ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး



***ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး***
ဤအစည်းအဝေးကြီးပွဲကြီးကို -2011-ခု၊ နိုင်ဝင်ဘာလ၊ 27-28-29 ရက်နေ့များတွင် သုံးရက်တိုင်တိုင်ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ စုစည်းညီညွတ်မှုအထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း၊ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား၏ ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။
နိုင်ငံပေါင်း (47)နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူပေါင်း (500)ခန့်တက်ရောက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်တို့၏ အစည်းအဝေးပွဲကို နယူးဒေလီမြို့တွင်အခြေစိုက်သော မဟာယာန၊ ၀ဇီရာယာန၊ ထေရ၀ါဒတို့ပူးပေါင်းပါဝင်သည့် အသောကမစ်ရှင် အသောကသာသာနပြုအဖွဲ့က တာဝန်ယူ၍ စည်းရုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖိတ်ကြားထားသော ဧည့်သည်တော်များ၏ အသွား အပြန်ခရီးစရိတ်နှင့် (5)ရက်စာ ဟိုတယ်ခများကို အသောကမစ်ရှင်အဖွဲ့က လှူဒါန်းခဲ့သည်။ ထို့ပြင် အထူးဧည့်သည်တော်များကိုမူ အိန္ဒိယအဲယားလိုင်းဖြင့် ဗုဒ္ဓဂယာနှင့် ဗာရဏသီ သံဝေဇနိယဒေသနှစ်ခုသို့ ညအိပ်ဘုရားဖူးပို့ပေးခဲ့ပါသည်။ ဤဗုဒ္ဓဘာသာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်မှာ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇီရာယာနဗုဒ္ဓဘာသာဂိုဏ်း အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ကျယ်ပြန့်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းတည်ထောင်ရန်ရည်ရွယ်သည်။ ထိုဗုဒ္ဓဘာသာအစည်းအရုံးကြီးကို (International Buddhist confederation(IBC) ဟုခေါ်ဆိုသည်။ ဤအဖွဲ့အစည်းကြီးသည် ဗုဒ္ဓဘာသာဂိုဏ်းအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း မကြာမကြာတွေ့ဆုံဆွေးနွေး၍ အသိဥာဏ်များဖလှယ်ကြရန် ချစ်ခင်ရင်းနှီးမှုများကိုတည်ဆောက်ကြရန် ဗုဒ္ဓသာသနာထိန်းသိမ်းရေး, ပြန့်ပွားရေး, တိုးတက်ရေးနှင့်ကာကွယ်စောက်ရှောက်ရေးတို့ကို ဗုဒ္ဓဘာသာဝင်အားလုံး အတူလက်တွဲဆောင်ရွက်ကြရန်ရည်ရွယ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာအမွေအနှစ်များ၊ အထူးသဖြင့် လုမ္ဗိနီ၊ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ သာဝတ္ထိ၊ ကုသိန္နာရုံ၊ ဆန်ချီ၊ အဂျန်တာအစရှိသော ဒေသများကို ၀ိုင်းဝန်းထိန်းသိမ်းစောက်ရှောက်ကြရန် ရည်ရွယ်သည်။ လူငယ်များအတွက် အခြေခံ ဗုဒ္ဓသာသနာပြုကျောင်းများနှင့် စကော်လာ ပညာရှင်များအတွက် ကောလိပ်၊ တက္ကသိုလ်များကို တည်ထောင်ကြရန် ရည်ရွယ်သည်။ အတိုချုပ်မှာ "United Buddhist organization" တစ်ခုဖွဲ့စည်း၍ "common plat fount" တစ်ခုတည်ဆောက်ကြကာ လက်တွဲလမ်းလျှောက်ကြရန် ဗုဒ္ဓသာသနာကို ကာကွယ်စောက်ရှောက်ကြရာနှိုက် တစ်ခုတည်းသောအသံ (united voice) ဖြင့် ကာကွယ်စောက်ရှောက်ကြ ရန်ရည်ရွယ်သည်။ သို့ဖြစ်ခြင်းကြောင့် "global Buddhist congregation" က "International Buddhist confederation" ကို ဖွဲ့စည်းသည်။ ဤအဖွဲ့အစည်းကြီး၏ အောက်၌ ဆပ်ကော်မတီများစွာဖြစ်လာမည်။ လိုရင်းအချက်မှာ "Buddhist confederation" က "collaboration of Buddhist affair" လုပ်ရမှာဖြစ်သည်။ ဂင်္ဂါ ယမုနာနှင့် အိန္ဒုမြစ်နှင့် အမည်မျှသာကွဲပြားကြခြင်းဖြစ်သည်။ ရေဆိုသည်မှာ အတူတူပင်ဖြစ်သည်။ ဂင်္ဂါ၊ ယမုနာ၊ အိန္ဒုမြစ်တို့သည် သူတို့၏ အမည်နာမများကို ကုန်းပေါ်မှာအားလုံးထားခဲ့ကြပြီး ကောင်းကင်ပြာအောက်က ဆားငန်ရေမှာ ပေါင်းသွားကြသည်။ ပင်လယ်သမုဒ္ဒရာ၌ "confederate" နှင့် "collaborate" လုပ်လိုက်ကြသည့်အတွက် တစ်ရောင်တည်း တစ်သွေးတည်း အရသာ တစ်ခုတည်းဖြစ်ကြလေကုန်၏။ ဤဗုဒ္ဓဘာသာအစည်းအဝေးကြီးကို နိုဝ်င်ဘာလ(27)ရက် နံနက် (9)နာရီမှာ အသောကဟိုတယ် အစည်းအဝေးခန်းမဆောင်ကြီး၌ ကျင်းပပါသည်။ ထေရ၀ါဒပါဠိဖြင့် ပရိတ်ရွတ်ခြင်း၊ သက္ကဋကိုအခြေခံသော တိဗက်သံဖြင့် ပရိတ်ရွတ်ခြင်းတို့ဖြင့် ဖွင့်လှစ်သည်။ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ "lov zan" က နှုတ်ခွန်းဆက်စကား မိန့်ကြားသည်။ အိန္ဒိယနိုင်ငံသမ္မတ, ၀န်ကြီးချုပ်, ယဉ်ကျေးမှုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ကြမည်ဖြစ်သော်လည်း တိဗက်သံဃာတော်တို့ ခေါင်းဆောင်စီမံသော အစည်းအ၀းကြီး၌ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား တက်ရောက်သည်ကို တရုတ်နိုင်ငံအစိုးရက ကန့်ကွက်သည်ဖြစ်ခြင်းကြောင့် အိန္ဒိယ အစိုးရ၏ အဖွဲ့အစည်းများမှ မည်သူမျှ တက်ရောက်လာခြင်းမရှိတော့ပေ။ နံနက်ခင်းဖွင့်ပွဲ၌ တိဗက်၊ ကိုရီးယား၊ ဂျပန်၊ သီရိလင်္ကာ၊ လာအို ၊ ကမ္ဘောဒီးယား၊ မြန်မာကိုယ်စားလှယ်တို့ အသီးသီးစကားပြောကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ရွှေကျင်နိကာယ သံဃရာဇာ သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး မြန်မာလိုပြောကြားသည့် မိန့်ခွန်းကို သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဘူတန်၊ မွန်ဂိုလီးယား ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ပန်ဂျပ်၊ အာဖရိကနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်များကလည်း အသီးသီးမိန့်ခွန်းပြောကြသည်။ လားမားကြီး "lov zan" က ကျေးဇူးတင်စကားပြော၍ ဖွင့်ပွဲအစီအစဉ်ပြီးဆုံးသည်။ ညနေ (၆)နာရီ၌ စကာပြောမည့်ပုဂ္ဂိုလ်များနှင့် အလုပ်အမှုဆောင်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းကြသည်။ ညပိုင်းတွင် ယဉ်ကျေးမှုအကများဖြင့် ဧည့်ခံ၍ ညစာစားပွဲကျင်းပသည်။ လူပုဂ္ဂိုလ်များနှင့် မဟာယာနသံဃာတော်တို့ ညစာစားသုံးကြသည်။ (၂၈)နေ့၌ အစည်းဝေးကို ဆက်လက်ကျင်းပရာ "lalit Hotel" ၌ အခန်းလေးခန်းခွဲ၍ ကျင်းပသည်။ အခန်းတစ်ခုမှာ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖြန့််ချိခြင်းနှင့် ဖွဲ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းများ အကြောင်းကို ဆွေးနွေးကြသည်။ ဤအခန်း၌ စကားပြောသူ (၇)ယောက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် သီတဂူဆရာတော်က စာတမ်းတစ်ခု မှတ်တမ်းတင် ပြောကြားခဲ့သည်။ (ထိုစားတမ်း၏မြန်မာပြန်ကို သီးခြားဖေါ်ပြမည်)။ အခန်းကဏ္ဍ(၂)၌ ဗုဒ္ဓတရားတော်နှင့် စိတ်ဓာတ်ကြံ့ခိုင် ကျန်းမာရေးအကြောင်း ဆွေးနွေးကြသည်။ တတိယအခန်းကဏ္ဍ၌ ကိုယ်ကျင့်တရားနှင့် ဘ၀တန်ဘိုးအကြောင်း ဆွေးနွေးကြသည်။ စတုတ္ထအခန်းကဏ္ဍ၌ ပြောင်းလဲနေသော ကမ္ဘာ၌ ဗုဒ္ဓဘာသာ၏အနေအထား အသက်မွေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအကြောင်းတို့ကို ဆွေးနွေးကြသည်။ အထူးကဏ္ဍတစ်ရပ်အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ပတ်ဝန်းကျင်နှင့် သဘာဝကမ္ဘာအကြာင်းကို "Park Hotel" တွင် ကျင်းပသည်။ (၂၉)ရက်နေ့ နံက်၌ "Lalit Hotel" ၌ပင် အသိပညာများစုစောင်းခြင်း၊ "Collective wisdom, Engaged Buddhism, လူမှုရေး ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးကြသည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် အကြမ်းဖက်းခြင်း၊ ဆူပူသောင်းကြမ်းခြင်းတို့ကို ဗုဒ္ဓ၀ါဒရှုဒေါင့်မှ တုန့်ပြန်ခြင်းနှင့် ဗုဒ္ဓသာသနာ၌ အမျိုးသမီးတို့၏ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးကြသည်။ ညနေပိုင်း (၆)နာရီခွဲ၌ အထူးအစည်းအဝေးအဖြစ် မိမိဆိုင်ရာ ညီညွတ်သော ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၏ အကြောင်းကို ဆွေးနွေးကြသည်။ "Park Hotel" ၌ သိပ္ပံပညာ၊ နည်းပညာတို့၌ ဗုဒ္ဓဘာသာဝင်တို့၏ အမြင်ဟူသော အကြောင်းအရာကို ဆွေးနွေးကြသည်။ (၃၀)ရက်နေ့ နံနက်ခင်း၌ လားအိုသံဃာ့ရာဇာ မြန်မာရွှေကျင်နိကာယ သံဃာ့ရာဇာ ၊ တိဗက်သံဃာ့ရာဇာ (ဒလိုင်းလားမား)တို့ ခေါင်းဆောင်သော ဂိုဏ်းပေါင်းစုံ အရောင်စုံ အသွင် အပြင်မျိုးစုံသော သံဃာတော်အားလုံးတို့နှင့် ခရစ်ယန်၊ အစ်စ်လာမ်၊ ဟိန္ဒူ၊ အခြားဘာသာဝင်များ စုပေါင်း၍ မဟတ္တမဂန္ဓီဗိမာန်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပကြသည်။ ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံတို့ စုဆောင်း၍ မြန်မာ၊ လားအို၊ တိဗက် သံဃာ့ရာဇာသုံးပါးတို့က ဗောဓိပင်သုံးပင်ကို နေုရုအထိမ်းအမှတ် ဥယျာဉ်၌ စိုက်ပျိုးကြသည်။ လားအိုက မဟာဗောဓိ၊ တိဗက်(ဒလိုင်းလားမား)က သီဟိုဠ်ဗောဓိ၊ မြန်မာက အာနန္ဒာဗောဓိကို စိုက်ပျိုးခဲ့ကြသည်။ (၃၀)ရက်နေ့ ညနေပိုင်း၌ "International Buddhist Confederation" ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများကို အပြီးသတ်သုံးသတ် ဆုံးဖြတ်ကြသည်။ ညပိုင်း၌ အသောကမစ်ရှင် ကျောင်းတိုက်အတွင်း ဂျပန်ဘုန်းတော်ကြီးများစီမံထုတ်လုပ်သည့် သဒ္ဓမ္မပုဏ္ဍရိကကျမ်းလာသော ဘုရားလောင်းဆယ်ပါးတို့အကြောင်း ဇာတ်လမ်းခင်း၍ စတိတ်ရှိုးပြသည်။ အမေရိကမှလာသည့် ဂျပန်နွယ်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုက ဓမ္မတေးသီချင်းတို့ကို "Rock and Roll" ဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေသွားသည်။ ရောင်စုံမီးတို့ဖြင့် ရှုမငြီးဖွယ်ထိုးထားသော ဗောဓိသတ္တဇာတ်လမ်းများကိုကြည်၍ "Rock and Roll" ဓမ္မတေးများကို နားထောင်လျက် လူပုဂ္ဂိုလ်များနှင့် မဟာယာနဘုန်းတော်ကြီးတို့ ညစာစားပွဲမှာ အထူးမြိန်ရှက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မြင်မိသည်။ သီတဂူသာသနာပြု ကပ္ပိယကာရကအဖွဲ့ဝင်တို့ ကုလားလို ဒိုစာခေါ်သည့် တိုရှည်မုန့်များကို စားကြသည်။ တိုးစားသည့်လူတန်းကြီးမှာလည်း အတော်ရှည်ပါသည်။ နယူးဒေလီ၏ ဆောင်းဦးသည်လည်း အတော်ချမ်းအေးပါသည်။ မြူတွေဆိုင်းလာသဖြင့် စလိုက်မီးရောင်တို့ မုန်မှိုင်းလာသည့်အခါ ဗောဓိသတ္တများလည်း အိပ်တန်းဝင်သွားကြသည့်အလား စင်မြင့်ပေါ်က ပျောက်သွားကြသည်။ "Rock and Roll" ဓမ္မအသံက နယူးဒေလီ၏ ကြိတ်ကြိတ်တိုးမောင်းနှင်နေသော မော်တော်ကားအသံတို့ကို လွှမ်းမိုးသွားသည်။ ရရာကားတောင်း၍ အသောကမစ်ရှင် ဗောဓိသတ္တစတိတ်ရှိုးမှ ပြန်ခဲ့ရာ ည(၁၀)နာရီခွဲမှာ "Lalit Hotel" သို့ ပြန်ရောက်သည်။ ရေနွေးပူပူချိုး၍ အိပ်ယာဝင်ခဲ့သည်။ အိပ်ယာထဲရောက်တော့ မြင်ရောင်နေသည်မှာ အင်္ကျီမပါတဲ့ ဘုရားလောင်း ဆယ်ရောက်တို့တော့ထွက်ခန်း ဘယ်လောက်များချမ်းလိုက်မလဲဟုတွေးမိသည်။ ကြားရောင်နေမိသည်မှာလည်း ဘုရားလောင်းစတိတ်ရှိုးက "Rock and Roll" ဓမ္မတေးသံဖြစ်သည်။ "Hold Samsara, Hold Samsara, Hold Samsara" အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့ ဖြစ်သည်။ နိုဝင်ဘာ(၃၀)ရက်နံနက်ခင်း အခန်းအနားသိမ်းပွဲ၌ တိဗက်ပရိတ်ဖြင့် အခန်းအနားဖွင့်သည်။ Organization ကော်မတီက စတင်စကားပြောသည်။ ဗီယက်နမ်ဘုန်းတော်ကြီး သစ်ကွမ်ဘက (IBC) ဖွဲ့စည်းခြင်းနှင့် အခြေခံသဘောတရားဖွဲ့စည်းပုံ ရည်ရွယ်ချက်တို့ကို ကြေညာသည်။ ကိုရီယား၊ ဂျပန်၊ တိဗက်၊ သီဟိုဠ်၊ ဂျာမဏီ၊ အင်္ဂလန်ကိုယ်စားလှယ်များ မိန့်ခွန်းပြောသည်။ အထူးသဖြင့် ဂျာမန်ကိုယ်စားလှယ်က ဘိက္ခုနီသာသနာပြန်လည်ဖေါ်ထုတ်ဖို့ ဦးစားပေးပြောသွားသည်။ သူပြုစုထားသည့် ဘိက္ခုနီသာသာနအကြောင်း စာအုပ်ငယ်လေး၌ နိဒါန်းရေးပေးရန် ဒလိုင်းလားမားအား တောင်းပန်သွားသည်။ စာအုပ်လက်ဆောင်များ အပြန်အလှန် ပေးကြသည်။ အထူးကိုယ်စာလှယ်များကို တိဗက်ရဟန်းမင်းကြီးက ကိုယ်တိုင်လက်ဆောင်ပေးသည်။ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမားက နိဂုံးချုပ် အနှစ်ချုပ်စကား ပြောကြားသည်။ သူ၏အနှစ်ချုပ်စကားကို ထပ်မံ၍အနှစ်ချုပ်ရလျှင် ဗုဒ္ဓဘာသာတရားတော်သည် ရှေးခေတ်က အာရှတိုက်၏ကိုးကွယ်ရာတရား "Asian Religion" ဖြစ်ခဲ့သည်။ သို့သော် ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့ဘာသာတရား "World Religion" ဖြစ်နေပြီ၊ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုးပွားအောင်လုပ်ဖို့ ပြန့်ပွားအောင်လုပ်ဖို့ တိုက်တွန်းလေသည်။ ထို့အပြင် ဗုဒ္ဓတရားတော်များ၏ မူရင်းအခြေခံမှာ ပါဠိဘာသာဖြစ်သည်ဟု မိန့်ကြားသည်။ ပါဠိဗုဒ္ဓ၀င်ကို ဖေါင်ဒေးရှင်းချ၍ သက္ကတဗုဒ္ဓ၀င်ကို အပေါ်က အိမ်သဖွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ တန္တရစ်ဗုဒ္ဓ၀င်ကား အိမ်၏ အချွန်အတက်များသာဖြစ်သည်ဟု မိန့်ကြားတော်မူသွားသည်။ ဗုဒ္ဓဘာသာဂိုဏ်းတွေအားလုံး အပေါ်ယံအကာပိုင်းမှာ မတူညီနိုင်ကြသော်လည်း အတွင်းအနှစ်သာရပိုင်းမှာ တူညီနိုင်ပါသည်။ ဘာသာတရားတို့၏အနှစ်သာရသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်။ သီလကောင်းမှ သမာဓိရမည်၊ သမာဓိရှိသော ပုဂ္ဂိုလ်မှ ပညာဖြင့် သစ္စာကိုထိုးထွင်းသိမြင်နိုင်မည်။ ပညာဝင်မှ ကိလေသာထွက်သည် ကိလေသာချုပ်ခြင်းကို နိရောဓဟုခေါ်သည်။ အဲဒါကြောင့် မဟာယာနတွေ ဟိနယာနတွေ ဘိက္ခုတွေ ဘိက္ခုနီတွေ ဒီနာမည်တွေက အပိုတွေပဲ "Inner core" အတွင်းပိုင်းအနှစ်သာရက သီလ၊ သမာဓိ၊ ပညာပါပဲ၊ "Inner core" ရှိမှုညညနမ စနခေန ကိုရတယ်။ အဲဒါကြောင့် ဘာအစ်ဇင်း ဘယ်ယာနကိုကျင့်ကျင့် အသွင်အပြင်တွေ အမည်နာမတွေ အရေးမကြီးပါဘူး အတွင်းပိုင်းအနှစ်သာရကို ကျင့်၍ အတွင်းပိုင်းငြိမ်းချမ်းရေးရအောင် လုပ်ကြပါဟု မိန့်ကြား၍ နိဂုံးချုပ်ပါသည်။ ဒလိုင်းလားမားကိုကြည့်ရတာ ဂါရ၀ နိဝါတရှိသည့် ရိုးသားသော ရဟန်းသူတော်စင်တစ်ပါးဖြစ်သည်ဟု ယူဆသည်။ လားအို၊ မြန်မာသံဃာ့ရာဇာနှစ်ပါးကို ဖူးမျှော်ချင်သည်ဟု သတင်းလာပို့သည့်အခါ ဖူးချင်လျှင် ကြွာလာခဲ့ပါ လက်ခံတွေ့ဆုံပါမည်ဟု ပြန်လည်သတင်းပို့လိုက်တော့ (၂၉)ရက်နေ့ နေ့လည်ခင်း (၃)နာရီမှာ မြန်မာကိုယ်စားလှယ်တော်အဖွဲ့တည်းခိုရာ "Lalit Hotel" သို့ ရောက်ရှိလာပါသည်။ ဟိုတယ်အတွေတွေ မန်နေဂျာက ဟိုတယ်(၁၄)ထပ် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး တည်းခိုနေသော အခန်းဘေးက ဧည့်ခန်းကိုပြင်ဆင်ပေးပါသည်။ လုံခြုံရေးအစောင့်များနှင့် ညနေ(၃)နာရီတွင် ရောက်ရှိလာပါသည်။ လားအိုသာသနာပိုင်ဆရာတော်ကြီးကို လက်ဆွဲနှုတ်ဆက် လက်အုပ်ချီ ဒူးကိုအကြိမ်ကြိမ်ဦးတိုက်၍ ရှိခိုးနှုတ်ဆက်သည်။ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးကိုလည်း လက်အုပ်ချီ၍ နဖူးခိုက် ဦးတိုက်လျက် အကြိမ်ကြိမ်ရှိခိုးလေသည်။ ပြီးတော့ စကားပြောကြသည်။ သီတဂူဆရာတော်ကို စတင်၍ မေးသည်မှာ အခုအသက် ဘယ်လောက်ရှိပြီလဲ၊ အသက်ဘယ်လောက်တုန်းက ရဟန်းဝတ်သလဲ?၊ မေးပြီးတော့ သူအသက်(၂၀)က ရဟန်းဝတ်တာ အခု (၈၅)နှစ်ရှိပြီ၊ (၆၅)၀ါရပြီဟုဆိုပါသည်။ ၀ါဆိုဆရာတော်ကြီး၏ သက်တော်ကို မေးသည် (၉၆)နှစ်ရှိပြီဟု ပြောသည့်အခါ ဦးတိုက်၍တိုက်၍ နဖူးခိုက်လျက် အကြိမ်ကြိမ်ရှိခိုးပြန်ပါသည်။ ၀ိနည်းအကြောင်းပြောကြသည် ထေရ၀ါဒမှာ (၂၂၇)သွယ်ရှိသည် တိဗက်မှာ (၂၅၃)ရှိသည်ဟု ပြောပါသည်။ များများနည်းနည်းဘုရားပေးတဲ့ စည်းကမ်းတွေပဲ အကုန်လိုက်နာလျှင် ကောင်းသည်ဟုဆိုပါသည်။ သုတ္တန်တွေကတော့ အများကြီးပဲ ဒါပေမဲ့ ကျင့်ရမှာကတော့ မဂ္ဂင်ရှစ်ပါးပါ အဘိဓမ္မာဆိုတာ သစ္စာတရားပဲဟု ဆွေးနွေးကြသည်။ သစ္စာသိရင် နိရောဓပဲပေါ့ဟုဆိုသည်။ ဗုဒ္ဓသာသနာမှာ မူရင်အကျဆုံးဆိုတာကို သဘောတူလက်ခံသည်။ သီလ၊ သမာဓိ၊ ပညာသည် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အနှစ်သာရဆိုသည်ကိုလည်း သဘောတူလက်ခံသည်။ သစ္စာတရားသည် ငြိမ်းချမ်းရေးတရားပင်ဖြစ်သည်၊ အားပါးတရ ပွင့်ပွင့်လင်းလင်း ပြောကြသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနှင့် တိဗက်သာသနာပိုင် ပုဂ္ဂိုလ်တို၏ ဆွေးနွေးခန်းကို သီတဂူဆရာတော်ကြီးနှင့် ဒေါက်တာမျိုးမြင့်တို့က ဘာသာပြန်ပေးကြသည်။ ကာလေန ဓမ္မသာကစ္ဆာ အမှန်ပင်ဖြစ်သည်။ ဓမ္မသာကစ္ဆာနိဂုံး၌ ၀ါဆိုဆရာတော်ကြီးက စိတ်ဓာတ်ကြံကြံခိုင်ခိုင်ထား လောကဓမ်ရှစ်ပါး မုန်တိုင်းတိုက်ခိုက်ရာ၌ မတုန်လှုပ်စေနဲ့ဟု မိန့်ကြားတောေ်မူသည်။ တိဗက်သံဃာ၊ မြန်မာသံဃာ မေတ္တာကြိုး ခိုင်ခိုင်ချည်ထားရမည်ဟု မိန့်ကြားတော်မူသည်။ နဖူးတိုက် ဦးခိုက်၍ပြန်ခါနီးတွင် မြန်မာတို့ ၀ိနည်းစည်းကမ်းကောင်းကြောင်း ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန်လေးစားချစ်ခင်ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည် ကမ္ဘာမှာ အလွန်ကျော်ကြားသည့်ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက်ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ မိန့်ကြားချက်ကို ဘာသာပြန်၍ပြောလိုက်သည်။ ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျှော်သည့်အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှဲ့ပါ။ ဟေ့ ဟေ့ ဖိတ်ဖို့ မမေ့နဲ့ပါဟု ပြုံးပြုံးပျော်ပျော်ပြော၍ ဟိုတယ်မှ ပြန်လည်ထွက်ခွါသွားပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"။
"သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ ထွန်းတောက်ပါစေ"။

(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ---ရှင်သုခ (မင်းလှ)
ွှ့The Hotel Lalit New Delhi, R. No.1209
၀၁-၁၂-၁၁/ ၂၃း၄၀နာရီမှာ လက်ရေးမူပြီးသည်။

0 comments:

Post a Comment