောင် လေ့လာသင့်တယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုတာမျိုးက ကိုယ်ညံ့ဖျင်းရာကျသလို အချိန် ကလည်းသိပ်နောက်ကျနေပြီ နောင်တ မဖြစ်ရလေအောင် အသိအလိမ္မာ ပညာဥာဏ်ဖြင့် စဉ်းစား ဆင်ခြင်လျက် ပူဇော်ထိုက်သော ဘုရား တရား သံဃာ မိဘ ဆရာသမားများကို မမှားသော ပူဇော်ခြင်း မျိုးဖြင့် ပူဇော်ကြပါလို့ တိုက်တွန်းလိုက်ပါသည်။
“မိဘနှစ်ပါး၊ ကြီးသူအား၊ မမှားပူဇော်ပါ”
မိဘများနှင့် အသက်ကြီးသူ ဂုဏ်ကြီးတို့အားလည်း ပူဇော်ကြရပါမည်။
“ဣမာယ ဓမ္မာနုဓမ္မပ္ပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ၊
ဣမာယ ဓမ္မာနုဓမ္မပ္ပဋိပတ္တိယာ ဓမ္မံ ပူဇေမိ၊
ဣမာယ ဓမ္မာနုဓမ္မပ္ပဋိပတ္တိယာ သံဃံ ပူဇေမိ”
ဤလောကုတ္တရာကိုးပါးအားလျှော်သော အကျင့်မြတ်ဖြင့် ဘုရား တရား သံဃာရတာနာသုံးပါးအား ပူဇော်ပါ၏။
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ မမှားပူဇော်ပါ”
ပူဇောတဲ့နေရာမှာလည်း ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်းအားဖြင့် နှစ်မျိုး ရှိပါသည်။ သားသ္မီးများက မိဘတို့၏ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးခြင်းဖြင့် အမြတ်ဆုံးပူဇော်ခြင်းဖြစ်တဲ့ တရားနှင့်ပူဇော်နိုင်သလို၊ တပည့်များကလည်း ဆရာသမားများအပေါ်မှာ ဆရာတို့၏ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးခြင့်းဖြင့်လည်းကောင်း၊ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများကလည်း မြတ်စွာဘုရား၏ ဆုံးမသြ၀ါဒဖြစ်သော စာရိတ္တသီလနှင့် ၀ါရိတ္တသီလတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ပူဇော်နိုင်ကြပါ သည်။ အဲဒီလိုပူဇော်ခြင်းမျိုးကို မြတ်စွာဘုရားက ဘုရား တရား သံဃာ မိဘ ဆရာ အသက်ကြီးသူ ဂုဏ်ကြီးသူတို့ကို အမြတ်ဆုံး ပူဇော်ခြင်းမျိုးဖြင့် ပူဇော်ခြင်းဖြစ်ကြောင်း ဟောတော်မူခဲ့ပါသည်။
“သိက္ခာသုံးပါး၊ ကျင့်သူအား၊ မမှားပူဇော်ပါ”
သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါး ကျင်းကြံကြိုးကုတ်အားထုတ်နေသော သူတော်စင်တွေကိုတွေ့လျှင် ငယ်ပင်ငယ်ငြားသော်လည်း ပူဇော်ထိုက်သည့်အတွက် ပူဇော်ကြပါ။ ဘယ်လိုပူဇော်ကြရမလဲဆိုတော့---
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ မမှားပူဇော်ပါ”
၁။ ပစ္စည်းဖြင့် ပူဇော်ခြင်း၊
၂။ ကိုယ်ကျင့်တရားဖြင့် ပူဇော်ခြင်း၊
၃။ ပစ္စည်း၊ ကိုယ်ကျင့်တရား နှစ်မျိုးလုံးဖြင့် ပူဇော်ခြင်း၊
၎။ ပစ္စည်းဖြင့်လည်း မပူဇော်၊ ကိုယ်ကျင့်တရားဖြင့်လည်း မပူဇော်ပဲနေခြင်းအားဖြင့် လေးမျိုးလေးစားရှိပါသည်။
တစ်ချို့ကြတော့ လှူတော့လှူနိုင်တယ် ကိုယ်ကျင့်တရားတော့ မကျင့်နိုင်ဘူး၊
တစ်ချို့ကြတော့ လှူတော့မလှူနိုင်ဘူး ကိုယ်ကျင့်တရားကြတော့ ကျင့်နိုင်တယ်၊
တစ်ချို့ကြတော့ လှူလည်းလှူနိုင်တယ် ကိုယ်ကျင့်တရားလည်းကျင့်နိုင်တယ်၊
တစ်ချို့ကြတော့ လှူလည်း မလှူနိုင်ဘူး ကိုယ်ကျင့်တရားလည်း မကျင့်နိုင်ဘူး၊
“ယော ခေါ, အာနန္ဒ, ဘိက္ခု ၀ါ ဘိက္ခုနီ ၀ါ ဥပါသကော ၀ါ ဥပါသိကာ ၀ါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ၀ိဟရတိ သာမိစိပ္ပဋိပန္နော အနုဓမ္မစာရီ, သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစာယတိ ပရမာယ ပူဇာယ၊ တသ္မာတိဟနန္ဒ, ဓမ္မာနုဓမ္မပ္ပဋိပန္နာ ၀ိဟရိဿာမ သာမိစိပ္ပဋိပန္နာ အနုဓမ္မစာရိနောတိ။ ဧ၀ဥှိ ဝေါ, အာနန္ဒ သိက္ခိတဗ္ဗန္တိ”။ (မဟာပရိနိဗ္ဗာနသုတ္တ)
ချစ်သားအာနန္ဒ ရဟန်းပဲဖြစ်ဖြစ် ရဟန်းမပဲဖြစ်ဖြစ် ဒါယကာပဲဖြစ်ဖြစ် ဒါယိကာမပဲဖြစ်ဖြစ် လောကုတ္တရာတရားကိုးပါးနှင့် လျှော်လျှောက်ပတ်သောသီလ သမာဓိ ပညာတရားတွေကို ကျင့်ကြံ ကြိုးကုတ်အားထုတ်၍နေ၏။ ထိုပုဂ္ဂိုလ်သည် ငါဘုရားအား တရားဖြင့် အရိုအသေပြုသည်မည်၏၊ အလေးအမြတ်ပြုသည်မည်၏၊ မြတ်နိုးသည်မည်၏၊ အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည်မည်၏၊ အဲဒီလို အရိုအသေပြခြင်းစသည်တို့သည် ငါဘုရားကို အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည်မည်၏လို့ ဟောတော်မူခဲ့ပါသည်။
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ တတ်အားပူဇော်ပါ”။
မြတ်စွာဘုရားအား မြင်းမိုရ်တောင်လောက်ကြီးတဲ့ ပန်းကုံးကြီးဖြင့် ပူဇော်ပါသော်လည်း အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည် မမည်ပါဘူး။ မိထွေးတော် ဂေါတမီသည် မြတ်စွားဘုရားအား သင်္ကန်းတွေ မြင်းမိုရ်တောင်လောက်ပုံပြီး လှူပင်လှူငြားသော်လည်း အမြတ်ဆုံးပူဇော်ခြင်း မမည်ပါဘူးလို့ မြတ်စွာဘုရား ဟောတော်မူခဲ့ပါသည်။ မြတ်ဘုရား ဟောတော်မူထားခဲ့တဲ့ တရားတော်တွေကို လိုက်နာကျင့်သုံးပြီး ပူဇော်ခြင်းမျိုးကို အမြတ်ဆုံးပူဇော်ပဲလို့ ဟောတော် မူခဲ့ပါသည်။ အဲဒါကြောင့် မိဘများက ယနေ့လူငယ် သားငယ် သမီးငယ်များကို “ပူဇာ စ ပူဇနေယျာန” မင်္ဂလာတရားတော်နှင့် ပြည့်စုံအောင် နေတတ်ထိုင်တတ်ဘို့အတွက် ဆုံးမသွန်သင်လျက် ပူဇော်ခံထိုက်သော ဘုရား တရား သံဃာ မိဘ ဆရာ အသက်ကြီးသူ ဂုဏ်ကြီးသူတို့ကို ပစ္စည်းဖြင့်လည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ကိုယ်ကျင့်တရားဖြင့်လည်းကောင်း နေ့ညမပြတ် တတ်အားသမျှ ပူဇော်နိုင်ကြပါစေလို့ သမ္မာဆန္ဒပြုလျက်---
“ ပူဇော်ထိုက်သူ၊ ပူဇော်မူ၊ မှတ်ယူမင်္ဂလာ”
“ရတနာသုံးပါး၊ ဆရာအား၊ မမှားပူဇော်ပါ”
"ရတနာသုံးပါး၊ ဆရာအား၊ တတ်အားပူဇော်ပါ"
“မိဘနှစ်ပါး၊ ကြီးသူအား၊ မမှားပူဇော်ပါ”
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ တတ်အားပူဇော်ပါ”
“သီတဂူစန်းပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရှင်သုခ (မင်းလှ)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
read more “ပူဇော်ထိုက်က ပူဇော်ကြပါ”

မာတာပိတု ဥပဋ္ဌာနမင်္ဂလာ ပျက်သုဉ်းကုန်ပြီလား?
0 comments Thursday, October 6, 2011အထက်ဖေါ်ပြပါ ဓာတ်ပုံရှင်မှာ မိခင်ရင်းဖြစ်သော အသက်(၈၀)ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီးအတွင်း၌ စွန့်ပြစ်ထားခြင်းခံခဲ့ရသော အဘွားအို၏ ဖြစ်ရပ်မှန်တစ်ခုဖြစ်သည်။
မာတာပိတု ဥပဋ္ဌာနမင်္ဂလာအရ=မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ။ တဿာ ဥတုမှိ နှာတာယ၊ ဟောတိ ဂဗ္ဘဿ ဝေါက္ကမော၊ တေန ဒေါဟဠိနီ ဟောတိ၊ သုဟဒါ တေန ၀ုစ္စတိ=အလွန်ကောင်းသော စိတ်နှလုံးရှိသူများ။ ။ နှလုံးဖြူစင်၊ မွေးမိခင်၊ ခေါ်တွင်သုဟဒ။ ။ သံဝဇ္ဇရံ ၀ါ ဦနံ ၀ါ၊ ပရိဟရိတွာ ၀ိဇာယတိ၊ တေန သာ ဇနယန္တီတိ၊ ဇနေတ္တိ တေန ၀ုစ္စတိ=မိခင်သည် သားသမီးတို့ တစ်နှစ်လည်းကောင်း၊ ယုတ်လျှော့၍လည်းကောင်း ၀မ်းနှိုက်လွယ်ပြီးမှ မွေးဖွားခဲ့ရပါသည်။ ၀မ်းနှိုက်လွယ်ကြင်၊ ဖွားသန့်စင်၊ ခေါ်တွင် ဇနေတ္တိ။ ထနခီရေန ဂီတေန၊ အင်္ဂပါဝုရဏေန စ၊ ရောဒန္တံ ပုတ္တံ တောသေတိ၊ တောသေန္တိ တေန ၀ုစ္စတိ=မိခင်သည် ငိုကြွေး၍နေသော သားငယ် သမီးငယ်ကို နို့ချိုတိုက်ကျွေးလည်းကောင်း၊ သီချင်းသီဆို၍လည်းကောင်၊ အင်္ဂါအစိတ်အပိုင်းတွေကို ပွေ့ပိုက်၍လည်းကောင်း ချော့မြူ၏။ ။ တတော ၀ါတာတပေ ဃောရေ၊ မမံ ကတွာ ဥဒိက္ခတိ၊ ဒါရကံ အပ္ပဇာနန္တံ၊ ပေါသေန္တိ တေန ၀ုစ္စတိ= မိခင်သည် သားငယ် သမီးငယ်ကို မိမိနှင့်အတူပြုလျက် မွေးမြူတတ်ကြပါသည်။ သို့အတွက်ကြောင့် စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက ပြာသိုလ်လပြည့် အမေ့နေ့ဆိုပြီး မြန်မာနိုင်ငံမှာ ဖြစ်မြှောက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိဘကို အိမ်မှာမွေးထားသော ခွေးတွေ ကြောင်တွေကို ဘုရားဝိုင်း ကျောင်းဝိုင်းတွေမှာ စွန့်ပြစ်သလို စွန့်ပြစ်ခဲ့သော မိဘများကို ပြုစုလုပ်ကျွေးရမည့်တာဝန်ကို ပျက်ကွက်ခဲ့သော ထိုဇနီးမောင်နှံတို့သည် လောကကြောင်းဖြင့်လည်း အပြစ်သင့်၊ ဓမ္မကြောင်းဖြင့်လည်း အပြစ်သင့်ပေသည်။ ထိုမျှမက ပုဗ္ဗာစရိယဂုဏ်၊ အာဟုနေယျဂုဏ်၊ ဗြဟ္မာဟုခေါ်ဆိုထိုက်သောဂုဏ် စသည်စသည်ဂုဏ်များစွာဖြင့် ပြည့်စုံပေသော မိဘများအား စွန်ပြစ်ခဲ့သော သားသမီးတွေလောက် မိုက်မဲသောသူ လောကမှာ ရှိလိမ့်မည်မဟုတ်ပေ။ တိရစ္ဆာန်တွေထက် မိုက်မဲသောပုဂ္ဂိုလ်များဟု ဆိုလျှင်ပင် ရိုင်းမည်မထင်။ (ဘလောကာ၏ အာဘော်ဖြစ်သည်)။
သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။
စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။
အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။
''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။
ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်။
(မူရင်း)
လောကီလောကုတ္တရာ ရတနာများ၏တန်ဘိုးနှင့် အနှစ်သာရ ရလဒ်ကို ရှာဖွေကြည့်ခြင်း
0 comments Wednesday, August 17, 2011ရတနာဆိုတဲ့အဓိပ္ပါယ်က “ရတိံ ဇနေတီတိ ရတနံ” လူတိုင်းရဲ့စိတ်ကို နှစ်သက်ခြင်းကိုဖြစ်စေတတ် သောကြောင့် “ရတနာ” ဟုဆိုပါသည်။ လောကတွင် “ရတနာ” အမျိုးမျိုးရှိ၏။ ထိုရတနာတို့ကို အုပ်စုအလိုက် တူညီရာတူညီရာခွဲခြားပြရလျှင် ဘာသာရေးအနေနှင့် ရတနာသုံးပါးရှိ၏။ ထို့အပြင် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပဟုဆိုအပ်သော လောကုတ္တရာရတနာခုနှစ်ပါးကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်ကြား တော်မူခဲ့သည်။ လောကီရတနာလက်ဝတ်တန်ဆာတွေဖြစ်သော ရွှေ ငွေ ပုလဲ ပတ္တမြား ကြောင်မျက်ရွဲ စိန် သန္တာ အားဖြင့်သက်မဲ့ရတနာခုနှစ်ပါးရှိသလို သက်ရှိအားဖြင့် သားရတနာ သမီးရတနာ ဆင်ရတနာ မြင်းရတနာ နွားလားဥသဘရတနာ စသည်ဖြင့်ရှိ၏။ လောကတွင် လူတိုင်းလူတိုင်း ရတနာဆိုသည့်အရာကို နှစ်သက်မြတ် နိုးမှုခြင်းတူညီသလို တန်ဖိုးလည်းထားတာခြင်းလည်း တူညီကြ၏။ ရယူပိုင်ဆိုင်လိုခြင်းလည်း တူညီကြ၏။ သို့သော်ငြားလည်း လူတိုင်းလူတိုင်းမှာမတူကွဲပြားသည့်လိုအင်ဆန္ဒများရှိကြလေသောကြောင့် သက်ရှိသက်မဲ့ စသည်အားဖြင့်ကွဲပြားနေသော ရတနာများ၏အပေါ်မှာ နှစ်သက်မြတ်နိုးတန်ဖိုးထားမှုများလည်း ကွဲပြားလာကြ တော့၏။ အချို့က ရွှေကိုတန်ဖိုးထားကြသလို အချို့ကလည်း ငွေကိုတန်ဖိုးထားကြ၏။ အချို့က ပတ္တမြားကို တန်ဖိုးထားကြသလို အချို့ကြပြန်တော့ စိန်စသည်ကိုတန်ဖိုးထားကြပြန်၏။ တစ်ချို့ကြပြန်တော့လည်း သက်ရှိ ဖြစ်တဲ့ သားရတနာသမီးရတနာ ဆင်မြင်းစသောသက်ရှိသတ္တ၀ါတွေကို တန်ဖိုးထားတတ်ကြပြန်၏။ ရတနာ အမျိုးမျိုးတို့ကို တန်ဖိုးထားသတ်မှတ်မှုများမည်သို့ပင်ကွဲပြားခြားနားနေပါစေ ထိုရတနာများကို တန်ဖိုးထား သတ်မှတ်နေကြသူများ၏နောက်ကွယ်မှ အနှစ်သာရအစစ်အမှန်ကို ဖော်ထုတ်ရှာဖွေသင့်ပေသည်။ ထိုရတနာ များကို တန်းဖိုးထားနေကြသူများ၏နောက်ကွယ်မှ တကယ့်ရလဒ်အစစ်အနှစ်သာရကား အဘယ်နည်း။
မည်သည့် “ရတနာ” မဆို သူအတိုင်းတာနဲ့သူတော့တန်ဖိုးရှိကြ၏။ ထိုသို့တန်ဖိုးရှိနေသည့်အတွက် ကြောင့်ပင် လူတိုင်းကတန်ဖိုးထား ကြသည်ဟုဆိုလျှင် မှားမည်မထင်ပေ။ ဘာသာတရားနှင့်ပတ်သက်သော ရတနာတွေကို လောကုတ္တရာရတနာဟုခေါ်ဆိုကြသလို လောကီအဆင်တန် ဆာဖြစ်သော ရွှေငွေစိန်ကျောက် စသောရတနာတွေကိုတော့ လောကီရတနာဟုခေါ်ဆိုကြ၏။ ဘာသာတရားနှင့်ပါတ်သက်သောရတနာတို့၏ တန်ဖိုးကို ဤနေရာ၌အကျယ်တ၀င့်မရေးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဘာသာတရားနှင့်ပါတ်သက် သောရတနာတို့၏အဓိပ္ပါယ်နှင့် ၄င်းတို့၏အနှစ်သာရကား အလွန်အင်မတန်မှကျယ်ဝန်းများပြားလှသလို ဘက်ပေါင်းစုံကနေပြည့်စုံအောင်တင်ပြဖို့ရန်လည်း အလွန်တရာမှသိမ်မွေ့နက်နဲခက်ခဲလှ၏။ ထို့ကြောင့် ဘာသာ တရားနှင့်ပါတ်သက်သော ရတနာများ၏အနှစ်သာရနှင့်အဓိပ္ပါယ်တို့ကို အကျယ်တ၀င့်မရေးသားတော့ပဲ အနည်းအကျဉ်းလောက်သာရေးသား၍ နောင်တချိန်တွင် အလျင်းသင့်သလိုဖော်ပြရေးသားပါမည်။ ဤနေရာ၌ လောကီရတနာများဖြစ်ကြသော ရွှေ ငွေ စိန် ကျောက်စသည့်ရတနာ တို့၏အကြောင်းအရာတို့ကိုသာ ဤနေရာ၌ အကျယ်တ၀င့်တင်ပြသွားပါမည်။ ပထမဆုံးအနေဖြင့် လောကီရတနာဖြစ်သောရွှေအကြောင်းကို ရေးသားတင်ပြရလျှင် ရွှေကို လူတိုင်းနီးပါးနှစ်သက်မြတ်နိုးကြသည်ဟုဆိုပါလျှင်လွန်မည်မထင်ပေ။ ရွှေကို မည်သည့်ခေတ်လောက်ကတည်းက လူတွေစတင်၍အသုံးပြုလာခဲ့ကြသနည်းဟု လေ့လာကြည့်သောအခါ မည်သူကရွှေကိုစတင်တွေ့ရှိသည်ဆိုသည့်အချက်ကို သေချာစွာမပြောနိုင်ကြ သော်လည်း ရွှေကိုလူတွေ နှစ်ပေါင်း ၂၆၀၀ ကျော် ဘီစီ လောက်ကတည်းက စတင်ရှာဖွေတွေ့ရှိခဲ့ကြပြီး အီဂျစ် ဂရိ ရောမနှင့် အာဖရိကတိုက်ရှိလူများစွာတို့သည် ရွှေကို စတင်အသုံးပြုခဲ့ကြသည်ဟုတွေ့ရှိရ၏။ ယခုအခါ ရှာဖွေတွေ့ရှိမှု အတိုင်းအတာအားဖြင့် အနည်းများကွာခြား ကောင်းကွာခြားနိုင်သော်လည်း ရွှေကို နိုင်ငံတော်တော်များများ တွင်ရှာဖွေတွေ့ရှိနေကြ၏။ ခေတ်တွေစနစ်တွေ တိုးတက်ပြောင်းလည်းလာသောအခါ ရွှေကို ရွှေဖြူ- Platinum ရွှေဝါ-Gold ဟူ၍ နှစ်မျိုးနှစ်စားခွဲခြား၍ထုတ် လုပ်လာနိုင်ခဲ့ကြ၏။ ရွေကို Barter- အာမခံစနစ်တစ်ခုအနေဖြင့် ဟိုရှေးယခင်ကတည်းက အသုံးပြုခဲ့ကြသည်ဟုမှတ်တမ်းများတွင် လေ့လာတွေ့ရှိရပါသည်။ ယခုအချိန်ထိလည်း ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံတော်အစိုးရ တော်တော်များများသည်လည်းကောင်း ကုန်သည်ပွဲစားများသည် လည်းကောင်း ရွှေကို အာမခံပစ္စည်းတစ်ခု အနေနှင့်ဘဏ်တွေမှာအပ်နှံထားကြသလို စီးပွါးရေးရောင်းကုန် ပစ္စည်းတစ်ခုအနေအားဖြင့်လည်း ရောင်းဝယ်မှု တွေကိုယခုခေတ်ကာလတိုင်အောင် ပြုလုပ်နေကြဆဲဖြစ်သည်။ ဘုရားရှင်လက်ထက်တော်ကလည်း အနာပိဏ် သူဋ္ဌေးကြီးသည် ဇေတမင်းသား၏ဥယျာဉ်တော်ကိုဝယ်ယူဖို့ရာ အတွက် မိမိပိုင်ဆိုင်သောရွှေဒင်္ဂါး အသပြာများကို အချင်းချင်းထိအောင်ခင်းကာ ၀ယ်ယူခဲ့ရသည်ဟု ပိဋကတ် စာပေတို့၌တွေ့ရှိရ၏။ ကမ္ဘာ့စီးပွါးရေးဈေးကွက်ဖြစ်သော Stock share ဈေးတွေမှာလည်း ရွှေဈေး၏အတက် အကျပေါ်မှာမူတည်၍ ဈေးအရောင်းအ၀ယ်ကိစ္စတွေကို စကားပြောဆိုကြ၏။ မိမိနိုင်ငံ၏ငွေကြေးစနစ်တောင့် တင်းခိုင်မာမှုရှိလာစေရန်အတွက် နိုင်ငံတော်ခေါင်းဆောင်များက ဆွစ်ဇာလန်နိုင်ငံရှိကမ္ဘာ့ဘဏ်ကြီးတွင် ရွှေကို အာမခံအနေဖြင့် စဘော်တင်၍ထား ကြသည်။ ကမ္ဘာပေါ်တွင် ရွှေသည် နေရာတော်တော်များများ၌ အရေးပါ အရာရောက်သော ပစ္စည်းတစ်ခုအဖြစ် တည်ရှိနေသည်မှာသိသာထင်ရှားလှ၏။ ရွှေကို အစိုးရနှင့်ကုန်သည် ပွဲစားလူတန်းစားများသာ အသုံးပြုကြသည်မဟုတ် သာမန်လူတန်းစားတို့လည်းအမြတ်တနိုးဝယ် ယူဝတ်ဆင် တတ်ကြသည်ကိုတွေ့ရှိရ၏။ တစ်ချို့တစ်ချို့သောလူတွေကလည်း “ရှိတော့တန်ဆာ မရှိတော့ ၀မ်းစာ” ဆိုသောလောကစကားအတိုင်း စီးပွါးရေးအဆင် ပြေနေစဉ်အချိန်မှာ လက်ဝတ်တန်းဆာအနေနှင့်ဝတ်ဆင် လေ့ရှိကြပြီး စီးပွါးရေးအဆင်မပြေသောအခါ ထိုလက်ဝတ်ရတနာများကိုရောင်းချကာ စားသောက်ကြ၏။ ဘာသာရေးနှင့်ပတ်သက်သော အဆောက်အဦးများတွင်လည်း ရွှေကိုအမြတ်တနိုးတန်ဖိုးထားကာ လှူဒါန်းလေ့ ရှိကြသည်။ ဤကဲ့သို့ နေရာတော်တော်များများ၌အသုံးဝင်သော တန်ဖိုးလည်းအလွန်ရှိသော ရွှေကို လူတွေတော်တော်များများနှစ်သက်ကြ တန်ဖိုးထားကြသည်မှာ အပြစ်ဆို ဖွယ်ရာမရှိပေ။
ထို့အတူပင် ရွှေထက်တန်ဖိုးကြီးသောပစ္စည်းတစ်မျိုးကား လူ့လောကတွင်ထင်ထင်ရှားရှားရှိနေပါသည်။ ထိုပစ္စည်းကား စိန်ဆိုသော ရတနာပစ္စည်းပင်ဖြစ်သည်။ စိန်ကို လွန်ခဲ့သောနှစ်ပေါင်း ၂၄၀၀ ကျော် ဘီစီ အချိန်လောက်ကတည်းက အိန္ဒိယနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရပါသည်။ ယခုအခါမှာတော့ စိန်ကို အိန္ဒိယ အာဖရိက ကနေဒါ ရုရှား ဘရာဇီး နှင့် သြစတေးလျှနိုင်ငံတို့တွင်လည်း တူးဖော်တွေ့ရှိနေပြီဖြစ်ကြောင်း ကြားသိရပါသည်။ ရွှေဆိုသော ရတနာကို နိုင်ငံတော်တော်များများတွင်ရှာဖွေတွေ့ရှိနိုင်သော်လည်း စိန်ဆိုသော ရတနာပစ္စည်းသည် ရွှေကဲ့သို့မဟုတ်ပေ အထက်တွင်ဖော်ပြခဲ့သော နိုင်ငံအနည်းအကျဉ်းလောက်မှာသာ ရှာဖွေတွေ့ရှိနိုင်သောပစ္စည်းဖြစ်ပါသည်။ စိန်ကိုစတင်တွေ့ရှိစဉ်အခါက အဖြူရောင်တစ်မျိုးတည်းကိုသာတွေ့ ရှိခဲ့ကြသော်လည်း ယခုအချိန်တွင် စိန်ကိုအရောင်အသွေကိုစုံလင်စွာဖြင့် ရှာဖွေတွေ့ရှိလာခဲ့ကြပြီဖြစ်ပါသည်။ ထိုကာလာများကိုဖော်ပြရလျှင် အ၀ါရောင် အညိုရောင် မီးခိုးရောင် အပြာရောင် အစိမ်းရောင် အနက်ရောင် ပန်းရောင် မရမ်းရောင် လိမ္မော်ရောင် ခရမ်းရောင် အနီရောင် ဟူ၍အရောင်များစွာကို ရှာဖွေတွေ့ရှိလာခဲ့ပြီဖြစ် သည်။ နောက်တစ်ချက်အနေဖြင့် စိန်ဟူသောကျောက်ရိုင်း တစ်ပွင့်ဖြစ်လာဖို့ရာအတွက် “ဟို……လွန်ခဲ့သော နှစ်ပေါင်းမီလီယမ် (Million) ဒါမှမဟုတ် နှစ်ဘီလီယမ် (Billion) ပေါင်းများစွာလောက်က ကမ္ဘာမြေပြင်ကြီး၏ အောက် မိုင်တစ်ရာနှင့် တစ်ရာကျော်ဝန်းကျင်လောက်ရှိသောနေရာတွင် သန့်စင်သောကာ ဘွန်ကျောက်များကို အလွန်အင်အား ပြင်းလှသောအပူရှိန်များ၏ ဓာတ်သတ္တိများနှင့် အလွန်ပြင်းထန်သော ကမ္ဘာ့ဖိအားများကြောင့် ကာလာမရှိသောစိန်ရိုင်းကျောက်များအဖြစ် ရောက်ရှိစေခဲ့သည်” ဟု ပညာရှင်များ၏ မှတ်တမ်းများတွင်လေ့လာ ဖတ်ရှုရပါသည်။ လောကမှာ အမာကြောဆုံးအရာကိုညွှန်ပြပါဟုဆိုလာလျှင်လည်း စိန်ကိုသာညွှန်ပြရမည် ဖြစ်ပါသည်။ ထိုသို့သောအချက်တွေကြောင့်ပင် ရတနာဆိုသောအရာသည် နေရာတိုင်းမှာရှာဖွေ၍မတွေ့ရှိနိုင် သလို လွယ်လွယ်ဖြင့်လည်းမရရှိနိုင်ပေ ထွက်ပေါ်လာဖို့ရာလည်း အလွန်တရာမှခဲရင်းလှ၏။ ပေါ်ထွက်လာလျှင် လည်း ထိုရတနာနှင့်ထိုက်တန်သောကံရှိ သူများသည်သာ ၀တ်ဆင်ခွင့်ပိုင်ဆိုင်ခွင့်များကိုရရှိနိုင်ကြပေသည်ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်ကြားတော်မူခဲ့ပါသည်။ သို့သော်ငြားလည်း လောကလူသားတိုင်းသည် ပုထုဇဉ်သဘာဝအရ ရတနာတွေကိုအမြတ်တနိုးတန်ဖိုးထားကြသလို ရယူပိုင်ဆိုင်လိုစိတ်တွေလည်းအနည်း နှင့်အများ ဆိုသလိုရှိကြသည်ဟုဆိုလျှင် လွန်မည်မထင်ပေ။ ထိုရယူပိုင်ဆိုင်လိုသော လောဘတဏှာကြောင့် အချို့အချို့သောလူများသည် သမ္မာအာဇီဝဖြင့် ရွှေငွေစိန်ကျောက်စသောရတနာပစ္စည်းတွေကို ရအောင်ရှာဖွေ စုဆောင်းတတ်ကြသလို အချို့အချို့သောလူများကတော့ မိစ္ဆာဇီဝဖြင့် ရွှေငွေစိန် ကျောက်စတဲ့ရတနာပစ္စည်း တွေကို နည်းမျိုးစုံသုံး၍ရအောင်ရှာဖွေစုဆောင်းကြ၏။ ထိုသို့ရှာဖွေကြသူများတွင် ရသူတွေရှိသကြလို မရသူ များလည်းရှိကြ၏။ အဘယ့်ကြောင့်နည်းဟူမူ ရတနာဆိုသောပစ္စည်းသည်ကား ထိုက်မှရယူနိုင်သောပစ္စည်း ဖြစ်သောကြောင့်ဖြစ်သည်။ မရရှိသော သူများသည် စိတ်ဆင်းရဲ စိတ်ဓာတ်ကျဝမ်းနည်းမှုတွေဖြစ်ကြရသကဲ့သို့ ရယူပိုင်ဆိုင်ခွင့်ရှိသူများအနေဖြင့် ပျော်ရွှင်မှု မော်ကြွားမှုတွေ စိတ်ဓာတ်တက်ကြွမှုစသော ကိလေသာ စိတ်တွေ ဖြစ်လာကြ၏။
ထိုအကြောင်းကိုပင်ဘုရားရှင်က အင်္ဂုတ္တရနိကာယ် န၀ကနိပါတ် သတ္တ၀ါသ၀ဂ် တဏှာမူလကသုတ် တော်မှာ တဏှာအရင်းခံရှိသော တရား(၉)ပါးကို ဟောတော်မူခဲ့ပါတယ်။ ဒီတရား(၉)ပါးမှာ “ရယူပိုင်ဆိုင်လို ခြင်းဆိုတဲ့ တဏှာကိုအကြောင်းပြုပြီးတော့ ရှားမှီးခြင်းဖြစ်တယ်။ ရှာမှီးခြင်းကိုအကြောင်းပြုပြီးတော့ ရရှိခြင်းဖြစ် တယ်။ ရရှိခြင်းကိုအကြောင်းပြုပြီးတော့ ဆုံးဖြတ်ခြင်းဖြစ်တယ်။ (ဆိုလိုသည်မှာ ရရှိလာသော ဥစ္စာပစ္စည်းပေါ်မှာ အလိုရှိတာ အလိုမရှိတာ လှတာမလှတာ ကောင်းတာမကောင်းတာတွေကိုကြံစီဆုံးဖြတ်ခြင်း ရရှိလာသော ဥစ္စာပစ္စည်းတွေအပေါ်မှာ ဒီဟာကကရူပါရုံတွေခံစားဖို့ ဒီဟာကသဒ္ဒါရုံတွေခံစားဖို့စသည်ဖြင့် အာရုံငါးပါး ကာမဂုဏ်တရားတွေခံစားဖို့ရာ စီမံဆုံးဖြတ်ခြင်းနှင့် ဒီဟာကငါ့အတွက် ဒီဟာကသူတစ်ပါးတွေအတွက် ဒီဟာကသုံးဖို့စွဲဖို့ ဒီဟာကသိမ်းဆည်းထားဖို့ စသည်ဖြင့်စီမံဆုံးဖြတ်ခြင်းကိုဆိုလိုပါသည်ဟု အဋ္ဌကထာဆရာက ဖွင့်ဆိုထားပါတယ်) ဆုံးဖြတ်ခြင်းကိုအကြောင်းပြုပြီးတော့ ဆန္ဒရာဂဖြစ်တယ်။ ဆန္ဒရာဂကို အကြောင်းပြု ပြီးတော့ ငါ ငါ့ဟာဟူသော အားကြီးသောဆုံးဖြတ်ခြင်းဖြစ်တယ်။ ငါ ငါ့ဟာ ဟူသောအားကြီး သောဆုံးဖြတ်ခြင်း ကိုအကြောင်းပြုပြီးတော့ သိုမှီးသိမ်းဆည်းခြင်းဖြစ်တယ်။ သိုမှီးသိမ်းဆည်းခြင်းကို အကြောင်းပြုပြီးတော့ မနာလိုဝန်တိုမှု“ဣဿာမစ္ဆရိယ” ဖြစ်တယ်။ မနာလိုဝန်တိုမှု “ဣဿာမစ္ဆရိယ” ကို အကြောင်းပြုပြီးတော့ စောင့်ရှောက်ခြင်းတွေဖြစ်လာတယ်။ စောင့် ရှောက်ခြင်းကိုအကြောင်းပြုပြီးတော့ တုတ် ဓားစသောလက်နက် တွေကို ကိုင်ဆောင်ခြင်း ခိုက်ရန်ဖြစ် ခြင်းငြင်းခုံခြင်း စကားများခြင်း နင်ပဲ ငါပဲစသည်ဖြင့်ရိုင်းစိုင်းစွာ ပြောဆိုခြင်း ကုန်းတိုက်ခြင်း အမှားပြောခြင်းစတဲ့ များစွာကုန်သောအကုသိုလ် တရားတွေကိုဖြစ်ပွါးစေသည်” ဟု ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တရနိ ကာယ်တွင်ဟောတော်မူခဲ့၏။ ထိုအချက်များကိုကြည့်သောအားဖြင့် “မရှိတောင်းတ ရှိကြောင့်ကြ” ဆိုသော လောကစကားအတိုင်း လောကလူသားများသည် ဥစ္စာပစ္စည်းများမရှိ လျှင်လည်း ရှိလာအောင်လိုလားကြ တောင်းတကြ၏ ရရှိလာကြပြန်လျှင်လည်း ခိုးသူစသောရန်သူမျိုးငါးပါး ၀င်ရောက်နှောက်ယှက်ဖျက်ဆီးမည့်အ ရေးကို စိုးရိမ်ကြောင့်ကြပူပန်မှုများ ဖြစ်ကြရပြန်၏။
ထို့ကြောင့် ရသူ မရသူဟူသော ထိုလူတန်းစားနှစ်ရပ်၏ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ဆန်းစစ်ကြည့်လိုက်သောအခါ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးများကိုလည်းတွေ့ရှိနေ ရပေသည်။ မရသူများအတွက်မှာမူ ပဌမဆုံးအနေဖြင့် “အလာဘော” လာဘ်မရခြင်းဆိုသောလောကဓံကို ခံစားကြရပါသည်။ စည်းစိမ်ဥစ္စာမရှိသောအခါ ဘ၀ကိုပင်ပင်ပန်းပန်းဖြတ်သန်းရသလို မိမိဆန္ဒရှိသော ကောင်းသောအလုပ်များကိုဆန္ဒရှိ သလောက်ပြုလုပ်ခွင့်မရရှိနိုင်ကြပေ။ မိမိရရှိထားသောလက်ရှိဘ၀လောက် နှင့်မတင်းတိမ်နိုင်ပါက လုယက်ခိုးဝှက် ခြင်းစသောမကောင်သည့်ဒုစရိုက်အလုပ်များကို ပြုလုပ်လာကြတော့၏။ အရေးအကြီးဆုံးအချက်သည် မိမိ၏လက်ရှိဘ၀ မိမိ၏လက်ရှိအခြေအနေကို အမှန်အတိုင်းသိရှိထားဖို့ပင် ဖြစ်သည်။ မိမိဘ၀အမှန်ကိုမသိပါဘဲ ချမ်းသာသူများ၏ ဘ၀တွေကိုအားကျအတုယူနေကြမည်ဆိုလျှင် ထိုသူတို့၏ထိုထို လုပ်ရပ်များသည် မတရားသောနည်းလမ်းများဖြင့်သာ ပစ္စည်းဥစ္စာများကိုရှာဖွေဖို့က ပို၍များလေ တော့၏။ တရားသောနည်းနှင့် ကျိုးစားရှာဖွေသူတို့ကား ရှိတောပါရှိ၏ သို့သော် ရှား၏ဟူ၍သာ ပြောရမည် ဖြစ်ည်။ သူတစ်ပါးတို့ မျက်ရည်ကြီးငယ်ကျပြီးမှ ကိုယ်အတွက်ချမ်းသာသုခကို ရမည်ဆိုပါလျှင် ထိုချမ်းသာသုခ သည် ချမ်းသာစစ်ချမ်းသာမှန်မဟုတ် ထိုချမ်းသာသုခ၏နောက်ကွယ်တွင် ဖြစ်ပေါ်လာမည့် အကျိုးရလဒ်များ ကား မိမိအတွက်လည်းအန္တရာယ်များစွာရှိလာနိုင်၏ ထိုအန္တရာယ်တို့မှလွတ်မြောက်ဖို့ရန် လည်းခဲရင်းလှ၏။ ထို့ကြောင့်ပင် “ပရ ဒုက္ခူပဒါနေန၊ အတ္တနော သုခမိစ္ဆတိ။ ဝေရာ သံသဂ္ဂ သံသဋ္ဌော၊ ဝေရာသော န ပရိမုစ္စတိ”ဟု ခုဒ္ဒကနိပါတ ဓမ္မပဒပါဠိတော် ကုက္ကုဋအဏ္ဍခါဒိက၀တ္ထု၌ ဘုရားရှင်ဟော ကြားတော်မူခဲ့ပေသည်။ လာဘ်မရသူများအနေနှင့် မိမိတို့၏ ဘ၀ပေးအကုသိုလ်ကံကိုကောင်းစွာ သဘော ပေါက်နားလည်ပြီးလျှင် “ရှေးကဆိုးလို့ အခုဆိုးပါသည် အခုဆိုးနောင်ဆိုးပါလိမ့်မည်” ဆိုသောစကားအတိုင်း ရှေးအတိက်ကံကြောင့် ယခုဘ၀မှာ ဆင်းတောင့်ဆင်းရဲနေထိုင်နေရသည်ကို နားလည်သဘောပေါက်ကာ နောင်ဘ၀ကောင်းစားရေး အတွက် ယခုလက်ရှိဘ၀မှာ မိမိအတွက်နှင့် သူတစ်ပါးတို့ဒုက္ခရောက်မည့်အလုပ် မျိုးတွေကို မလုပ်မိအောင် ဆင်ခြင်နေထိုင်ကာ မိမိတတ်စွမ်းသလောက် စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအမှုများကို ပြုလုပ်နေထိုင်ကြပါလျှင် နောက်နောင်ဘ၀သံသရာ များစွာဝယ် ဆင်းရဲတွင်းကလွတ်မြောက်နိုင်ကြပေလိမ့် မည်။ အချုပ်ဆိုရသော် ဆင်းရဲ သူလူတန်းစားဖြစ်စေ ချမ်းသာသူလူတန်းစားဖြစ်စေ သန္တုဋ္ဌီမင်္ဂလာနှင့်ပြည့်စုံဖို့က အင်မတန်မှအရေးကြီးလှ ပေသည်။ သန္တုဋ္ဌီမင်္ဂလာကို မလိုက်နာနိုင်လျှင်တောင် အန၀ဇ္ဇကမ္မမင်္ဂလာကိုတော့ ကောင်းမွန်စွာလိုက်နာ ကျင့်သုံးနေထိုင်သင့်ကြပေသည်။ သို့မှသာ ဤကမ္ဘာလောကကြီးအတွင်း၌ ကိုယ့်ဘ၀ ကိုယ့်မိသားစု ကိုယ့်အသိုင်းအ၀ိုင်း အသက်ဆက်လက်ရှင်သန်နေထိုင်ဖို့ရာအတွက် တခြားသောသူများ၏ ဘ၀များကို မထိခိုက်မဆုံးရှုံး အောင်နေထိုင်သွားမည်ဆိုသည့်အသိစိတ်က မိမိနှလုံးသားမှာထာဝရ ရှင်သန် နေမှာဖြစ်ပေသည်။ ထိုသန္တုဋ္ဌီစိတ်ထား အန၀ဇ္ဇကမ္မစိတ်ထားတို့ဖြင့် နေထိုင်ကြမည်ဆိုလျှင် အရာရာကို မစွန့်လွတ် နိုင်သေး၊ ရည်ရွယ်ချက်များ ထမြောက်အောင်မှုမရရှိသေးသော်လည်း ဘ၀ရှင်သန်ရေးအတွက် သန့်သန့်ရှင်းရှင်း အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေထိုင်သွားနိုင်ကြမည်ဖြစ်သည်။ ဤကဲ့သို့ မစောင့်စည်း နိုင်ခဲ့ပါလျှင် ထိုသူတို့၏ဘ၀များသည် ပင်လယ်ပြင်ကဆားငန်ရေသောက်မိသူပမာ “သောက်လေ သောက်လေငတ်မပြေသို့” ဆိုသည့်စကားလို ရလေလိုလေဖြစ်ကာ လောဘနောက်သို့ကောက် ကောက်ပါ အောင်လိုက်နေကြရ ပေလိမ့်မည်။
ရသူများအတွက်မှာမူ “ လာဘော ” လာဘ်ရခြင်းဟူသော ကောင်းသည့်လောကဓံတရားကို ခံစားကြ ရပါသည်။ ထို့နောက် မိမိတို့ဆန္ဒရှိသော ကောင်းသောအလုပ်များကိုဆန္ဒရှိသလောက်ပြုလုပ်ခွင့်ရကြ သလို မကောင်းသည့်အလုပ်များကိုလည်းလုပ်ခွင့်ရကြလေတော့၏။ လူ၏သဘောကလည်း မကောင်းသည့်အာရုံတွေ အပေါ်မှာသာမွှေ့လျှော်တတ်ကြသည်ကများလေသောကြောင့် စည်းစိမ်ဥစ္စာကြွယ်ဝသူလူအများစုသည် ကုသိုလ် ကောင်းမှုလုပ်ငန်းများတွင် မိမိတို့၏စည်းစိမ်ဥစ္စာများကို အသုံးမပြုလေ့မရှိကြဘဲ မကောင်းသည့် လုပ်ငန်းများ ၌သာ အသုံးပြုကြသည် ကများလေသည်။ ထို့ကြောင့်ပင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ပါပသ္မိံ ရမတိ မနော” ဟု ဟောတော်မူခဲ့ခြင်းဖြစ်သည်။ သေချာစွာစဉ်းစား ကြည့်ကြမည်ဆိုလျှင် ဘ၀မှာထိုပျော်ရွှင် မှုမျိုးများကို မည်မျှအထိပျော်နိုင်ကြပါမည်လဲ သက်တန်းဘယ်မျှအထိပျော်နိုင်ကြမည်လဲ ဘယ်အရွယ်လောက် ထိပျော်နိုင်ကြပါမည်လဲဆိုတာကိုဆင်ခြင်တွေးတောသင့်ပေသည်။ မိမိတို့၏ စိတ်ဆန္ဒအလျှောက် ငါးဖြာအာရုံ ကာမဂုဏ်များကို ပုထုဇဉ်သဘာဝခံစား ပျော်ပါးနေကြစဉ်မှာ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားကြသူကား အလွန်ပင်ရှားပါးလွန်းလှ၏။ ထိုပျော်ပါးမှု၏နောက် ကွယ်တွင် ဆိုးကျိုးများက အလွန်ပင်များလှသည်။ မလိုမုန်းထားသူပေါများခြင်း ရန်ငြိုးထားသူများခြင်း စီးပွါးရေးကြီးပွါးရေးလာဘ်လာဘ များတဖြည်းဖြည်းလျှော့ကျလာခြင်း စိတ်ချမ်းသာမှုမှကင်းဆိတ်ခြင်း ပတ်ဝန်းကျင်တွင်မျက်နှာပန်းမလှခြင်း အရှက်ရတတ်ခြင်း မိမိချစ်သူနှင့်ကွဲကွာတတ် ခြင်းစသော ပစ္စုပ္ပန်ဆိုးကျိုးများကိုရရှိတတ်သလို အမျိုးယုတ်၌ ဖြစ်ခြင်း နပုံးပဏ္ဍုတ်ဖြစ်ခြင်းစသော သံသရာအတွက်ဆိုးကျိုးများစွာကိုလဲရရှိနိုင်ပေသည်။ ထိုမျှမကသေး မိမိကသတိလက်လွတ် မဆင်မခြင် အပျော်လွန်မိပြန်လျှင်လည်း ထူးခြားဆန်းပြားလှသည့်ယခုခေတ်ဖြစ်ပေါ် နေသောရောဂါဘယများ ကလည်း မိမိသာမက မိမိ၏မိသားစုကိုပင်ဘ၀ပျက်သွား စေနိုင်သည့်ကြောက်စရာ ရောဂါဆိုးရောဂါဆန်းများဖြစ်သည်။ “အသွားမတော်တော့တစ်လှမ်း အစားမတော်တော့တစ်လုပ်” ဆိုသည့် စကားလို ယခုခေတ်ကာလသည် စားသတိသွားသတိဟု နေရာတိုင်းတွင်သတိထားပါမှ တော်ကာကျမည့်ခေတ် ကြီးဖြစ်သည်။ “မနုဿတ္တဘာဝေါ ဒုလ္လဘော” ဆိုသည့်စကားအတိုင်း လူ့ဘ၀ဟူသည် အလွန်အင်မတန်မှ ရခဲလှသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ခက်ခဲစွာရရှိလာသော လူ့ဘောင်လူ့ဘ၀ဆိုတာကို သံသရာနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုပြန်ရင်လည်း ခဏမှ တစ်ကယ့်ကိုခဏလေးဖြစ်သည်။ ထို့ကြောင့် ရခဲလှသောလူဘ၀ ကိုရစဉ်အခိုက်အတန့်မှာ “လသာတုန်း ဗိုင်းငင်” ဆိုသည့်စကားလို အနှစ်သာရရှိသော ဘ၀တန်ဖိုးများကို အမိအရယူသင့်ကြ၏။ ထိုသို့မဟုတ်ပါဘဲ တရားသဘောအရ မိမိတို့တကယ်မပိုင်ဆိုင်သောရွှေငွေဥစ္စာရတနာ များကို အလွန်အမင်းပိုင်ဆိုင်သည်ဟုအထင်ရောက်နေပါလျှင် မိမိတို့ကရွှေငွေဥစ္စာပစ္စည်းများအပေါ် တန်ဖိုး ထားမှုလွန်ကဲနေပါလျှင် ရွှေငွေဥစ္စာပစ္စည်းတို့၏ ကဲ့ရဲ့လှောင်ပြောင်ရယ်မောခြင်းကိုခံရလိမ့်မည်ဟု စိန္တကျော်သူ ဦးသြ၏ သြ၀ါဒထူးပျို့ဆုံးမစာ ပိုဒ်ရေ ၁၅ တွင် ဤသို့စပ်ဆိုဆုံးမထားပါသည် “ငါ့ဝယ် ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်ကို၊ ဧည့်ဆိုက်မျှသာ၊ တည်းခိုပါရှင့်၊ ငါးဖြာရန်သူ၊ ယူလှည့်တို့ပါ၊ သေမင်းခွာလည်း၊ သင့်ရာအလျှောက်၊ တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ ဖြစ်ချင်းလွန်းလှ၊ လွန်းမင်းစွဟု၊ ဒေါသချီချယ်၊ ရွှေငွေရယ်သည်၊” ဟု ဆုံးမစာကို ရေးသားခဲ့ပါသည်။ တစ်ကယ်တော့လောကကြီးက သူ့ပတ်ဝန်းကျင် တွင်နေထိုင်လျှက်ရှိကြသော သက်ရှိသတ္တ၀ါအားလုံးကို အမြဲတန်းသင်္ခန်းစာများ ပေး၍ဆုံးမလေ့ရှိပါသည်။ လောက၌ “သတိမမူတော့ ဂူမမြင် သတိမူတော့ မြူတောင် မြင်၏” ဆိုသည့်စကားအတိုင်း ထိုသင်္ခန်းစာတို့ကို သတိဖြင့်ဆင်ခြင်ကြည့်ရှု့သူများသာ မြင်တွေနိုင်ကြ ပေသည်။ သတိကင်းလွတ်သူတို့အတွက်မှာမူ မြင်တွေ့နိုင်မည်မဟုတ်ပေ။ မှန်၏ လောကအတွင်း၌ရှိသော ရွှေသူဌေး စိန်သူဌေး ငွေသူဌေးတို့သည် သူတို့အသက်ရှင်စဉ်ကာလမှာ မည်မျှပင်ဥစ္စာပစ္စည်းပေါများပါစေ မည်သို့ပင်ဥစ္စာ ပစ္စည်းပိုင်ဆိုင်ပါစေ သူတို့သေဆုံးသွားကြသည့်အခါ ထိုပစ္စည်းများထဲမှ မြူမှုံမျှလောက်ကိုပင် သူတို့နှင့်တစ်ပါတည်းယူဆောင်၍မသွားနိုင်ကြပေ။ ဆင်းရဲသူလူတန်းစားတို့လည်း ထိုနည်းတူစွာပင် မည်သည့် ဥစ္စာပစ္စည်းကိုမျှယူဆောင်၍မသွားနိုင်ကြပေ။ တစ်ကယ်တန်းယူဆောင်သွားကြရသည်က မိမိတို့ပြုလုပ်ခဲ့ကြ သော ကုသိုလ်ကံ နှင့် အကုသိုလ်ကံတို့သာဖြစ်သည်။ ထိုကုသိုလ်ကံနှင့် အကုသိုလ်ကံတို့သည် မိမိ၏ ဘ၀သံသရာခရီးတွင် သွားလေရာတိုင်း၌ အရိပ်ပမာလိုက်ပါနေမည့်တရားများပင်ဖြစ်သည်။ သို့သော် ကုသိုလ်ကံက ဘ၀အတွက်ချမ်း သာကိုဆောင်ကြဉ်းပေးသော်လဲ အကုသိုလ်ကံသည်ကား ဆင်းရဲဒုက္ခများကို ဆောင်ကြဉ်းပေးပေလိမ့်မည်။ တကယ်တမ်းဥပမာပေးရလျှင် ကုသိုလ်ကံဟူသည် ထောပတ်ဆီဦးနှင့်တူ ပါသည်။ အကုသိုလ်ကံသည်ကား ကြောက်ခဲနှင့်တူသလို ဘ၀ခန္ဓာကြီးက အိုးနှင့်တူ၏။ ထောပတ်တို့၏ သဘာဝကား ရေပေါ်၌သာတက်လာ ရိုးထုံးစံရှိသည် ရေအောက်၌မြုပ်ရိုးထုံးစံမရှိပေ ကျောက်ခဲတို့၏သဘော သည်ကား ရေအောက်၌သာမြုပ်ရိုးထုံးစံရှိ၏ ရေပေါ်၌ပေါ်ရိုးထုံးစံမရှိပေ။ ထိုကြောင့် ဘ၀ခန္ဓာတည်းဟူသော အိုးကြီးအတွင်းဝယ် ကုသိုလ်နှင့်တူသောထောပတ်များထည့်ထားပါက သက်တန်းကုန်ဆုံး၍ ဘ၀ခန္ဓာအိုးကြီး နစ်မြုပ်သွားချိန်တွင် ကုသိုလ်တရားတို့က မိမိဘ၀ကို သုဂတိဟုခေါ်သော အထက်အထက်ဘုံဘ၀တို့၌သာ ရောက်စေတတ်၏ အောက်အောက်ဒုဂ္ဂတိဘုံဘ၀တို့သို့ မရောက်စေနိုင်။ ထိုသို့မဟုတ်ပါဘဲ မိမိခန္ဓာကိုယ် အတွင်း၌ ကျောက်ခဲနှင့်တူသောအကုသိုလ်တရားများ ထည့်သွင်းထားပါက အောက်အောက်ဒုဂ္ဂတိဘုံဘ၀များ သို့သာရောက်စေပါလိမ့်မည် သုဂတိဘ၀တို့သို့ဘယ်သောအခါမှရောက်စေနိုင်မည်မဟုတ်ပေ။ အမှန်စင်စစ် ကုသိုလ်ဆိုသောတရားသည် ဘ၀၏အနှစ်သာရ အရှိဆုံးတရားဖြစ်သည်။ မိမိပိုင်ဆိုင်ပါသည်ဆိုသည့်ရွှေငွေစိန် ကျောက်စသော ပစ္စည်းဥစ္စာများ နှင့် အကုသိုလ်တရားများကား ဘ၀၏ အကာသက်သက်အနှောက်အယှက် ပင်ဖြစ်တော့၏။
ထို့ကြောင့်လောက၌ အနှစ်ကို အနှစ်ဟုမြင်တတ်ဖို့လိုသလို အကာကိုလည်း အကာဟုမြင်အောင် ကြည့်တတ်ဖို့ အရေးကြီးလှပေသည်။ အနှစ်ကို အကာဟုထင်ပြီး အကာကိုအနှစ်ဟုထင်နေလျှင်ကား အတွေးမှားအမြင်မှားများကြောင့် အနှစ်စစ်အနှစ်မှန်ကို ဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ပေ။ အနှစ်ကိုအနှစ် ဟုမြင်တတ်ပြီး အကာကိုလည်း အကာဟုမြင်တတ်မှသာ အတွေးမှန်အမြင်မှန်များဖြင့် ဘ၀၏အနှစ်သာရများကို ရရှိနိုင်ကြပေမည်။ ထိုအနှစ်သာရရှိသော ဘ၀တန်ဖိုးများကို အမိအရယူနိုင်ဖို့ဆိုသည်မှာလည်း လူ့ဘ၀၏အဓိက တာဝန်တွေကိုစောင့်ထိန်းကျင့်သုံး နေထိုင်ဖို့အထူးလိုအပ်လှ၏။ ဗုဒ္ဓ၏ ဒေသနာတော်များ၌လည်း လူ့ကျင့်ဝတ် လူ့သိက္ခာကိုစောင့်ထိန်းခြင်းဟူသည်မှာ လောက၌ “အဓမ္မ” က “ဓမ္မ” အပေါ်မလွှမ်းမိုးနိုင်အောင် အားထုတ် ခြင်းပင်ဖြစ်သည်ဟုတွေ့ရ၏။ ထိုသို့အားထုတ်ခြင်းအားဖြင့် မိမိ၏စည်းစိမ်ဥစ္စာတွေဆုံးရှုံးချင်လည်းဆုံးရှုံးသွား နိုင်ပါသည်။ မိမိ၏ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း ဆုံးရှုံးကောင်းဆုံးရှုံးသွားနိုင်ပါသည်။ နောက်ဆုံး မိမိ၏အသက်သည် ပင်ဆုံးရှုံးသွားချင်လည်း ဆုံးရှုံးသွားပေလိမ့်မည်။ သို့ရာတွင် မည်သို့ပင်ဆုံးရှုံးသွားစေကာမူ မိမိ၏တာဝန်ကို စွန့်လွှတ်ခြင်းမပြုအပ်သလို မိမိ၏တာဝန်ကိုရှောင်လွှဲခြင်းလည်း မပြုအပ်။ ဤသည်ကိုပင် သတ္တိရှိခြင်း ဟုခေါ်ဆိုရ၏။ လောကတာဝန်ကိုကျေပွန်ခြင်းဟု၍လည်းခေါ်ဆိုရ၏။ “အဓမ္မ” က “ဓမ္မ” အပေါ် မလွှမ်းမိုးနိုင်အောင်အားထုတ်ခြင်းဟူသည်မှာ ဤလောက၌ ဒုစရိုက်တရား များကင်းဝေးပြီး သုစရိုက်တရားများ ထွန်းကားလာအောင် အားထုတ်ခြင်းပင်ဖြစ်၏။ ဤသို့အားထုတ်ရန်လည်း ဆင်းရဲသူလူတန်းစား၌သာတာဝန်ရှိ ဆောင်နိုင်ရန်အတွက် လူ့လောက၌လူလာဖြစ်ရခြင်းဖြစ်၏။ လူ့လောက၌လူလာဖြစ်လာရလျှင် ဘ၀ကပေးသော ဘ၀ပေးတာဝန်တွေကို ဆောင်ရွက်ကြမည်မှာ လူ့ဓမ္မတာပင်ဖြစ်သည်။ လူဓမ္မတာအရ လူ့တာဝန်ကိုဆောင်ရွက် ရာတွင် မလုပ်သင့်သည်များကိုမလုပ်ပဲနေရဲခြင်း နှင့် လုပ်သင့်သည်များကို လုပ်ရဲခြင်းမှစရ၏။ မည်သည့်လုပ် ငန်းများသည် လုပ်သင့်သောလုပ်ငန်းများဖြစ်၍ မည်သည့်လုပ်ငန်းများသည် မလုပ်သင့်သောလုပ်ငန်းများဖြစ် သည်ကိုဆုံးဖြတ်ရာ၌ “အတ္တ” နည်းပါးမှုနှင့် “အတ္တ” ကြီးထွားမှုပေါ်မှာ အခြေခံ၍ဆုံးဖြတ်ရ၏။
အတ္တနည်းပါးလာသောအခါ မိမိအတွက် ပစ္စည်းဥစ္စာရရှိလိုမှုကိုလည်း မငဲ့ကွက်။ မိမိအတွက် အများ၏ အသိအမှတ်ပြုခံရခြင်းကိုလည်း မငဲ့ကွက်။ မိမိ၏ ထင်ပေါ်ကျော်ကြားမှုကိုလည်း မငဲ့ကွက်တော့ပေ။ ဤနေရာ၌ ပစ္စည်းဥစ္စာ ရရှိမှုကို “လာဘ” ဟုခေါ်၏။ အများ၏ အသိအမှတ်ပြုခံရမှုကို “သက္ကာရ” ဟုခေါ်၏။ ထင်ပေါ်ကျော် ကြားမှုကို “သိလောက” ဟုခေါ်၏။ အတ္တသည် တဏှာဖြင့် စွဲယူထားသော အတ္တလည်းရှိ၏။ မာနဖြင့်စွဲယူထား သော အတ္တလည်း ရှိ၏။ ဒိဋ္ဌိ ဖြင့် စွဲယူထားသော အတ္တလည်းရှိ၏။ ထို အတ္တ သုံးမျိုးလုံးသည်ပင် စစ်မှန်သော ချမ်းသာကိုအန္တရာယ်ပေးသည့် ပဓာန အန္တရာယ်များပင်ဖြစ်သည်။ ထိုတရားတို့သည် သောက နှင့် ပရိဒေ၀ တို့ကို ဖန်ဆင်းသူဖြစ်သလို ဒုက္ခ နှင့် ဒေါမနဿတို့၏ အခြေခံအုတ်မြစ်လည်းဖြစ်၏။ လာဘ သက္ကာရ သိလောကတို့ကို မိမိအတွက် ဦးစာပေး၍ စဉ်းစားသောအခါ မိမိကိုယ်ကိုချီးမြှောက်ခြင်းဆိုသော အတ္တသင်္ဂဟ မည်၏။ အတ္တသင်္ဂဟဟူသည် လောဘကြီးပွါးမှုအပေါ် အခြေခံမှဖြစ်၏။ ထိုသို့မဟုတ်ပါဘဲ လောကကို ချီးမြှောက်ခြင်း လောကသင်္ဂဟအတွက် အနစ်နာခံပြီး မိမိ၏ကိုယ်ကျိုးကိုစွန့်လွှတ်ပါက လူတစ်ယောက်အနေ ဖြင့် လူ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်သည်မည်၏။ ဤသို့လူ့တာဝန်ကိုကျေပွန်စွာထမ်း ဆောင်ခြင်း သည် “လောဘ” ခေါင်းပါးမှုအပေါ် အခြေခံမှဖြစ်၏။ လောဘ တရားတွေခေါင်းပါးလာမှုကိုပင် အလောဘ ဟုခေါ်၏။ လူတိုင်းလူတိုင်းသာ မိမိ၏ကိုယ်ကျိုးကို အနစ်နာခံစွန့်လွှတ်ပြီး လောကအတွက် ဦးစာပေး၍ ဆောင်ရွက်ကြမည် ဆိုပါလျှင် ဤလောကဤလူ့ဘုံသည် နတ်ဘုံနှင့်မခြား ပျော်ရွှင်ဖွယ်ရာများနှင့် သာယာလှပနေပေလိမ့်မည်။ ထိုသို့မဟုတ်ပါဘဲ လူတိုင်းလူတိုင်းသည် လောကအကျိုးထက် မိမိတို့၏ ကိုယ်ကျိုးကိုသာရှေ့တန်းတင် ဆောင် ရွက်ကြမည်ဆိုပါလျှင် ဤလောက ဤလူ့ဘုံကြီးသည် ဒုက္ခအတိပြီးသော ငရဲဘုံနှင့်မခြား အမြဲတစေ ဒုက္ခတွေ ပယ်လယ်ဝေနေပေလိမ့်မည်။ ထို့ကြောင့် လောဘအရင်းခံ၍ ရွှေငွေစိန်ကျောက်စသောရုပ်ဝတ္ထုပစ္စည်း တို့အပေါ်၌ တန်ဖိုးထားမှုများကို အတတ်နိုင်ဆုံးနည်းနိုင်သမျှ နည်းပါးအောင်ကျင့်ဆောင်ကြမည်ဆိုပါလျှင် တစ်ချိန်တွင် အကာကိုလည်း အကာမှန်းသိ အနှစ်ကိုလည်း အနှစ်မှန်းသိလျှက် အသာရဆိုသောအနှစ်မဲ့တရား များကိုဖယ်ရှားကာ သာရဟုခေါ်သော အနှစ်ရှိသောတရား များကို ထုတ်ယူနိုင်ကြမည်မှာအမှန်ပင်ဖြစ်ပေတော သည်။
မောင်သီ (မြင်းမူ) 02.08.2011
read more “လောကီလောကုတ္တရာ ရတနာများ၏တန်ဘိုးနှင့် အနှစ်သာရ ရလဒ်ကို ရှာဖွေကြည့်ခြင်း”

ပဲခူးရေဘေးအတွက် သီတဂူ မေတ္တာ ကရုဏာ အလှူတော်
0 commentsယနေ့ (၁၄-၀၈-၂၀၁၁) ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ ဘုရားကျောင်း ကန်များ နေအိမ်များတွင် အလှူဒါနများကို တတ်နိုင်သမျှ ပြုလုပ်ကြသလို သဘာဝ ရာသီဥတု ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြသော ပဲခူး ပြည်သူတွေအတွက် သီတဂူ သာသနာပြုအဖွဲ့ဝင် အချို့က အလှူဒါနလေးအကြောင်းကို တင်ပြချင်ပါသည်၊
အခုကဲ့သို့ မိုးတွေ နေ့စဉ်ရက်ဆက်ရွာ၊ မြစ်ရေ၊ ဒီရေတက်ချိန်ဖြစ်သောကြောင့် မြန်မာပြည်နေရာ အတော်များများမှာ ရေကြီးမှု့တွေ ဖြစ်ပေါ်နေပါတယ်။ ရေလွှမ်းမိုးတာ ခံကြရတဲ့ ပြည်သူတွေအတွက် နေရေး၊ ၀တ်ရေး၊ စားရေးတွေ အတော်လေးကို ခက်ခဲနေကြရပြီး နေစရာ၊ ၀တ်စရာ၊ စားစရာတွေမှာ ရေတွေနစ်မြှူပ် ခံနေကြရသော လူတွေအတွက် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီ ကယ်ဆယ်စောင့်ရှောက်နေကြပါသည်။
ထိုကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်နေသော ပဲခူးမြို့ ဥဿာ မြို့သစ်ရှိ ၀ိသိဇ္ဖကကျောင်းမှ ဆရာတော်ကြီးဖြစ်သော ဦးသူရိယထံမှ သတင်းရရှိသောကြောင့် သီတဂူသာသနာပြု အဖွဲ့ဝင် အချို့က အလှုငွေများ စုဆောင်းပြီး မေတ္တာ ကရုဏာအခါတော်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားရောက် လှူဒါန်းခဲ့ပါသည်။
နေ့လည် (၁၂)နာရီခန့်တွင် ရန်ကုန်မှ သီတဂူ သာသနာပြု အဖွဲဝင်အချို့နှင့်မိသားစုဝင်များ သည် ပဲခူးမြို့သို့ ထွက်ခွာကြပြီး ဦးဆောင်ဆရာတော်ရှိရာ ဥဿာမြို့သစ်ကျောင်းသို့ ဦးတည်သွားရောက်ကြ ပါသည်။ ဆရာတော်မှ အလှုရှင် မိသားစုများအား ခရီးရောက် မဆိုက် ခဏနားပြီး နေ့လည်စာ ထမင်းနှင့်မုန့်များကို တည်ခင်း ဧည့်ခံကာ အလှုရှင်များအား ရေကြီး၍ ဒုက္ခရောက်နေကြသော ပြည်သူများအကြောင်း ရှင်းလင်း မိန့်ကြားနေပါသည်၊ မိန့်ကြားရာတွင် ပဲခူးမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများ ၀င်ရောက်သောကြောင့် ထိုနေရာတွင် နေထိုင်ကြသော လူများသည် ရေဘေးလွတ်ရာသို့ ပြေးလာရကြောင်း ထိုရေးဘေး ဒုက္ခသည်များအတွက် ရေဘေး ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ကာ စောင့်ရှောက်ြကရကြောင်း၊ အခုလှူဒါန်းမည့် ကျိုက်ပွန်ဘုရား ကယ်ဆယ်ရေးစခန်းတွင် လူပေါင်း(၁၈၃၈)ယောက်ရှိကြောင်းကိုလဲ မိန့်ကြားသွားပါသည်။ ထို့နောက် ရရှိသော အလှူငွေ ပမာဏနှင့် မည်သို့လှုဒါန်း မည်ကို သီတဂူမှ ဦးသန်းလွင်၊ ဦးမြင့်အောင်၊ ဦးအောင်မြင့်သိန်းတို့နှင့်ညှိနှိုင်း တိုင်ပင်ကြလေသည်။ ရရှိသော အလှူငွေ သိန်း(၂၀) ဖြင့် သင့်တော်ရာကို စဉ်းစားတိုင်ပင်ကာ လှုဒါန်းရန် ဆုံးဖြတ်ကြပါသည်၊
ဆရာတော်မှ မိန့်ကြားသည်မှာ ဒီနေ့ ကယ်ဆယ်ရေး စခန်းတွင် တစ်နေ့တာ အဟာရ ထမင်းအလှု့ရှင် ရှိနေပါသည်၊ မနက်ဖန် (၁၅-၈-၂၀၁၁)အတွက် ထမင်းအလှု့ရှင် မရှိသေးသောကြောင့် ရရှိသောအလှုငွေထဲမှ တစ်နေ့တာ ထမင်းစရိတ် ခြောက်သိန်းကျော်ကို လှူဒါန်း အဟာရဒါနပြုရန် ဆုံးဖြတ်လိုက်ပါသည်၊ကျန်အလှုငွေများကို တကယ့်အသုံးဝင်ရန် အတွက်သာ အသုံးပြုလိုသည် နေရာ အတွက်သာ လှူဒါန်းလိုကြောင်း ဆရာတော်အားလျှောက်ထား တိုင်ပင်သောအခါ ဆန်များ လှုဒါန်းရန် ဆုံးဖြတ်ချက်ချပြီး ဆရာတော်မှ သူရဲ့ဆန်ကုန်သည် ဒကာကြီးထံ ဖုန်းဖြင့် ဆန်အိတ်ပေါင်း(၇၇) အိတ်ကို ၀ယ်ယူပြီး လူတစ်ဦးလျှင် ဆန်တပြည်နုံး လှုဒါန်းနိုင်ရန် စီစဉ်လိုက်ပါသည်၊ ဆန်ကုန်သည်မှလဲ သဒ္ဒါထက်သန်စွာ ကားခနှင့် ဆန်တပြည်ထဲ့ အိတ်များကိုပါ ပါဝင်လှူဒါန်းကာ ကုသိုလ်ယူခဲ့ပါသည်၊
ဆရာတော်နဲ့ ကျောင်းသံဃာများ အလှူရှင်များသည် ရေဘေးဒုက္ခသည်စခန်းဖွင့်ထားရာ ကျိုက်ပွန် စေတီတော်သို့ သွားရောက်ကြပြီး တာဝန်ယူစောင့်ရှောက်နေကြသော အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနဲ့ တိုင်ပင်ပြီး ဆန်များကို တပြည်တစ်အိတ်ထဲ့ကာ ကိုယ်တိုင်ကိုယ်ကျ ဝေငှ လှူဒါန်းခဲ့ ကြပါသည်၊ နောက်တစ်နေ့စာ အဟာရကိုလဲ ကျောင်းမှဆရာတော် ကိုယ်တိုင် စီမံ ကွပ်ကဲကာ ကျောင်းမှချက်ပြုတ် လှူဒါန်းပေးပါသည်။ ဆန်တွေဝေငှ ကြသောအခါတွင်လဲ ဆရာတော်ကိုယ်တိုင် စီးမံပြီး ကျောင်းသံဃာတော်များနှင့် လုပ်အားပေး လူငယ်များ က၀ိုင်းဝန်းကူညီကာ မေတ္တာ ကရုဏာ အလှူတော်လေး ကို ဖြစ်မြှောက်အောင် ၀ိုင်းဝန်းကုသိုလ် အတူတူ ယူကြသည်မှာ ပီတိ သောမနဿ ဖြစ်ရပါသည်၊
ပဲခူးမြို့တွင် ရေဘေး ဒုက္ခသည်များအတွက် သီတဂူ အဖွဲ့ဝင် အချို့မှ လှူဒါန်းငွေ စာရင်းလေးကို သဒ္ဓါပွားနိုင်အောင် ရေးသားပေးလိုက်ပါသည်၊
(၁) ဒေါ်စန်းနွဲ့ မိသားစု အလှူငွေ - ၁၅၀၀၀၀ ကျပ်
(၂) သီတဂူ ဒေါက်တာမြတ်သူ မိသားစု အလှူငွေ - ၁၀၀၀၀၀၀ ကျပ်
(အာရှတော်ဝင် )
(၃) သီတဂူ ဦးသန်းလွင် မိသားစု အလှူငွေ - ၃၀၀၀၀၀ ကျပ်
(၄) သီတဂူ ဦးမြင့်စိန် မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(လှဆန်းယဉ်)
(၅) သီတဂူ ဦးဝင်းအောင် မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(၆) သီတဂူ ဦးတင်အေး မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(၇) သီတဂူ ဦးအောင်မြင့်သိန်း မိသားစု အလှူငွေ - ၁၀၀၀၀၀ ကျပ်
(၈) သီတဂူ ဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် အလှူငွေ - ၁၀၀၀၀၀ ကျပ်
(သရုပ်ဆောင်) မိသားစု
(၉) သီတဂူ ဦးပီကေဆင်း မိသားစု အလှုငွေ - ၅၀၀၀၀ ကျပ်
တို့ကို သဒ္ဓါထက်သန်စွာ လှူဒါန်းကြသလို၊ ပဲခူး ဥဿာမြို့သစ် ၀ိသိဇ္စကကျောင်းမှ ဆရာတော်ကြီးနှင့် တပည့်ရဟန်းများ၊ကလဲ လုပ်အား အလှူပါဝင်ကြပါသည်၊ ဆရာတော်ရဲ့ ဒကာကြီး ဆန်ကုန်သည်မှလဲ ဆန်ပို့ဆောင်ခနှင့် ထုပ်ပိုး အိတ်များကိုလဲ သဒ္ဓါထက်သန် လှူဒါန်းကြသောကြောင့် ဒီ သီတဂူမေတ္တာ ကရုဏာ အလှူတော်လေးသည် အောင်အောင်မြင်မြင်နှင့်လှူဒါန်းနိုင်ခဲ့ကြရပေသည်။
သီတဂူ သာသနာပြု အဖွဲ့သည် သီတဂူ ဆရာတော်ကြီးရဲ့ လမ်းညွှန်ဦးဆောင်မှု့ ဖြင့် ဒုက္ခရောက် နေကြရသော လူမျိုး ဘာသာမရွေး အချိန်နေရာ ဒေသမရွေး လှူဒါန်းနေကြသည်မှာ မိမိ ကိုယ်ကျိုးကို မဘက်ဘဲ သာသနာပြုစိတ်ဓါတ်နှင့် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေကြသည်များကို ကြည်ညို သဒ္ဓါပွားများ သာဓုခေါ်ဆိုနိုင်အောင် တင်ပြလိုက်ပါသည်၊
အလှူပွဲ လေးအောင်မြင်အောင် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီ ကြသော ကုသိုလ်ရှင်များ ကိုလည်းအထူးကျေးဇူးတင်ရှိပါသည်၊
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်)
အနန္ဒသူရိယအမတ်ကြီး၏ မျက်ဖြေ သံဝေဂလင်္ကာ
0 comments Tuesday, August 9, 2011သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသရာစက်၌ ၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မာန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊
ငါ့ခန္ဓာတည်း။
(အနန္တသူရိယ အမတ်)
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
0 comments Monday, August 8, 2011ကမ္ဘာ့ခေါင်းဆောင်ကြီးတွေလို့ အခေါ်ခံနေရတဲ့သူတွေကိုကြည့်ပါ။ ပညာတတ်ပိုင်းက လက်နက်အဆန်းတွေ တီထွင်ပေးတယ်၊ ဓနရှင်ပိုင်းက လက်နက်အရောင်းအ၀ယ်လုပ်ကြတယ်၊ အာဏာရှိပိုင်းက သတ်ဖြတ်ဖို့ အမိန့်ပေးမဆုံး ဖြစ်နေကြတယ်။ ။
(မဟာဂန္ဓာရုံဆရာတော်-အမရပူရ)
ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်ကဤပုံဖြစ်လိုတုန်လည်း တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က၊ ကြိုတင်ကောင်းမှု ကြိုးစားလော။
ယခုကပင်လျှင် မနာခင်က၊ ကြိုတင်ကောင်းမှု ကြိုးစားလော။
ယခုကပင်လျှင် မသေခင်ကကြိုတင်ကောင်းမှု ကြိုးစားလော
(တိပိဋက- မင်းကွန်းဆရာတော်)
ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက၊ နောက်ဆုံးအထိပါရမီ လူနတ်များစွာ၊
ချမ်းသာရေးမို့ ၊ အသက်ပေး၍၊ ဖြည့်ခဲ့သည်၊ ဗုဒ္ဓမြတ်စွာသာသနာအတွက်တော့၊
ငါပါအသက်ဆုံးစေမည်၊ နောက်မဆုတ်ပေါင်၊
ခုလိုတွေးလို့ ၊ ကုသိုလ်ရေးမို့ ၊ ကြိုးစားမည်၊
ဒို့ လဲကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော်)
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်အငူမှာ၊ ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊ နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
(လယ်တီဆရာတော်)
read more “ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ”

အကျိုးကြီးလှ ဆွမ်းဒါန
0 comments Saturday, August 6, 2011မြတ်ဗုဒ္ဓ၏သာသနာတော်၌ သာသနာ့ဝန်ထမ်း ရှင် ရဟန်းတို့သည်-(၁)။ စာပေပရိယတ္တိ သင်ကြားပို့ချ ဟောပြောခြင်းတည်းဟူသော "ဂန္ထဓုရ" ဟုဆိုအပ်သော "ပရိယတ္တိသာသနာ" (၂)ရုပ်နာမ် ဓမ္မသင်္ခါရတရားတို့၏ သာဘာဝဓမ္မတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်အားဖြင့် ရှုမှတ်ဆင်ခြင်ပွားများခြင်းတည်းဟုသော "၀ိပဿနာဓုရ" ဟုဆိုအပ်သော " ပဋိပတ္တိသာသနာ" ထိုဓုရနှစ်ဖြာ သာသန်ာတော်မြတ်ကြီးကို မဖြစ်မနေ ထမ်းဆောင်ကြရပေမည်။
ထိုသာသနာတော်တာဝန်ကြီး နှစ်ရပ်ကို ထမ်းဆောင်နိုင်ဘို့ရန် (၁) ဆွမ်း၊ (၂) သင်္ကန်း၊ (၃) ကျောင်း၊ (၄) ဆေးတည်းဟုသော ပစ္စည်းလေးပါး ပြည့်စုံဘို့ရန် အလွန်အရေးကြီးလှပေသည်။
ထို့ကြောင် မြတ်ဗုဒ္ဓက "သာဂါရာ အနာဂါရာ စ ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ" ဟု ဟောတော်မူခဲ့ပါသည်။ ဒကာ ဒကာမတွေက ပစ္စည်းလေးဖြင့် ထောက်ပံ့ကြ၊ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများက တရားဖြင့်ချီးမြှောက်လျက် ဆရာ ဒကာလက်တွဲပြီး အမြတ်ဆုံးဖြစ်သော နိဗ္ဗာန်တိုင်ပေါက် ခရီးပေါက်အောင် လျှောက်လှမ်းကြရမည်သာဖြစ်သည်။ လောကမှာ သက်ရှိသတ္တ၀ါအားလုံး အာဟာရကို အမှီပြု၍ အသက်ရှင်နေထိုင်ကြရပေသည်။ ထို့ကြောင့် မြတ်စွာဘုရားက "သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ" လို့ ဟောတော်မူခဲ့ခြင်းဖြစ်ပေသည်။
ဆွမ်းလှူဒါန်းကျိုး၊ လက်ငင်းတိုး၊ အကျိုးကြီးလှသည်။
အကျိုးကြီးလှ၊ ဆွမ်းဒါန၊ ဗုဒ္ဓဟောပြသည်။
ဆွမ်းလှူဒါန်းခြင်းကြောင့် အလှူခံဖြစ်သော ရှင် ရဟန်းများအတွက် အကျိုးတရားငါးပါးကို မုချမသွေ ရနိုင်ပေသည်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်းတို့ဖြစ်ပါသည်။ အလှူရှင်ဖြစ်သော ဒကာ ဒကာမများအတွက် အကျိုးတရား ဆယ်ပါးရနိုင်ပေသည်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ တည်ကြည်ခြင်း၊ ခွန်အားကြီးခြင်း၊ အခြံအရံများခြင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၊ အစားအစာပေါများခြင်း၊ အဖျော်ယမကာပေါများခြင်း၊ ရဲရင့်ခြင်း၊ ဥာဏ်ပညာကြီးခြင်းတို့ဖြစ်ပေသည်။
ထို့အပြင် " သီလာဒိဂုဏယုတ္တဿ ဟိ ကဋစ္ဆုဘိက္ခာပိ ဒိန္နာအနေကာနိကပ္ပသဟဿာနိ ဒုဂ္ဂတိဝိနိပါတတော ရက္ခတိ" ဆွမ်းတစ်ဇွန်းအလှူရှင်သည် ကပ်ကမ္ဘာပေါင်း ထောင်သောက်းများစွာတို့၌ မကောင်းဆင်းရဲသော ဘ၀တို့သို့မရောက်နိုင်၊ မကောင်းဆင်းရဲသော ဘေးအန္တရာယ်များမတွေ့နိုင်ဟုမြတ်စွာဘုရားမိန့်တော်မူခဲ့သောကြောင့် ဧကန်မုချ ထိုးအကျိုးနှစ်ပါးကိုလည်း ခံစားရမှာဖြစ်ပါသည်။
အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ သူဆင်းရဲသည် သုမနသူဌေး၏ အခစား အလုပ်သမားဖြစ်ခဲ့ဘူး၏။ နေ့စဉ်နေ့တိုင်းတောထဲသို့ အလုပ်သွားရ၏၊ တနေ့သောအခါ တောထဲမှရွာသို့အပြန် ရွာတံခါးပေါက်၌ ပစ္စေကဗုဒ္ဓအရှင်မြတ်တပါးကိုတွေ့၏။ အန္နဘာရသည် ပစ္စေကဗုဒ္ဓအရှင်မြတ်အား ဆွမ်းလှူလိုသောကြောင့် အိမ်သို့ပြန်၍သူ၏ဇနီးသည်အား ငါ့ဘို့ချန်ထားတဲ့ ထမင်းရှိသေးလားဟု မေး၏၊ ဇနီးသည်က ရှိသေးကြောင်းပြောလိုက်သောအခါ အရှင်ပစ္စေကဗုဒ္ဓမထေရ်မြတ်ထံ ပြန်သွား၍ သပိတ်ကိုတောင်းယူကာ သူတို့ဇနီးမောင်နှံအတွက် ချက်ထားသောထမင်း ဟင်းတို့ကို အကုန်လောင်းလှူလိုက်လေသည်။ သုမနသူဌေး၏ ထီးစောင့်နတ်သည် အရှင်ပစ္စေကဗုဒ္ဓမထေရ်မြတ်၌ လှူလိုက်သည့်ဆွမ်းအလှူဒါနသည် ကြီးကျယ်မွန်မြန်လှပါပေစွတကားဟု ကောင်းချီးသြဘာပေး၏၊ သုမနသူဌေးက ငါဒီလောက်ကြီးကျယ်အောင်လှူနေတာကို မင်းမတွေ့ဘူးလား၊ ဘာခုမှ လာပြီးကောင်းချီးပေးနေရသနည်းဟု မေးသောအခါ ထီးစောင့်နတ်က သူဌေးမင်း အကျွန်ုပ်ကောင်းချီးပေးတာ သူဌေးမင်း၏အလှူကို ကောင်းချီးပေးတာ မဟုတ်ဘူး၊ အန္နဘာရ၏အလှူကို ကောင်းချီးပေးတာ ဖြစ်ပါသည်ဟု ဖြေကြားလိုက်၏။
သုမနသူဌေးသည် အန္နဘာရကိုခေါ်၍ မင်း၏အလှူကို ငါ့ပေးပါ ကုန်ကျစရိတ်တွေအတွက် ငါပိုက်ဆံပေးပါမည်ဟု ပြော၏၊ အန္နဘာရကက မပေးနိုင်ကြောင်းငြင်းဆို၏၊ အဲဒီလိုဆိုလျှင် အလှူဒါန၏ အမျှကိုတော့ ငါ့ကိုပေးဝေပါဟု တောင်းဆိုပြန်၏။ အန္နဘာရက အလှူဒါန၏အမျှကိုတော့ ပေးဝေဘို့ သင့် မသင့် ပစ္စေကဗုဒ္ဓမထေရ်မြတ်ကို မေးမြန်းကြည့်ပါဦးမည် ပေးသင့်သည်ဆိုပါက ပေးပါမည်ဟုပြောလိုက်၏။ ပစ္စေကဗုဒ္ဓမထေရ်မြတ်က ပေးဝေသင့်ကြောင်းအမိန့်ရှိ၍ သုမနသူဌေးအား အမျှကို ပေးဝေ၏။
သုမနသူဌေးကလည်း အန္နဘာရကို ကျေးဇူးဆပ်သောအားဖြင့် အသပြာတစ်ထောက်ကို ပေး၏၊ အန္နဘာရသည် နောက်တနေ့၌ ရှင်ဘုရင်အား ဆွမ်းအလှူ၏အမျှကို ပေးဝေ၍ ဆုလာဘ်တစ်ထောင်ရပြန်၏။ အန္နဘာရသည် အိမ်ဆောက်ဘို့ မြေတူးရာ မြောက်များစွာသော ရွှေအိုးတို့ကို တွေ့ပြန်၏၊ ထို့ကြောင့်ရှင်ဘုရင်က အန္နဘာရအား သူဌေးရာထူးကို ချီးမြှင့်ပေးသနားတော်မူ၏၊ ဤသည်ကား ပစ္စေကဗုဒ္ဓမထေရ်မြတ်အား လှူဒါန်းခဲ့သော ဆွမ်းဒါန၏ အကျိုးအာနိသင်ဖြစ်ပေသည်။
ထို့ကြောင့် မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများအား ဆွမ်းဆက်ကပ်လှူဒါန်းကြကုန်သော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည် အရှင်အနုရုဒ္ဓါအလောင်းလျာ အန္နဘာရနည်းတူ ယခုမျကမှောက်ဘ၀မှာပင် လောကီချမ်းသာအဖြာဖြာတို့ကို ရရှိခံစားနိုင်ကြကုန်သည်ဖြစ်၍ လောက သာသနာနှစ်ဖြာကောင်းကျိုးတို့ကို သယ်ပိုးထမ်းဆောင်လျက် "0၀ိမုတ္တိသုခ" တည်းဟူသော လောကုတ္တရာချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်-----
သြော် ကောင်ကျိုးကြီးလှ၊ ဆွမ်းဒါန၊
သြော် လှူထိုက်ပေစွ။ ဆွမ်းဒါန၊
ကောင်းကျိုးမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။
သာသနာတော်သက္ကရာဇ်-၂၅၅၃ခု၊ ကောဇာသက္ကရာဇ်-၁၃၇၃ခု၊ သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)၏ ထာဝရ နေ့ဆွမ်း၊ အရုဏ်ဆွမ်း အလှူရှင်စာရင်း-------
၁။ ဒေါ်ညွန့်ညွန့်အေး (မန်းတက္ကသိုလ် ကျောင်းအမကြီး)
၂။ ဦးတင်ပေါ မိသားစု (မြဘုရင်-မန်း)
၃။ ဦးမြင့်သန်းအောင်+ဒေါ်မြင့်မြင့်သိန်း မိသားစု (မန်း)
၎။ ဦးချိုလေး+ဒေါ်ကြည် မိသားစု (သီတဂူ နွေငြိမ်း- မန်း)
၅။ မောရိယဆေးတိုက် မိသားစု (မန်း)
၆။ ဦးစိုးထွန်း+ဒေါ်ခင်ပြုံးကြည် မိသားစု (စစ်ကိုင်း)
၇။ ကိုအောင်ဝင်း+မအေးစံပယ်ဖြူဟန် မိသားစု (မင်းသီဟ-မန်း)
၈။ သီတဂူမောင်မောင် မိသားစု (ဗီဒီယိုရိုက်ကူးရေး-မန်း)
၉။ ဦးသောင်းဥာဏ်+ဒေါ်ခင်လှ မိသားစု (အောင်ချမ်းသာစတိုး-မန်း)
၁၀။ ကိုအောင်နိုင်ဆွေ+မမြင့်မြင့်နွယ် မိသားစု (သီရိရွှေစင်ရွှေဆိုင်-မန်း)
၁၁။ ကိုကျော်မြင့်ဆွေ+မစောကြူဝင်း မိသားစု (ရွှေပြည်မိုးကဖေး-မန်း)
၁၂။ ဒေါက်တာမောင်ဦး+ဒေါ်မို့မို့ မိသားစု (မန်း)
၁၃။ ဗိုလ်စိန်မှန်-ရန်ကုန်သီတဂူသာသနာပြုအဖွဲ့ (ရန်ကုန်) တို့အား မှတ်တမ်းတင်အပ်ပါသည်။ ။
ဖိုးကာ (မန်းသီတဂူ)။
read more “အကျိုးကြီးလှ ဆွမ်းဒါန”

အောင်မြင်ကျော်ကြားမှု့ တန်ဖိုးရဲ့ နောက်ကွယ်က ရလာဒ်များ
0 comments Wednesday, July 13, 2011လူလောက၌ အချို့သောလူတို့သည် အောင်မြင်ကျော်ကြားမှုကို အမြတ်တနိုးတန်ဖိုးထားကြ၏၊ ကျော်ကြားမှုကို လိုလားတောင့်တကြ၏၊ ကျော်ကြားဖို့ရာအတွက် နည်းလမ်းတွေကိုရှာဖွေကြ၏၊ ကျော်ကြားမှု ကိုရဖို့ရာ နည်းမျိုးစုံနှင့် ကြိုးစားရှာဖွေကြ၏၊ မှန်ကန်သောနည်းလမ်းဖြင့် ကျော်ကြားမှုကို ရအောင်ကြိုးစား ကြသလို တစ်ချို့ကလည်း မသမာသောနည်းလမ်းတွေနှင့် ကြိုးစားရှာဖွေကြ၏။ တစ်ချို့ကငြိမ်းချမ်းသော နည်းနှင့် ရအောင်ကြိုးစားသလို တစ်ချို့က အကြမ်းဖက်တဲ့နည်းတွေနှင့်ကြိုးစားကြ၏၊ တစ်ချို့သောသူတွေက ဘ၀တွေ အချိန်တွေနှင့်ရင်း၍ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က အသက်နှင့်ရင်း၍ ရှာကြ၏။ တစ်ချို့က လောကအတွက်အကျိုးပြု လုပ်ငန်းတွေလုပ်ကာ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က လောကအတွက်အကျိုးမဲ့လုပ်ငန်းတွေ လုပ်ကာ အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က လောကကြီးပွါး ရာကြီးပွါးကြောင်းတွေနှင့် အောင်မြင်မှုကိုရှာ၏။ တစ်ချို့ကတော့ လောကပျက်စီးရာပျက်စီးကြောင်းတွေနှင့် အောင်မြင်ကျော်ကြားမှု့ကိုရှာ၏။ တစ်ချို့က အားကစားနည်းဖြင့် အောင်မြင်ကျော်ကြားမှုကိုရှာ၏။ တစ်ချို့က အနုပညာဖြင့် အောင်မြင်ကျော်ကြားမှု ကိုရှာ၏။ ထိုသို့ရှာဖွေကြရာတွင် ကံတရားကြောင့် အထွဋ်အထိပ် ရောက်အောင် အောင်မြင်သူတွေရှိသလို အတန်အသင့်အောင်မြင်သူတွေလည်းရှိ၏ လုံးဝမအောင်မြင်သူများ လည်းရှိ၏။ ထင်ရှားသူများရှိသလို မထင်ရှားသူများလည်းရှိ၏။ နိုင်သူတွေရှိသလို ရှုံးသူတွေလည်းရှိ၏။ တိုးတက်လာသူတွေသူတွေကိုတွေ့ရသလို ဆုတ်ယုတ်လာနေသူတွေကိုလည်းတွေ့မြင်နေရ၏။ ဘာကြောင့် သူတို့သူတို့တစ်တွေဟာ အောင်မြင်မှုကိုလိုလားတောင့်တကြသနည်း။ အောင်မြင်မှုရဲ့ နောက်ကွယ်ကနေဖြစ် ပေါ်လာမယ့် ကောင်းကျိုးတွေကဘာတွေလဲ ဆိုးကျိုးတွေကရောဘာတွေလဲ ဒါတွေကို ဆန်းစစ်ကြည့် ကြဖို့တော့ လိုအပ်ပါတယ်။
ဘ၀တွင် အောင်မြင်မှုကို တစ်ကြိမ်တစ်ခါလောက်ရလိုက်လျှင်ပင် တစ်ကြိမ်ဆိုရင် တစ်ကြိမ်ဆိုသ လောက် အကျိုးအမြတ်တွေရတတ်ကြ၏။ အထင်ရှားဆုံးသာဓကပြရလျှင် အားကစားလောက နှင့် အနုပညာ လောကကိုပြရပေမည်။ အားကစားလောကတွင်လည်း ဘောလုံး လက်ဝှေ့ တင်းနစ် ပြိုင်ကားမောင်ခြင်း နှင့် ဂေါက်သီးရိုက် အားကစားနည်းများသည် သိသာမြင်သာသော ထင်ရှားသော သာဓကများပင်ဖြစ်သည်။ အနုပညာလောကဆိုလျှင် ရုပ်ရှင် နှင့် အဆိုတော်လောကသည် ထင်ရှားသော သာဓကများပင်ဖြစ်သည်။ သူတို့ဘ၀တွင် တစ်ခါအောင်မြင်လိုက်လျှင် ငွေတွေသောက်သောက်လဲရ၏။ ဆုကြေးငွေလည်းရသလို လစာငွေလည်းရ၏ စီးပွါးရေးလုပ်ငန်းရှင်တို့၏ ပစ္စည်းကြော်ငြာပေးခြင်း စသောနေရာများမှလည်းရ၏။ တစ်ခဏချင်းပင် သန်းကြွယ် သူဌေးများဖြစ်လာကြ၏။ ဘယ်နေရာသွားသွား ဘယ်နေရာရောက်ရောက် ထိုသူများမှာ လူအများ၏ အရေးပေးဆက်ဆံခြင်းကိုခံကြရ၏။ ဘယ်နေရာသွားသွား ဘယ်နေရာရောက်ရောက် ထင်ပေါ်ကျော်ကြားကြ၏။
ထိုသို့သောအကျိုးရလာဒ်များကို ကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့လာကြသောအခါ လောက၌ တစ်ချို့သောလူတို့သည် အောင်မြင်မှုကျောကြားမှု့ကို အားကျလာကြသလို တန်ဖိုးလည်းထားလာကြသည်။ ရချင်လိုချင်စိတ်တွေလည်းဖြစ်ပေါ်လာကြ၏။ ရအောင်လည်းကျိုးစားကြ၏။ လက်ရှိအောင်မြင်နေကြသော အားကစားသမားတော်တော်များများ သည် ငယ်စဉ်ကပင် သူတို့၏ဘ၀တွေကို အားကစားလောကမှာပင်နစ် မြုပ်ထားကြရ၏။ ပညာရေးလောကကို အတန်အသင့်လောက်သာ လေ့လာလိုက်စားခဲ့ကြရ၏။ သူတို့ဝါသနာ ပါသောအားကစားနည်းများကို နေ့စဉ် နေ့တိုင်း နာရီပေါင်းများစွာ အကြိမ်ပေါင်းများစွာလေ့ကျင့်ကြရ၏။ ဘ၀တွေ သွေးတွေ ချွေးတွေပေးဆပ်ခဲ့ကြရ၏ အဘယ့်ကြောင့်ဆိုသော် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါတို့ဟာ အောင်မြင်ကျော်ကြားတဲ့ အားကစားသမားကောင်းတွေဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက် ရည်မှန်းချက်တွေ ကြောင့်ပဲဖြစ်၏။ ထိုသို့ပင်ကြိုးစားကြပါသော်လည်း အချို့အချို့သော အားကစားသမားများမှာ ကံမကောင်း အကြောင်းမလှသည့်အတွက် သူတို့မျှော်မှန်းထားသလောက် အောင်မြင်မှုမျိုးကိုမရရှိကြပေ။ ထိုအခါ မရ ရသည့်နည်းဖြင့်ကျိုးစားလာကြ၏။ ထိုနည်းကား ခန္ဓာကိုယ်စွမ်းအားနှင့် စိတ်ကိုတက်ကြွစေသော ဟိုမုန်းဆေး များကို အသားတွင်း အကြောတွင်း နောက်ဆုံးသွေးကြောထဲအထိပါထိုးသွင်းလာ ကြ၏။ အားကစားလောက၌ တာဝန်ရှိသောသူများက ဆရာဝန်များနှင့် စနစ်တကျဆေးစစ်၍ တားမြစ်ဆေးသုံးစွဲကြောင်း အဖြေပေါ် သောအခါ အောင်မြင်မှုမရသည့်အပြင် အရှက်ပါထပ်ရကြလေ၏။ အားကစားလောကမှလည်း အရေးယူခံ ကြရ၏။ နောက်ဆုံး သူတို့ဘ၀သည် အားကစားနည်းအနေနှင့်လဲရှုံး လူမှုပါတ်ဝန်းကျင်တွင်လည်းအရှက်ရကာ နှစ်ဖက်ရှုံး ရှုံးကြရတော့သည်။ အောင်မြင်သောသူတို့သည် တစ်ဖက်ကကြည့်လျှင်လည်း တစ်ချို့က ငွေကြေး တွေချမ်းသာလာတော့အပျော်အပါးတွေလိုက်စားလာကြ၏။ အပေါင်းအသင်းအလွှာမျိုးစုံနှင့် ပေါင်းသင်းလာ ကြ၏။ ထိုသူများအထဲတွင် ကိုယ်ကျင့်တရားကောင်းသူများရှိသလို ကိုယ်ကျင့်တရားမကောင်းသူများကလည်း ဒုနှင်ဒေးပင်။ လမ်းကြောင်းအမှန်ကိုတင်ပေးသူရှိသလို လမ်းကြောင်းအမှားပေါ် ဆွဲချသူများလည်းမရှားလှပေ။ ကြာလာတော့ အောင်မြင်ကျော်ကြားမှုတွေကို ငြီးငွေ့လာသူတွေ စိတ်ကုန်လာသူတွေလည်းရှိလာသလို ပို၍ပို၍ ပျော်ရွှင်သူ များလည်းရှိ၏။ အားကစားလောကနှင့် အနုပညာလောကတွင် ထိုကဲ့သို့သော အဖြစ်အပျက်များကား ဒုနှင့်ဒေးပင် ပြော၍ပင်ကုန်မည်မထင်။ ဟိုတုံးကလည်းဖြစ်ခဲ့ကြ၏။ အခုလည်းပဲဖြစ် နေကြဆဲ။ နောင်လည်းပဲ ဖြစ်နေကြဦးမည်မှာ မလွဲပေ။ အဘယ့်ကြောင့်ဆိုသော်.. တစ်ချို့တစ်ချို့သော လူတို့သည် အောင်မြင်ကျော် ကြားမှု့ကို တန်ဖိုးထားလွန်းသောကြောင့်ပင်ဖြစ်သည်။
တရားသောနည်းဖြင့် အောင်မြင်မှုကိုရရှိနေကြသော အားကစားသမားများနှင့် အခြားအခြားသော အောင်မြင်ကျော်ကြားနေသောသူတိုင်းသည် သူတို့ရရှိထားကြသော အောင်မြင်မှု့တွေကို ထိုက်တန်အောင် တန်ဖိုးထားစောင့်ရှောက်ထိမ်းသိမ်းကြပါသလားလို့ မေးလာလျှင်လည်း အဖြေအမျိုးမျိုးထွက်လာနိုင်သည်။ မှန်၏ သူတို့ရရှိထားကြသော အောင်မြင်ကျော်ကြားမှု့တွေကို တန်ဖိုးထားစောင့်ထိန်းသူရှိသလို မစောင့်ထိန်းသောသူ များလည်းရှိ၏။ အချို့သော အောင်မြင်ကျော်ကြားသူများသည်။ အားကစားလောကတွင် ငယ်စဉ်ကတည်းက ကျိုးစားလေ့ကျင့်ရင်း အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရလာသောအခါ ငွေကြေးများလည်းသုံးမကုန် အောင်ရရှိလာကြ၏။ ထိုအခါ နည်းမှန်လမ်းမှန်နှင့် ထိန်းကြောင်းပေးမည့် ဆရာမိဘမရှိသော သူများသည် အောက်ခြေလွတ်ကာ ထင်ရာစိုင်းလာကြ၏။ ငွေကိုနည်းမှန် လမ်းမှန်မသုံးစွဲကြပဲ ထင်သလိုသုံးစွဲလာကြ၏။ ငွေကိုလည်း ရေလိုသုံးစွဲလာကြ၏။ လူကို…လူဟုပင်မထင် ကြတော့ မင်းငါလိုအောင်မြင်တဲ့လူတယောက်ဖြစ်ဖို့ အဝေးကြီး ငါနဲ့အဖက်မတန်ဘူး စသည်ဖြင့် တဖက်သားကို အထင်အမြင်သေးလာကြ၏။ တစ်ချို့ဆိုလျှင် ကိုယ်ထိလက်ရောက်ပင် စော်ကားလာကြ၏။ အပျော်အပါးတွေ မျိုးစုံကိုလည်း လိုက်စားလာကြ၏။ အပေါင်းအသင်းမျိုးစုံကိုပေါင်းသင်းလာကြ၏။ ထိုအပေါင်းအသင်းများနှင့် ထင်သလိုသောက်စားမူးယစ်လာကြ၏။ မသွားသင့်မသွားအပ်သောနေရာများကို သွားလာကြ၏။ မလုပ်သင့် မလုပ်ထိုက်သော လူမှုရေး ဖောက်ပြန်မှုတွေကိုလုပ်လာကြ၏။ ထိုအခါ သူတို့၏ အားကစား အဆင့်အတန်းလည်းတဖြည်းဖြည်း လျှော့ကြလာကြ၏။ လူမှုပါတ်ဝန်းကျင်တွင်လည်း အထင်အမြင်သေးခြင်း ၀ိုင်းဝန်းကဲ့ရဲ့ရှုတ်ချခြင်းစတဲ့ အရာတွေဖြစ် ပေါ်လာကြ၏။ ထိုအခါ ထိုသူတို့၏ဘ၀သည် လောကတွင်အရှက်ကြီးရှက်ရသလို တစ်ချို့ဆိုလျှင် ဘ၀ပါပျက်ကြရတော့၏။ တစ်ချို့ဆိုလျှင်လည်း ကိုယ့်ဘ၀ကိုယ် အဆုံးပင်စီရင်သွားသော သာဓကများကို နိုင်ငံအများအပြား၌ တွေ့ရှိနိုင်ပေသည်။ သူတို့၏ဘ၀တွေကား တစ်ကယ့်ကိုသနားစရာပင်။ ထိုအဖြစ်အပျက်တို့သည် လောကလူသားများအတွက် ယူတတ်လျှင် သင်ခန်းစာများပင်ဖြစ်ပေသည်။
တစ်ကယ်တော့ အောင်မြင်ကျော်ကြားမှုသည် မီးနှင့်တူ၏။ လောက၌ မီးသည်သုံးတတ်သော သူတို့အတွက် မိတ်ဆွေဖြစ်သလို မသုံးတတ်သောသူတို့အတွက် ရန်သူဖြစ်၏။ မိမိရဲ့အောင်မြင်ကျော်ကြား မှုကို ကြာရှည်တည် တန့်နေစေရန်အတွက် မိမိကိုယ်တိုင်စနစ်တကျ ကျင့်သုံးနေထိုင်ပါမှ ကြာရှည်တည်တန့် မည်ဖြစ်ပေသည်။ ထိုသို့ကျင့်သုံးနေထိုင်မှုမရှိပါက ကျရှုံးမှုများနှင့်ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်သည်။ ထိုသို့ကျင့် သုံးနေထိုင်ဖို့ရန်အတွက် အတ္တသမ္မာပဏီဓိဆိုတဲ့ မိမိကိုယ်တိုင်က မကောင်းတဲ့အလုပ်တွေမလုပ်မိအောင် ထိန်းကျောင်းနိုင်တဲ့တရားရှိဖို့လိုအပ်သလို သပ္ပုရိသူပနိဿယ ဆိုတဲ့ မကောင်းတာတွေမလုပ်မိအောင် ကောင်းတာတွေလုပ်ဖြစ်အောင် လမ်းမှန်ကိုထိန်းကျောင်းပေးတတ်တဲ့ သူတော်ကောင်းမိတ်ဆွေတွေရှိဖို့လိုအပ် လှပေသည်။ နောက်အရေးအကြီး ဆုံးအချက်တစ်ချက်က မိမိကိုယ်တိုင်က အရာရာကိုတွေးတောဆင်ခြင်တတ် သောပညာရှိဖို့လည်း အရေးကြီးသည်။ သို့မှသာ အရာရာကို အကျိုးနဲ့အကြောင်း အဆိုးနဲ့အကောင်းခွဲခြား ဝေဖန်လျှက် လုပ်သင့်တာကိုလုပ်ပြီး မလုပ်သင့်တာတွေကိုလည်းမလုပ်မိအောင် ရှောင်ကြဉ်နိုင်ပေမည်။ သို့မှသာ မိမိအတွက် ကောင်းကျိုးရသလို သူတစ်ပါးတို့အတွက်လည်း စံထားထိုက်တဲ့သူပါလားဟု အသိ အမှတ်ပြုခံရပေမည်။ လူသားတိုင်း လူသားတိုင်းသည် လာဘ အလာဘ၊ ယသ အယသ၊ နိန္နံ ပသံသံ၊ သုခံ ဒုက္ခံ ဆိုတဲ့လောကဓံတရားတွေက တစ်ခုမဟုတ် တစ်ခုခံစားနေကြရသည်မဟုတ်ပါလား။ ထိုလောကဓံတရား တွေကို ရှေးကလည်းခံခဲ့ကြရပြီ။ အခုလည်း ခံနေကြရဆဲ။ နောင်လည်းဘဲ ခံကြရအုံးမှာကားဧကန်ပင်ဖြစ်သည်။ ထိုလောကဓံလှိုင်းတွေက အောင်မြင်ကျော်ကြားလာရင် အောင်မြင်ကျော်ကြားသလောက် ရိုက်ပုတ်ခံရ၏။ အောင်မြင်ကျော်ကြားမှုဆိုတဲ့ မုန်တိုင်းတွေကြမ်းလာလေလေ လောကဓံလှိုင်းတွေက ပြင်းထန်လေလေပင် ဖြစ်သည်။ လူတော်တော်များများက မကောင်းတာတွေနဲ့တွေ့ကြုံလာမှ လောကဓံလို့ထင်မှတ်တတ်ကြ၏။ တစ်ကယ်တော့ လောကဓံဆိုတဲ့တရားက မကောင်းတာတွေနဲ့တွေ့ကြုံလာမှ ခံစားရသည်မဟုတ် ကောင်းတာ တွေနှင့်တွေ့ကြုံလာတဲ့အခါမှာလည်း တုန်လှုပ်မှုမရှိဘဲ တည်တည်ကြည်ကြည်နဲ့ မမော်မကြွား ကိုယ်ရော စိတ်ပါထိန်းနိုင်ပါမှ ကောင်းတဲ့လောကဓံရဲ့ဘေးရန်က ကာကွယ်နိုင်ပေမည်။ ထိုသို့မထိန်းနိုင်ပါက ကောင်းတဲ့ လောကဓံလှိုင်းရဲ့ ဆိုးဝါးစွာရိုက်ပုတ်ခြင်းကို ဧကန်ခံကြရမည်ဖြစ်သည်။ တစ်ချိန်ကလျှမ်းလျှမ်တောက် အောင်မြင်ကျော်ကြားခဲ့ကြသော်လည်း ယခုလောလောဆယ်တွင် ဘ၀ပျက်နေကြသော ဆင်းရဲနေကြသော ထိုကဲ့သို့ ဘ၀ပျက်ပြီးဆုံးပါးသွားကြသော သူတို့သည် ကောင်းတဲ့လောကဓံရဲ့ ရိုက်ပုတ်ခြင်းကို ခံခဲ့ကြရသူများပင်ဖြစ်သည်။
လောကထုံးစံအရ လောကလူသားများသည် ချီးမွမ်းဖို့ခဲယဉ်းကြပေမယ့် ကဲ့ရဲ့ဖို့ကြတော့ဝန်မလေး တတ်ကြပေ။ ထို့ကြောင့် ပါတ်ဝန်းကျင်ကို သတိထားနေထိုင်သွားလာ လှုပ်ရှားသင့်သောသူများတွင် ထိုအောင် မြင်ကျော်ကြားကြသူများက အဓိကကျလှ၏။ သာမာန်လူတို့သွားလာလှုပ်ရှားနေသည်ကို အထူးအဆန်းလုပ် သတင်းမလုပ်သော်လည်း အောင်မြင်ကျော်ကြားသူတို့ သာမာန်လူတို့နည်းတူသွားလာလှုပ်ရှားနေသည်ကိုပင် သတင်းလုပ်၍ ရေးသားတတ်ကြသည်။ ထို့အတူ ကောင်းတဲ့ အပြုအမူတွေကိုလုပ်နေရင်လည်း အမျိုးမျိုးချီးမွန်းကြသလို မကောင်းတာလုပ်မိလျှင်လည်း ရစရာမရှိအောင် ကဲ့ရဲ့ရှုပ်ချရေးသားတတ်ကြသည်မှာ သတင်းလောက၏ ထုံးစံတစ်ပင်ဖြစ်သည်။ ထိုသတင်းမျိုးကိုရယူနိုင်ရန် သတင်းထောက် (ပါပါရာဇီ)တို့ကလည်း ထိုသူတို့၏နောက်ကနေ အရိပ်သဖွယ် လိုက်နေကြ၏။ အောင်မြင်ကျော်ကြားနေကြသော လူတိုင်းသည် ထိုသတင်းထောက်ဓာတ်ပုံသမားတို့လက်မှရှောင်တိမ်းပြေးထွက်ဖို့မလွယ်ကူပေ။ ထိုသို့ရှောင်ရင်းတိမ်းရင်း အသက်ပါဆုံးရှုံးသွားကြရလောက်အောင်ဖြစ်ခဲ့သည့် သာဓကများလည်း ဖြစ်ပျက်ခဲ့ဖူးသည်မဟုတ်ပါလား။ နောက်ဆုံးတော့ သူတို့၏အောင်မြင်ကျော်ကြားမှုတွေက သူတို့၏လွတ်လပ်မှုဘ၀တွေကို ဘောင်ခတ် လာကြ၏။ မလွတ်လပ်ခြင်းဆိုတဲ့ အရိပ်တွေမိုးလာတာကိုခံကြရတော့၏။ အရာရာကို စိတ်ကြိုက်လုပ်နိုင် ငွေကိုရေလိုသုံးနိုင်ကြသော်လည်း သာမန်လူတွေလောက် မလွတ်လပ်ကြတော့ အသိတရားရှိသောသူတွေ ကတော့ နေရာတိုင်း စားသတိ သွားသတိ လာသတိ နေသတိ ထိုင်သတိ ဆိုတာတွေ ဖြစ်လာကြရတော့၏။ အသိတရားမရှိသူတွေက သတိလက်လွတ်ထင်ရာတွေလုပ်တော့ ဓာတ်ပုံသတင်း ထောက်(ပါပါရာဇီ)တို့၏ သားကောင် သတင်းလောက၏သားကောင်တွေအဖြစ် အလူးအလဲခံကြရတော၏။
မည်သို့ပင်ဖြစ်ပါစေ တိုတောင်းလှတဲ့ လူ့ဘဝရဲ့ ဇာတ်ခုံပေါ်မှာ အောင်မြင်ကျော်ကြားမှုဆိုတာတွေက လွတ်လပ်ပျော်ရွှင်မှုဆိုတာတွေနဲ့ တိုင်းတာကြည့်လိုက်မယ်ဆိုရင်တော့ မိုးတိမ်တွေဖုံးအုပ်နေတဲ့ လကွယ်ည သန်းခေါင်ယံမှာ လျှပ်စီးလေးတစ်ချက်လက်လိုက်သလို အချိန်ကာလအားဖြင့် အနည်းငယ်မျှသာရှိပါလိမ့်မယ်။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်မှုသည် ဘ၀တစ်လျှောက်လုံးမရနိုင် အောင်မြင်မှုကိုရဖို့ရာအတွက် အသက်အပိုင်းအခြားနှင့်သက်ဆိုင်သလို ကိုယ်ကာယစွမ်းအားနဲ့လည်းဆိုင်၏ ဥာဏစွမ်းအားနှင့်လည်းဆိုင်၏။ နောက်ဆုံး အဓိကတစ်ချက်က ကံတရား၏အကျိုးပေးမှုနှင့်လည်းဆိုင်၏။ ဖော်ပြပါအချက်အလက်တို့နှင့် ပြည့်စုံနေစဉ်အခိုက်အတန့်ကာလလေးမှာသာ အောင်မြင်မှု့များအသီးအပွင့်များကိုရှာဖွေ၍ ရရှိနိုင်ကြပေသည်။ ထိုအချက်များထဲမှ တစ်ချက်ကလေးချို့ယွင်းလိုက်သည်နှင့် တပြိုင်နက် ကျရှုံးမှုတွေနှင့်ရင်ဆိုင်ကြရတော့၏။ ထို့ကြောင့် အောင်မြင်ကျော်ကြားသူတွေရဲ့ ဘဝတွေဟာ လေထုထဲက တိမ်တိုက်တွေလို ဘယ်အချိန်မှာ လွင့်မြောပျောက်ကွယ်သွားလေမလဲဆိုတာ စဉ်းစားနေရတဲ့ အချက်မျိုးအဖြစ် သက်ရောက်လို့နေပါတယ်။ လွတ်လပ်မှု့ကတော့ ထိုသို့မဟုတ်ပေ ငယ်ရွယ်စဉ်ဘ၀မှာလည်း ခံစားနိုင်သလို လူလတ်ပိုင်းအရွယ်မှာလည်း ခံစားနိုင်ပါတယ် နောက်ပိတ်ဆုံး အိုမင်းမစွမ်းဖြစ်နေရင်တောင် လွတ်လပ်မှု့ရဲ့ အရသာကို ခံစားနိုင်ပါတယ်။ အရွယ်သုံးပါးတွင် သူ့အရွယ်နှင့်သူ လိုက်လျှောညီထွေစာခံစား နိုင်၏။ ချမ်းသာသူက ချမ်းသာသည့်အလျှောက် ခံစားနိုင်သလို ဆင်းရဲသူကလည်း ဆင်းရဲသည့်အလျှောက် ခံစားနိုင်၏။
ထိုအောင်မြင်ကျော်ကြားသူတို့ ရရှိထားသော ငွေကြေးဥစ္စာဆိုတာတွေကလည်း တရားသဘောအရ ကိုယ်ပိုင်ဥစ္စာစစ်စစ်များမဟုတ်ကြပေ။ ကိုယ်ကဘယ်လောက်ပင်ပိုင်ဆိုင်ပါတယ်လို့ ပြောဆိုနေကြပါစေ ရေထဲ တွင်မြုတ်၍မျော၍လည်း ဆုံးရှုံးနိုင်ပါတယ်။ မီးလောင်၍လည်း ဆုံးရှုံးနိုင်ပါတယ်။ မင်းစိုးရာဇာတွေကလည်း သိမ်းဆည်းနိုင်ပါတယ်။ သူခိုးဓားမြတွေကလည်း လူယူနိုင်ပါတယ်။ အမွေခံမယ့် သားဆိုးသမီးဆိုးတွေကလည်း သုံးဖြုံးလို့ ဆုံးရှုံးနိုင်ပါတယ်။ ထိုပြဆိုအပ်ခဲ့သော ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပြစ်နိုင်ပါတယ်။ သာမန်လူတန်းစားတို့လည်း ထိုသူတို့နည်းတူ လောကဓံတရားတွေ ရန်သူမျိုးငါးပါးစတဲ့ ဒုက္ခဘေးတွေ မဖြစ်တော့ဘူးလား မေးလာလျှင်မူ အားလုံးသတ္တ၀ါမှန်လျှင် ထိုတရားများကိုမလွှဲမသွေ တစ်ခုမဟုတ်တစ်ခု တစ်နည်းမဟုတ်တစ်နည်းတော့ တွေကြုံနေကြရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ခံစားရတာခြင်းတော့ကွာ ပါသည်။ တောင်ထိပ်ပေါ်တွင်ပေါက်သောသစ်ပင်များက တောင်အောက်တွင်ပေါက်သောသစ်ပင်များထက် လေဒဏ်မိုးဒဏ်ကို ပို၍ခံစားရသကဲ့သို့လည်းကောင်း အမြင့်က ပြုတ်ကျသောသူနှင့် အနိမ့်ကပြုတ်ကျသော သူ ခံစားရတာကွာခြားသကဲ့သို့လည်းကောင်း ကွာခြားလှ၏။ သာမာန်လူတန်းစားတို့သည် ထိုတရားများတွေ့ ကြုံလာလျှင် အနည်းကျဉ်းလောက်သာခံစားရ၏။ ဆုံးရှုံးမှုတွေလည်း များများစားစား မခံစားရပေ။ အောင်မြင် ကျော်ကြားသူတို့ ထိုတရားတွေကြုံလာတွေ့လာပြီဆိုလျှင် မရှုမလှခံစားကြရ၏။ ဆုံးရှုံးမှု့တွေလည်းများ၏။ ပေးဆပ်ရတာတွေများလွန်းလှ၏။ တစ်ချို့တစ်ချို့သောသူများဆိုလျှင် ဆိုးရင်းပေရင်း မူးယစ်သောက်ရင်း စားရင်းပင် ဘ၀နိဂုံးချုပ်သွားကြရ၏။ ထိုအဖြစ်အပျက်တို့ကား မိမိတို့အတွက် ယူတတ်လျှင် လောကကြီးကပေး နေသော ဘ၀သင်ခန်းစာများပင်ဖြစ်သည်။
ထို့ကြောင့်…အောင်မြင်ကျော်ကြားမှုဆိုတဲ့ဘ၀ထဲကနေ တကယ့်ဘ၀ရဲ့အနှစ်သာရတွေကို ထုတ်ယူ သင့်ကြသည်။ အောင်မြင်ကျော်နေစဉ်မှာ ဘ၀ရဲ့အနှစ်သာရတွေထုတ်ယူသင့်သလို ကျရှုံးနေစဉ်မှာလည်း စိတ်ဓာတ်မကျဘဲ ဘ၀ရဲ့အနှစ်သာရတွေကိုထုတ်ယူသင့်၏။ အောင်မြင်နေစဉ်မှာ အိမ်ထောင်မရှိလျှင် မိဘတို့ ကို ကျွေးမွေးထောက်ပံ့ခြင်းဖြင့် မာတာပိတုဥပဋ္ဌာနံ ဆိုတဲ့မင်္ဂလာတရားတော်တွေကိုလိုက်နာခြင်းအားဖြင့်လည်း ကောင်း။ အခြားသောလူမှု့ကယ်ဆယ်ရေးလုပ်ငန်းများတွင် လူအားငွေအားတွေနဲ့ ထောက်ပံ့ခြင်းဖြင့်လည်း ကောင်း အခြားအခြားသော ကောင်းတဲ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခြင်းဖြင့် ဥာတကာနဉ္စသင်္ဂဟ မင်္ဂလာတရားတော်ကိုလိုက်နာခြင်းအားဖြင့်လည်းကောင်း ဘ၀ရဲ့အနှစ်သာရတွေကို ရယူနိုင်၏။ အိမ်ထောင် သည်ဆိုပါကလည်း ကိုယ့်ရဲ့ဇနီးမယားနှင့် သားသမီး တွေအပေါ်မှာ သစ္စာရှိရှိနေထိုင်ခြင်း ကျွေးမွေးပြုစုစောင့် ရှောက်ခြင်းဆိုတဲ့ ပုတ္တဒါရဿသင်္ဂဟ ဆိုတဲ့မင်္ဂလာတရားတော်တို့ကိုဖြည့်ကျင့်လိုက်နာခြင်းဖြင့်လည်း ဘ၀ရဲ့ အနှစ်သာရ တွေကိုရယူနိုင်၏။ ကျရှုံးနေစဉ်မှာလည်းပဲ ဘ၀ကိုကြံကြံခံရင်ဆိုင်ရင်း မိမိတတ်နိုင်သလောက် အထက်ပါလုပ်ငန်းများကိုလုပ်ဆောင်နေလျှင် အတ္တသမ္မာပဏိဓိ ဆိုတဲ့မင်္ဂလာတရားတော်ကိုဖြည့်ကျင့်လိုက်နာ ခြင်းဖြင့်လည်း ဘ၀ရဲ့အနှစ်သာရတွေကိုရယူနိုင်ပေသည်။ ထိုနည်းလမ်းများဖြင့် ဘ၀ရဲ့အနှစ်သာရတွေကို ထုတ်ယူတတ်ကြမည်ဆိုလျှင် မျက်မှောက်ဘ၀မှာပင်အကောင်းဆုံးအဓိပ္ပါယ်လည်းရှိ အနှစ်သာရလည်းရှိတဲ့ အလုပ်တွေကိုလုပ်ဆောင်နေသလို နောင်ဘ၀သံသရာအတွက်လည်း ကောင်းစေမယ့်အလုပ်တွေကို လုပ် ဆောင်နေတာဖြစ်ပါတယ်။ ထိုသို့မဟုတ်ပါဘဲ စိတ်ဓာတ်တွေကျကာ ဘ၀ကိုထင်ရာစိုင်းကြသူတွေအတွက် ကတော့ ဘ၀ရဲ့အနှစ်သာရကိုရဖို့မပြောနှင့် အကာကိုတောင်ရဖို့မလွယ်ကူတော့ပေ။ လက်ရှိဘ၀တွင် လည်းရှုံးသလို နောင်သံသရာအတွက်လည်း အရှုံးကြီးရှုံးကြရတော့၏။
အနှစ်ချုပ်ပြရသော်….အောင်မြင်ကျော်ကြားမှုတန်ဖိုးရဲ့နောက်ကွယ်က ရလာဒ်တွေဟာ ကောင်းတာ တွေရှိသလို ဆိုးတာတွေလည်းအများအပြားရှိ၏။ ချီမွမ်းပြောဆိုတာတွေရှိသလို ကဲ့ရဲ့တာတွေလည်းရှိ၏။ သံဝေဂယူစရာတွေရှိသလို အတုယူစရာတွေလည်းများအပြားရှိ၏။ ရိုးရိုးရှင်းရှင်းလေးတွေးမြင်သုံးသပ်ကြည့် ကြမည်ဆိုပါလျှင် ဒါတွေဟာဘဝရဲ့အစိတ်အပိုင်း တစ်ခုသာဖြစ်ပါ၏။ လောကကြီးတွင် ဘယ်အရာမှ ထာဝရအကောင်းဆုံးဖြစ်တည်မှု မရှိသလို ဘယ်အရာမှလဲအဆိုးရွားဆုံး ရပ်တည်မနေပါဘူး။ ဒါကိုပဲ ဘုရားရှင်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ” အလုံးစုံသောအရာဝတ္ထုမှန်သမျှ မတည်မြဲဘူးလို့ ဟောတော်မူခဲ့သလို နောက်တစ်နည်းအားဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေဟာ “ဥပ္ပါဒ ဌိတိ ဘင်္ဂ” ဆိုတဲ့သဘောအရ ပဌမဆုံးဖြစ်မယ် ဖြစ်ပြီးလျှင်ခဏတည်နေမယ် တည်ပြီးလျှင်ပျက်သွားမယ်ဆိုတဲ့ ခဏသုံးပါးကိုလည်း အဘိဓမ္မာတရားဒေသနာတော်မှာ ဘုရားရှင်က ထည့်သွင်းဟောကြားတော်မူခဲ့ပါတယ်။ ထို့ကြောင့် အောင်မြင်ကျော်ကြားမှုကို တန်ဖိုးထားသူတွေကိုယ်တိုင် သရုပ်ဖော်ကပြနေကြတဲ့ ဘ၀ဇာတ်ခုံကြီး၏ ကန့်လန့်ကာနောက်ကွယ်က ဖြစ်ပျက်ခဲ့ကြတဲ့ ဖြစ်ပျက်နေကြတဲ့ ဖြစ်ပျက်နေကြဦးမယ့် သူတို့ရဲ့ဘ၀ဇာတ် ကြောင်းတွေဟာ အဆိုးတွေလား အကောင်းတွေလားဆိုတာ မပြီးဆုံးနိုင်တဲ့ဇာတ်လမ်းတွေကို စောင့်မျှော်ကြည့်ရှုကြပါစို့။ ထိုသို့စောင့်မျှော်ကြည့်ရှု့ရင်းပင် သူတို့ရဲ့ဘ၀ သူတို့ရဲ့ဇာတ်လမ်းတွေထဲကနေ မိမိတို့အနေနှင့်လည်း ဆိုးတာတွေကိုပယ်ကာ ကောင်းတာတွေကိုလက်ခံ ကျင့်သုံးရင်း မိမိတို့ကိုယ်တိုင်လည်း ဘ၀ရဲ့အနှစ်သာရ တွေကိုထုတ်ယူနိုင်ကြပါစေ…………………..။
မောင်သီ (မြင်းမူ)
read more “အောင်မြင်ကျော်ကြားမှု့ တန်ဖိုးရဲ့ နောက်ကွယ်က ရလာဒ်များ”

Subscribe to:
Posts (Atom)