အလုပ်နှင့်သာ သက်သေပြကြပါ

ဘွဲ့တံဆိပ်တွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တိုင်းပြည်နှင့် သာသနာတော်ကောင်းကျိုးအတွက် အလုပ်များများလုပ်ကြရေးကို ပြည်သူပြည်သားအပေါင်းအား စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာအရှင်ဥာဏိဿရဆရာတော်က ဆုံးမသြ၀ါဒကထာ မြွက်ကြားခဲ့ပါသည်။ "ဘွဲ့တံဆိပ်တွေ ရရ၊ မရရ" တိုင်းပြည်အသိအမှတ်ပြုအောင်၊ သာသနာတော်က အသိအမှတ်ပြုအောင်၊ ကိုယ့်ပတ်ဝန်းကျင်က အသိအမှတ်ပြုအောင်၊ တိုင်းပြည်ကိုလည်း အကျိုးရှိအောင်၊ သာသနာတော်အတွက်လည်း အကျိုးရှိအောင်၊ မိမိအတွက်လည်း အကျိုးရှိအောင် အလုပ်များများလုပ်ကြပါလို့ ဆရာတော်က အလေးအနက်တိုက်တွန်းထားပါသည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ "Doctor of Letters" ("Honoris Causa") အပ်နှင်းသည့်အခန်းအနား၌ အထက်ပါ သြ၀ါဒကထာကို မိန့်ကြားခဲ့ပါသည်။ ဆရာတော်က "ဘုရားရှင်လက်ထက်တော်က ရဟန်းတော် (၄၇)ပါးအပါအ၀င် စုစုပေါင်း (၇၉)ပါးအား မြတ်စွာဘုရားက ဧတဒဂ်ဘွဲ့ ပေးခဲ့ဘူးပါတယ်။ မြတ်စွာဘုရား ပေးခဲ့တဲ့ဘွဲ့အားလုံးကို ဆန်းစစ်ကြည့်လိုက်မည်ဆိုလျှင် "အလုပ်ကသာ ပဓာန" ဖြစ်တယ်လို့ အစချီကာ စာရွက်ပေါ်မှာရေးပြီး စာမေးပွဲအောင်လို့ ရတဲ့ဘွဲ့ထက် အလုပ်လုပ်ပြီးတော့မှ အဲဒီအလုပ်ရဲ့တန်ဘိုးကို တန်ဘိုးထားတဲ့အနေနဲ့ ပေးတဲ့ဘွဲ့က ပိုပြီးမြတ်နိုးစရာကောင်းတယ်။ အဲဒီဘွဲ့မျိုးကို များများကြီးရအောင် ယူကြပါ။ အဲဒီတော့ လိုတာက အလုပ်များများလုပ်ဖို့ပါ။ "လူ့ရဲ့တန်ဘိုးက အလုပ်ပဲ" ဟု အလုပ်၏တန်ဘိုးကို အကျယ်တ၀င့် မိန့်ကြားတော်မူပါသည်။ ဆက်လက်ပြီး ဆရာတော်က ဘာဘွဲ့တွေပဲရရ ငါ့အတွက်တော့ စိတ်ဓာတ်အင်အားမှာ သိပ်ပြီးမထူးဆန်းပါဘူး၊ ဘွဲ့တံဆိပ်တွေ၊ အောင်လက်မှတ်တွေကို တန်ဘိုးထားကြတဲ့ လူတွေအတွက်တော့ တော်တော်အရေးကြီးတဲ့ အနေအထားမှာ ရှိကြမှာပါ။ တို့အတွက်တော့ အလုပ်ပဲ၊ တိုင်းပြည်နဲ့ သာသနာတော်အတွက် ငါဘယ်လောက်လုပ်ထားသလဲ၊ အဲဒီအလုပ်ကိုပဲ တို့ကတန်ဘိုးပိုထားတယ်။ ဒီကနေခေတ်မှာ စာမေးပွဲမဖြေရပဲ ဒီဘွဲ့ပေးပေးတယ်ဆိုတာကိုက အလုပ်လုပ်ဘို့လို့ ဘွဲ့ပေးတာ။ ဒီတော့ အလုပ်ရဲ့တန်ဘိုးကို သိတဲ့လူတိုင်းက တို့ကိုလေးစားပြီး တန်ဘိုးထားကြမှာပဲလို့ ဒီအတိုင်းယုံကြည်ထားတာပဲ-လို့ သြ၀ါဒကထာ မိန့်ကြားတော်မူပါသည်။ (ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ရစဉ်က ပေးခဲ့သော သြ၀ါဒကထာဖြစ်ပါသည်)။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
မှတ်တမ်းတင်သူ ရှင်သုခ (မင်းလှ)

0 comments:

Post a Comment