အိန္ဒိယ နီပေါလ် ခရီးစဉ်မှတ်တမ်း




အိန္ဒိယ နီပေါလ် ခရီးစဉ်မှတ်တမ်းကို ရေးသားသူသည် သီတဂူဆရာတော်၏ တပည့်များထဲမှ တစ်ပါးဖြစ်ပါသည်။ စာရေးသူသည် သီတဂူဆရာတော်၏ တပည့်တစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ၁၃၅၉-ခု သီတင်းကျွတ်လ(၁၉၉၈)ကတည်းက ဖြစ်ပါသည်။ စာရေးသူသည် သီတဂူဆရာတော်နှင့် အိန္ဒိယ နီပေါလ်ခရီးစဉ်ကို ၂၀၀၀ခုနှစ်က ပထမဦးဆုံးတစ်ကြိမ်၊ ၂၀၀၈-ခုနှစ်က ဒုတိယတစ်ကြိမ်၊ ခု ၂၀၁၀ခုနှစ် တတိယအကြိမ်အဖြစ် လိုက်ပါခဲ့ရပါသည်။ စာရေးသူသည် ဗာရာဏသီမှ စတင်လိုက်ပါခဲ့ပါသည်။ သီတဂူဆရာတော်နှင့်ဘုရားဖူးအဖွဲ့သည် ဧပြီလ(၁)ရက်နေ့မှ စတင်ခရီးထွက်ခဲ့ရာ စာရေးသူနေသော ဗာရာဏသီမြို့သို့ (၁၅-၀၄-၁၀)နေ့မှ ရောက်ပါသည်။ ဆရာတော်သည် ဗာရာဏသီဗုဒ္ဓပြတိုက်၌ ဓမ္မစကြာဆင်းတုတော်ကို တပည့်ဒကာမများနှင့်အတူ ဓမ္မစကြာတရာတော်ဖြင့် ပူဇော်ကန်တော့ပါသည်။ ထို့နောက် မြတ်စွာဘုရား ဓမ္မစကြာတရာကို ဒီဗာရာဏသီမှာ ဟောတော်မူရပုံအကြောင်းကို အသေးစိပ် ဟောပြတော်မူပါသည်။ ၁၈-၀၄-၁၀နေတွင် ဗုဒ္ဓဂယာသို့ ခရီးဆက်ခဲ့ကြပါသည်။ ဗုဒ္ဓဂယာတွင် နှစ်ညဥ့်တည်းခိုပြီး အနီးတစ၀ိုက်မှာရှိသော ဒုက္ကရစရိယတောင်။ သုဇာတရွာရှိ စေတီတော်၊ ရသေ့ညီနောင် ရှင်တစ်ထောင်ချွတ်သည့်နေရာ၊ မင်းတုန်းမင်း၏ကုသိုလ်တော် ကျောက်စာတိုင်စေတီနှင့် ဂျပန်ဘုရားတို့ကိုဖူးမျှော်ကြည်ညိုစေခဲ့ပါသည်။ အထူးအားဖြင့် မဟာဗောဓိပင်အောင်တွင် အနေကဇာတင်ခြင်း၊ ရာဇာဃရဌာနတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းအပြင် မြတ်စွာဘုရားအလောင်း သုဇာတာ၏ ဃနာနို့ဆွမ်းကိုခံယူတော်မူပြီး လမ်းခရီးတွင် သောတ္ထိယ၏ မြက်ရှစ်ဆုတ်ကို အလှူခံကာ ဗောဓိပင်အောင်ခင်းပြီး တရားကျင့်ကြံပုံ အဆင့်ဆင့်ကို နေမ၀င်မီ ဒေ၀ပုတ္တမာန်ကို အောင်မြင်တော်မူသည်အစ ဘုရားဖြစ်သည့်တိုင်အောင် အစဉ်အတိုင်း ဟောပြတော်မူခဲ့ပါသည်။
၂၀-၀၄-၁၀ နေ့ နေ့လည်ပိုင်းတွင် တောင်ငါးလုံးကာခိုသည့် ရာဇဂြိုဟ်မြို့သို့ ခရီးဆက်ခဲ့ကြပါသည်။ ၄င်းမြို့၌ ဗိမ္ဗိသာရမင်းကြီး၏ အကျဉ်းထောင်၊ ဆရာဇီဝက၏ သရက်တောကျောင်ဟောင်း၊ ဝေဠုဝန်ကျောင်းနေရာ၊ မြတ်စွာဘုရား၏ ဓာတ်တော်များဌာပနာထားသည့် ဓာတုစေတီတော်ကြည့်ညိုပူဇော်ကြလျက် ဆရာတော်သည် ဝေဠုဝန်ကျောင်းအတွင်း၌ မိနစ်(၃၀)ခန့်မျှ တရာဟောတော်မူပါသည်။ ထိုနေ့ ရာဇဂြိုဟ်၌ပင် တည်းခိုကြပါသည်။ ၂၁-၀၄-၁၀ နေ့လည်ပိုင်းတွင် ရှေးကအမည် ပါဋလိပုတ္တ၊ ယနေ့အမည် ပတ္တနားမြို့သို့ ခရီးဆက်ခဲ့ကြပါသည်။ ၄င်းမြို့၌ တတိယ သင်္ဂါယနာတင်ရာ အသောကကျောင်တော်ဟောင်း၊ ဆရာဇီဝက၏ ဂိလာနသာလာ(ဆေးရုံ)တို့ကို လေ့လာပြီးနောက်၊ ၄င်းနေ့ ညနေတွင် စာရေးသူနှင့် ဘုရားဖူးအဖွဲ့များသည် မီးရထားဖြင့် နယူးဒေလီသို့ ခရီးဆက်ခဲ့ပြီး၊ ၂၂-၀၄-၁၀နေ့နံက်တွင် ဆရာတော်နှင့် ဦးသုန္ဒရ၊ ဦးကျော်ရှိန်+ဒေါ်အေး၊ ကျောင်းအမ ဒေါ်ညွန့်ညွန့်အေးတို့က လေယာဉ်ဖြင့် နယူးဒေလီးသို့ ခရီးနှင့်ခဲ့ကြပါသည်။
နယူးဒေလီမှာ မြတ်စွာဘုရား သတိပဋ္ဌာနသုတ်ဟောတော်မူခဲ့သော ကမ္မာသဓမ္မကျောက်စာကို လေ့လာပြီး၊ အိန္ဒိယဂိတ်၊ ကြာပန်းသဏ္ဍာန်ဆောက်လုပ်ထားသော ဘာသာပေါင်းစုံတရားဟောခန်းမ၊ မြေအောက်ရထားစီးခြင်း၊ ဟိန္ဒူကျောင်းစသည်တို့ကိုလည်း လေ့လာခဲ့ကြပါသည်။

ရှင်သုခ(မင်းလှ)
ဆက်ရန်

0 comments:

Post a Comment