ဗုဒ္ဓဖွားမြင်နှစ် အယူအဆ ကွဲပြားပုံများ

ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့ နှစ်ကစပြီး သာသနာနှစ် ၁-လို့ စတင်ရေတွက်ပါတယ်။ ယနေ့ (မြန်မာက္ကရာဇ် ၁၃၇၁- ခုနှစ်) ဆိုရင် သာသနာနှစ် ၂၅၅၃-ပါ။ ရောက်ဆဲ ခရစ်နှစ် ၂၀၀၉-ကို သာသနာ ၂၅၅၃-မှ နုတ်ရင် ဘီစီ ၅၄၄ ဒါ ဗုဒ္ဓပရိနိဗ္ဗန်စံတဲ့နှစ်။ ပရိနိဗ္ဗာန်စံတဲ့နှစ်ကို တည်ပြီး သက်တော် ၈၀-ကို ထပ်ပေါင်းရင် ဗုဒ္ဓဖွားမြင်တာ (၅၄၃+၈၀) ဘီစီ ၆၂၃။ -------ရောက်ဆဲသာသနာတော်နှစ်ကို သိလိုလျှင်--------- ယခုရောက်ဆဲ ခရစ်နှစ်ထဲကို -၅၄၄-ပေါင်းထည့် လိုပ်က်ပါ၊ ဒါဆို သင်သိလိုတဲ့ ရောက်သာသနာနှစ် သိပြိပေါ့။ ဥပမာ=၂၀၀၉+၅၄၄=၂၅၅၃။ ----------------------------------------------------- သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအိုစတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေ လက်ခံတဲ့ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူတဲ့နှစ် ဖြစ်ပါတယ်။ ဒါဟာ သီရိလင်္ကာနိုင်ငံနဲ့ ဗုဒ္ဓသာသနာသမိုင်းစဉ်ကိုဖော်ပြတဲ့ မဟာဝံသကျမ်း၊ အဋ္ဌထကာကျမ်းတွေနှင့် အညီဖြစ်ပါတယ်။ မဟာဝံကျမ်းကို သီဟိုဠ် မဟာဝိဟာရကျောင်းတိုက်က ပညာရှင်တွေ သီဟိုဠ်ဘာသာနဲ့ ရေးသားခဲ့ပြီး အေဒီ ၅၂၀ ခန့်မှာ ပါဠိဘာသာ ပြန်ဆိုခဲ့ပါတယ်။ ယနေ့ ထေရ၀ါဒနိုင်ငံတွေမှာ လက်ခံနေကြတဲ့ ဗုဒ္ဓဘာသာ ပါဠိစာပေ အားလုံးနီးပါးကို မဟာဝိဟာရကျောင်းတိုက်ထွက် ပညာရှင်တွေ ရေးခဲ့တာပါ။ ဒါကြောင့် (ဘီစီ ၆၂၃) ဗုဒ္ဓမွေးနေ့ အဆိုဟာ မဟာဝိဟာရကျောင်းတိုက်က မထေရ်စဉ်ဆက် မှတ်ယူလာတဲ့ အယူအဆ၊ ထေရ၀ါဒမှတမ်းများရဲ့ အယူအဆ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထေရ၀ါဒ နိုင်ငံတွေမှာ လွန်ခဲ့ နှစ်(၅၃)လောက်က ဗုဒ္ဓသာသနာ (၂၅၀၀) ပြည့်ပွဲတွေ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းနှင့် ရှိခြင်း မဟာဝံသနှင့် အဋ္ဌကထာကျမ်းများ အဆို၊ မဇ္ဈိမဒေသမင်းဆက်၊ ကမ္ဘာ့သမိုင်းမှတ်တမ်းများ၊ သံဂါယနာမှတ်တမ်းများ၊ ဆရာစဉ်ဖော်ပြချက်၊ အသောကကျောက်စာ၊ မြောက်ပိုင်းဗုဒ္ဓ ဘာသာမှတ်တမ်းများ၊ အိန္ဒိယတောင်ပိုင်းမှ ရှေးဟောင်းကျောက်စာအချို့၊ အဲဒါတွေ အားလုံးကို ညှိနှိုင်းတိုက်ဆိုင်ပြီးနောက် ဘီစီ ၆၂၃- ဗုဒ္ဓဖွားနှစ်အဆိုနဲ့ ပတ်သက်ပြီး စဉ်းစားစရာ တွေ့လာရတယ်။ ပညာရှင်တွေက ဗုဒ္ဓဖွားနှစ်ကို (ဘီစီ ၅၆၃) လို့ ယူဆလိုကြတယ်။ ဒါလည်း မဟာဝံသကျမ်း(အခန်း ၅၊ ဂါထာအမှတ် ၂၁) မှာ ဖြော်ပတဲ့ အိန္ဒိယဧကရာဇ် အသောကမင်းဟာ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈-နှစ် အကြာမှာ နန်းတက်တယ်ဆိုတဲ့ အချက်ကိုပဲ အခြေခံတာပါ။ မဟာဝံသနဲ့ ၀ိနယအဋ္ဌကထာကျမ်းများအလိုအရ အဇာတသတ္တု (ဗုဒ္ဓမလွန်မှီ ၈-နှစ် လွန်ပြီးနောက်) ၂၄၊ ဥဒယဘဒ္ဒ ၁၆၊ အနုရုဒ္ဓ နှင့် မုဏ္ဍ ၈၊ နာဂဒါသက ၂၄၊ သုသုနာဂ ၁၈၊ ကာဠာသောက ၂၈၊ ၄င်းမင်း၏သား ဆယ်ယောက် ၂၂၊ နန္ဒမင်းသား ကိုးယောက် ၂၂၊ စန္ဒဂုတ္တ ၂၄၊ ဗိန္ဒုသာရ ၂၈၊ အသောက (အဘိသိက်မခံမှီ ၄ +) နန်းစံ ၁၈-နှစ်မြောက် (ဗုဒ္ဓလွန်ပြီးနောက် နှစ်ပေါင်း ၂၃၆-နှစ်အကြာ)မှာ အသောကရဲ့သားတော် အရှင်မဟိန္ဒ သီဟိုဠ်ကို ရောက်ပါတယ်။ စန္ဒဂုတ္တဟာ အသောကရဲ့ ဘိုးတော်ပါ။ အသောကဟာ နန်းရပြီး ၄-နှစ်ကြာမှ အဘိသိက်ခံတာဖြစ်လို့ ဘိုးတော် စန္ဒဂုတ္တမင်းနဲ့ အသောကတို့အကြား ဖော်ပြပြီး နန်းစံနှစ်တွေအရ ၅၆-နှစ် ကွာတယ်။ ဒါကြောင့် စန္ဒဂုတ္တဟာ ဗုဒ္ဓနောက် (၂၁၈–၅၆) ၁၆၂-နှစ် အကြာမှာ နန်းစိုက်တယ်။ အိန္ဒိယသမိုင်းအရ စန္ဒဂုတ္တနန်းတက်နှစ်ဟာ ဘီစီ ၃၂၁။ ဒီတော့ ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်ဟာ ဘီစီ (၃၂၁+၁၆၂) ၄၈၃။ သက်တော် ၈၀ ပေါင်းရင် မြတ်ဗုဒ္ဓ မွေးဖွားနှစ်ဟာ (၄၈၃+၈၀) ဘီစီ ၅၆၃။ ကမ္ဘာ့သမိုင်းအရ ဂရိဘုရင် အလက်စန္ဒာသဂရိတ်ဟာ ဘီစီ ၃၂၅-မှာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အထိ အောင်နိုင်ပြီး အိန္ဒိယမှအပြန် ဘီစီ ၃၂၃-မှာ ကွယ်လွန်တယ်။ အိန္ဒိယဘုရင် စန္ဒဂုတ္တမောရိယမင်းက အလက်စန္ဒာရဲ့ လူတွေကို နှိမ်နင်းခဲ့တယ်။ အဲဒီအချိန်က အသောကမင်း မမွေးဖွားသေးဘူးလို့ အိန္ဒိယသမိုင်းနဲ့ ကမ္ဘာ့သမိုင်းတွေမှာ ဆိုတယ်။ ဒါကြောင့် ဗုဒ္ဓဖွားနှစ်ကို ဘီစီ ၆၂၃-ယူရင် စန္ဒဂုတ္တနဲ့ အလက်စန္ဒာတို့ကို ခေတ်ပြိုင်ဆိုတဲ့ အဲဒီသမိုင်းတွေနဲ့ ဆန့်ကျင်ပါလိမ့်မယ်။ မင်းဆက်နှစ်-ပိုလာခြင်း ၁၉၀၇-ခုနှစ်က မဟာဝံသပါဠိကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ ပါမောက္ခ ၀ီလျံဂိုင်ဂါ (Wilhelm Geiger) ဟာ မဟာဝံသနဲ့ စူဠ၀ံသကျမ်းတွေမှာဖော်ပြတဲ့ သီဟိုဠ်မင်းဆက်ကို အသေးစိတ် လေ့လာတဲ့အခါ အေဒီ ၁၀၀၀-ခန့်က အိန္ဒိယတောင်ပိုင်း စောဠတိုင်းသားတို့ သီဟိုဠ်ကို ကျူးကျော်တဲ့အချိန်ကို ဖော်ပြတဲ့ သက္ကရာဇ်တွေမှာ ၆၂-နှစ်လောက် ကွာဟနေတာကို တွေ့ရှိခဲ့တယ်။ တွေ့ရှိပုံက ဒီလိုပါ။ စူဠ၀ံသကျမ်း အခန်း ၅၃-မှာ တတိယဥဒယမင်း (ဗုဒ္ဓနှစ် ၁၄၉၇-နန်းတက်) ပရက္ကမပဏ္ဍုမင်း (ဗုဒ္ဓနှစ် ၁၅၉၀-နန်းတက်)တို့ အကြားကာလကို ၉၃- နှစ်နှင့် ၈-ရက်လို့ ဆိုတယ်။ အိန္ဒိယတောင်ပိုင်း နယ်က စောဠဘုရင် ရာဇိန္ဒြရာဇစောဠဒေ၀မင်း ရေးထိုးခဲ့တဲ့ ကျောက်စာမှာ စူဠ၀ံသကျမ်း ဆိုတဲ့အတိုင်း တတိယဥဒယမင်း နန်းတက်ပြီးစမှာ စောဠတိုင်းသားတို့ သီဟိုဠ်ကို စစ်ချီကြောင်း ဖော်ပြလို့ ဒီမင်းနှစ်ပါး ခေတ်ပြိုင်နေတာကို တွေ့ရတယ်။ စောဠဒေ၀ရဲ့ နန်းတက်နှစ်ကို အေဒီ ၁၀၁၁-လို့ အိန္ဒိယသမိုင်း ဆရာတို့ ဆိုတယ်။ စောဠတို့ သီဟိုဠ်ကို စစ်ချီတာ စောဠဒေ၀မင်း နန်းစံ ၄-နှစ်မြောက် (အေဒီ ၁၀၁၅)။ ဒါဟာ စူဠ၀ံသကျမ်းလာ တတိယဥဒယ နန်းတက်နှစ် (ဗုဒ္ဓနှစ် ၁၄၉ရ) ဖြစ်နေတယ်။ ဒီတော့ ဗုဒ္ဓနှစ် ၁၄၉၇-ဟာ အေဒီ ၁၀၁၅ (ဒီအလို ပုံမှန် သမိုင်းဆရာတို့ ပြသလို တတိယဥဒယ နန်းတက်နှစ်ကို အေဒီ ၉၄၆-လို့ မဆိုနိုင်တော့ဘူး)။ ဒါဆို ဗုဒ္ဓပရိနိဗ္ဗာန်စံ နှစ် (၁၄၉၇-၁၀၁၅) ဘီစီ ၄၈၃၊ မွေးဖွားနှစ် ဘီစီ ၅၆၃-လို့ အဓိပ္ပာယ် သက်ရောက်သွားတာပဲ။ တတိယဥဒယမင်းကစပြီး ပထမပရက္ကမဗာဟုမင်းတိုင်အောင် မင်းဆက်ကို အသေးစိတ် ရေးခဲ့သူ စူဠ၀ံသကျမ်းပြုဆရာဟာ တတိယဥဒယမင်း နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၄၉၇ (စောဠမင်း ကျောက်စာနှင့်အညီ အေဒီ ၁၀၁၅)၊ ပရက္ကမပဏ္ဍု နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၅၉၀ (အေဒီ ၁၀၄၆)၊ ပထမပရက္ကမဗာဟု နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၆၉၇ (အေဒီ ၁၁၅၃) လို့ ဖော်ပြခဲ့ပေမဲ့ တတိယ ဥဒယနန်းတက်နှစ်မှာ ကျန်ဘုရင် နှစ်ပါးနန်းတက်နှစ်နဲ့ မတူတဲ့အခြေခံ (သမိုင်းမှတ်တမ်းများ)က လာတယ်ဆိုတာကို သတိမပြုခဲ့မိပုံမရဘူး။ တတိယဥဒယနှင့် ပရက္ကမဘဏ္ဍု အကြား- ၉၃-နှစ် ဆိုပေမဲ့ အမှန်တော့ (အေဒီ ၁၀၁၅-၁၀၄၆) ၃၁-နှစ်သာ ကွာပြီး ၆၂-နှစ် ပိုထွက်လာတာကို တွေ့ရပါတယ်။ ဗုဒ္ဓဖွားနှစ် ၂မျိုး ဖြစ်သွားခြင်း အဲဒီလို ၆၂-နှစ် ပိုထွက်လာတာ ဘယ်မင်းဆက်ရယ်လို့ အတိအကျ မပြနိုင်ဘူးလို့ဆိုပြီး သံသယဖြစ်နိုင်တဲ့ အချက်အချို့ကို ဂိုင်ဂါက ထောက်ပြခဲ့တယ်။ ဥပမာ အသက် ၃၇-နှစ်မှာ မင်းဖြစ်ပြီး နန်းသက် ၇၀-ကြာခဲ့တဲ့ ပဏ္ဍုကာဘယ (ဘီစီ ၄၃၇-၃၆၇) (ဒီမင်းလဲ အသက် သိပ်ရှည်လို့ စဉ်းစားစရာပဲတဲ့)ကို ဆက်ခံတဲ့ သူ့ရဲ့သားဖြစ်သူ မုဋသိဝဟာ ပဏ္ဍုကာဘယ မင်းမဖြစ်ခင် (အသက် ၃၇ နှစ်မတိုင်ခင်)က လက်ထပ်ခဲ့တဲ့ မိဖုရားသုဝဏ္ဏ၀တီက ဖွားမြင်သတဲ့။ ဒါကြောင့် မုဋသိဝ မင်းပြုတဲ့အခါ အနည်းဆုံး အသက် ၇၀။ ဒါပေမဲ့ မုဋသိဝ နန်းစံ သက်တမ်း ၆၀-နှစ်လို့ မဟာဝံသမှာ ဆိုတယ်။ ဒါဆိုရင် မုဋသိဝ အသက် ၁၃၀- ဖြစ်သွားနိုင်တာမို့ ယုတ္တိမတန်ဘူး။ သီဟိုဠ်အစဉ်အလာသမိုင်းဟာ အချို့ ဖြစ်စဉ်တွေကို အမှန်အတိုင်း ထိန်းသိမ်းထားနိုင်မှာဖြစ်ပေမဲ့ ဘုရင့်နန်းစံနှစ်တွေနဲ့ ပတ်သက်ရာမှာတော့ ၀ိဇယမင်း သီဟိုဠ်မှာ နန်းစံနှစ်ကို ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်နှင့် ထပ်တူဖြစ်အောင် ဆွဲဆန့်ထားဖွယ်ရှိတယ်လို့ ဂိုင်ဂါက ယူဆခဲ့တယ်။ အဲဒီလို ယူဆလို့ ဂိုင်ဂါဟာ မဟာဝံသအဆို ဗုဒ္ဓဖွားနှစ် ဘီစီ ၅၄၄-နှစ်ထဲက (ကမ္ဘာ့သမိုင်းတွေနဲ့အညီ) ၆၁-နှစ် လျော့ပစ်ဖို့ တင်ပြခဲ့တာကို ပညာရှင်တွေ မငြင်း၊ သို့မဟုတ် လက်ခံကြတဲ့အတွက် အနောက်တိုင်း ပညာရှင်တွေအကြား ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ် ဘီစီ ၄၈၃၊ ဗုဒ္ဓဖွားနှစ် ဘီစီ ၅၆၃-လို့ ဆိုကြတာပါ။ မဟာဝံသအလို ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့နှစ်မှာ ၀ိဇယမင်း သီဟိုဠ်ကို ရောက်တယ်ဆိုပေမဲ့ ပထမဆုံး ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ သီဟိုဠ် အနုရာဓပုရမြို့နားမှာရှိတဲ့ ဆိရမ် ဒေရနိယဂါလ (Siran Deraniyagala) ကျောက်စာအရ အဆိုပါဝိဇယမင်း သီဟိုဠ်ရောက်ချိန်ဟာ ဘီစီ ၄၈၀-ခန့် ဖြစ်တာကို တွေ့ရတယ်။ ဒါကြောင့် မဟာဝံသအလို ၀ိဇယဘုရင် သီဟိုဠ် ရောက်နှစ်နှင့် အဲဒီပြာကရိတ် ဗြဟ္မီကျောက်စာအဆို ကွဲလွဲနေတာဟာ ဂိုင်ဂါရဲ့ အယူအဆ (ဘီစီ ၅၆၃ ဗုဒ္ဓဖွား) ကို ထောက်ခံသလို ဖြစ်နေတယ်။ ---------------------------------------------------------------- ဗုဒ္ဓမွေးဖွားတဲ့နှစ်တွက်နည်းကို ဗဟုသုတအနေနဲ့ ဆက်လက်တင်ပြလိုက်တာပါ။ အယူအဆများစွာ ရှိပေမယ့် မေမေ့လပြည့်ဝန်းလေး အရင်စာတမ်းမှာ တင်ပြခဲ့သလို့ ထေရ၀ါဒမထေရ်ဆရာတော်ကြီးများလက်ခံထားတာက -ဘီစီ-၆၂၃-နှစ်ကို ဗုဒ္ဓဖွားနှစ်အဖြစ် တညီတညွတ်တည်း လက်ခံထားကြပါတယ်။ ဗုဒ္ဓပရိနိဗ္ဗာန်စံသွားတာ နှစ်ပေါင်း (၂၅၀၀)ကျော်လာပြီဆိုတော့ မူကွဲတွေ.. အယူအဆ အမျိုးမျိုးတွေကတော့ ရှိမှာပါ။ နှစ်ကြာလာရင် အယူအဆတွေ အမျိုးမျိုးကွဲသွားတာကလည်း ဓမ္မတာပဲလေ။ တကယ်ကြည့်မယ်ဆိုရင် ဗုဒ္ဓအတွက် မွေးနှစ်က ဒီလောက်အရေးကြီးတာတော့ မဟုတ်ပါဘူး။ ဗုဒ္ဓဟောကြားခဲ့တဲ့ “အမှန်တရား လေးပါးကို” သိအောင် ကျင့်ကြံခြင်းက အရေးကြီးတာပါ။ တကယ်တရားမြင်ရင် ဘုရားမြင်မယ်၊ ဘုရားအစစ်ကို မြင်ရင် တရားစစ်၊ တရားမှန်လည်း မြင်သွားမှာပါ။ အဲဒီအခါကျရင် ဘုရားရှင်ကိုလည်း တကယ်ကြည်ညို သွားမှာပါ။ ရေးသားသူ မေမေ့လပြည့်ဝန်းလေး Labels: ထေရ၀ါဒ ဗုဒ္ဓဖွားနှစ်

0 comments:

Post a Comment