သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မယ်
ဒီစကားကို ၁၂၀၂-ခု၊ ကဆုန်လဆန်း(၁၂)ရက်၊ အင်္ဂါနေ့(၁၂-၅-၁၈၄၀)က နန်းကျမိဖုရား အုတ်ကျောင်းအစ်မကြီး “မယ်နု”ကို ဆရာတော်ဦးဗုဒ် မိန့်ကြားခဲ့တဲ့ စကားဖြစ်ပါတယ်။
သာယာဝတီမင်းကို ပုန်ကန်ခြားနားတဲ့ မတ္တရာ အရေးအခင်းမှာ နန်းကျဘုရင် ဘကြီးတော် စစ်ကိုင်းမင်းရဲ့ နန်းကျမိဖုရားခေါင်ကြီး“မယ်နု” အစီအမံများဖြစ်ကြောင်း ထင်းရှားတဲ့အတွက် ထုံးစံအတိုင်း ရေချပြီး အဆုံးစီရင်ဖို့ အမိန့်ချမှတ်ခံရတဲ့အခါ နောက်ဆုံးအခွင့်အရေးတစ်ခုအနေနဲ့ လိုရာဆုကို တောင်းခွင့်ပြုတော့ "undefined" ကျောင်းအမ နန်းမတော်ကြီးက “ဆရာတော်ဦးဗုဒ်ကို နောက်ဆုံးဖူးမျှော်လိုတယ်” ဆိုလို့ အဆုံးစီစဉ်ဖို့ တာဝန်ယူရတဲ့ မြို့ဝန်မင်းက ခွင့်ပြုခဲ့ရတယ်။
ကျောင်းအမက ဆရာတော်ကို ဦးချပြီး အကြောင်းစုံလျှောက်ထားတဲ့အခါ ဆရာတော်က အထက်ပါစကားကို မိန့်ကြားလိုက်တာပါ။ ဆရာတော်ဟာ ဘကြီးတော် စစ်ကိုင်းမင်းက နန်းမတော်မယ်နု မိမိအပေါ် နိုင်စားလွန်းတဲ့အတွက် ကျောင်းအမကြီးကို ဆုံးမပေးဖို့ လျှောက်ထားစဉ်ကလည်း ဒီစကားကိုပဲ မိန့်ကြားခဲ့ပြီး နန်းတွင်းရေးကို ဘာမျှ ၀င်မစွက်ဘဲ ကိုယ့်စာကိုယ်သာကြည့်ပြီး စာကြည့်နေခဲ့တာပါပဲတဲ့။
ဆရာတော်ရဲ့ ဆိုလိုချက်ကတော့ “ပြုသူအသစ်၊ ဖြစ်သူအဟောင်း” ဆိုတဲ့အတိုင်း အဆိုးလောကဓံနဲ့ တွေ့ကြုံဖြစ်ပျက်ရသမျှဟာ ကိုယ်ပြုထားတဲ့ အကုသိုလ်ကံ ကြွေးဟောင်းဖြစ်လို့ မုချပေးဆပ်ရမယ်လို့ ဆိုလိုတာပါပဲ။
ဒီနေရာမှာ ကြွေးဟောင်းဆပ်တာနဲ့ ပတ်သက်လို့ နှစ်မျိုး နှစ်စားရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံရှိလို့ ဆိုးကျိုးကို ခံရတာဟာလည်း ကြွေးဟောင်းဆပ်ရခြင်းပဲ ဖြစ်သလို ကိုယ့်အပေါ်မှာ မိဘ ဆရာစတဲ့ ကျေးဇူးရှင်များ ကပြုထားတဲ့ ကျေးဇူးတရားတွေကို ပြန်ပြီးကျေးဇူးတုံ့ပြန်ရတာကိုလည်း ကြွေးဟောင်း ဆပ်တယ်လို့ပဲ ဆိုရပါတယ်။
“သာလိကေဒါရ”ဇာတ်တော်မှာ ဘုရားအလောင်းကျေးမင်းက ကျွန်ုပ်သည် မိအို ဖအိုတို့ကို လုပ်ကျွေးခြင်းဖြင့် ကြွေးသစ်ကိုလည်း ချရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒီကြွေးဟောင်းနှစ်မျိုးမှာ အကုသိုလ်ကံဟောင်းအတွက် ဆိုးကျိုးကိုခံစားပြီး ကြွေးဟောင်းဆပ်ရခြင်းဟာ ပေးဆပ်မှုသက်သက်သာ ဖြစ်ပေမယ့် ကျေးဇူးတုံ့ပြုပြီး ကြွေးဟောင်းဆပ်ခြင်းကတော့ ကြွေးဟောင်းကို ကျေစေသလို နောင်အခါမှာ မိမိအတွက် အကျိုးနဲ့အတိုးတို့ကို ရရှိစေနိုင်တဲ့ ကြွေးသစ် (ကုသိုလ်ကံသစ်) ချခြင်းလည်း မည်ပါတယ်။
မှန်ပါတယ်၊ မိအို ဖအိုတို့ ထင်ရှားရှိနေလျက်နဲ့ မိဘတို့ရဲ့ ကျေးဇူးကြွေးဟောင်းကို မပေးဆပ်ဘဲ သားမယားကို လုပ်ကျွေးခြင်းဆိုတဲ့ ကြွေးသစ်ချခါမျှနဲ့တော့ နောင်တစ်ချိန်မှာ မိမိက ပြန်လည်ရရှိစေနိုင်မည့် “ ကြွေးသစ်ချခြင်း”လို့ ပုံသေဧကန် ဆိုနိုင်မယ် မဟုတ်ပါဘူး။
ဘာကြောင့်လည်းဆိုရင်တော့ မိဘဆိုတာ သားသမီးတို့ရဲ့ ရှေ့သွားစံပြ ပုဗ္ဗာစရိယများ ဖြစ်တဲ့အတိုင်း မိမိတို့ကိုယ်တိုင်က မိဘကျေးဇူးကို သိမှတ်ပေးဆပ်တဲ့ စံနမူနာရှိမှသာ သားသမီးများကလည်း အတုလိုက်ကြမှာ ဖြစ်လို့ပါပဲ။ တကယ်လို့သာ မိမိက သားမယားတို့ကိုသာ လုပ်ကျွေးပြီး မိဘအပေါ်မှာ တာဝန်မဲ့ ပစ်ထားမယ်ဆိုရင် မိမိရဲ့ သားမယားအပေါ်မှာ ဘယ်လိုပင် ချစ်ခင်လုပ်ကျွေးထားပေမယ့် ကြွေးသစ်ချခြင်း မမည်နိုင်ဘူးဆိုတာ အဇာတသတ်နဲ့ သူ့ရဲ့သားစဉ်မြေးဆက်များကို ကြည့်ရင် သိနိုင်ပါတယ်။
‘အဇာတသတ်မင်းကြီးဟာ သူ့သားကို အလွန်ပဲချစ်လှပါသတဲ့။ ချစ်ခင်တဲ့အတွက် သားကို လိုလေသေးမရှိ လုပ်ကျွေးပြုစုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဖခင်ဖြစ်တဲ့ ‘ဗိမ္ဗိသာရမင်းကြီး’ အပေါ်မှာတော့ ကျေးဇူးတုံ့ ကျေးဇူးကြွေးကို မပေးဆပ်ခဲ့ရုံမျှမက ကျေးဇူးကန်း သတ်ဖြတ်ပြီး အလွန်အတိုးကြီးတဲ့ ကြွေးသစ်ကြီးကို ယူခဲ့မိတယ်။ ဒါကြောင့်လည်း သူ့သား ‘ဥဒယမင်းသား’ အရွယ်ရောက်တဲ့အခါမှာ သူကိုပဲ စံနမူနာယူပြီး အဖသတ်မင်းပဲ ဖြစ်ခဲ့တယ်။ သူလည်း သူ့ဖခင်၏ ‘ဗိမ္ဗိသာရ’ လိုပဲ သားရဲ့လက်ချက်နဲ့ အသက်သေခဲ့ရတာပါပဲ။
ဒါကြောင့်ရှေးဆရာတော်ကြီးများက “အဇာတသတ်ဟာ ဖခင် ဗိမ္ဗိသာရမင်းကြီးကို သတ်ဖြတ်သူဖြစ်သလို သူ့ကိုယ်သူ သတ်ဖြတ်သူလည်း ဖြစ်သည်။ အဇာတသတ်ကို သူ့သားက သတ်ဖြတ်တာဟာ သူကိုယ်တိုင်က ဖခင်ကို သတ်ဖြတ်ခဲ့တာကို အတုလိုက်ပြီး ပြုခြင်းသာဖြစ်လို့ အဇာတသတ်သာလျှင် အဇာတသတ်ကိုသတ်တဲ့ မူလတရားခံ အစစ်လို့”လို့ မိန့်ကြားတာကို မှတ်သားရဖူးပါတယ်။ ဒီနေရာမှာ ပစ္စုပ္ပန် သာဓကတစ်ခုအနေနဲ့ ဆရာဖေမြင့်ရဲ့ “ ဘ၀ဒဿနရသ စာစု” ထဲက “စောင်”ဆိုတဲ့ စာကလေးကိုလည်း ဖတ်ကြည့်စေချင်တယ်။ အကြောင်း အရာအကျဉ်းချုပ်ကတော့ ဖခင်လုပ်သူက သူ့အဖေအိုကြီးကို သက်ကြီးဂေဟာပို့ဖို့ လုပ်တယ်။ ပို့မည့်နေ့မှာ စောင်အကောင်းစား နှစ်ယောက်အိပ်တစ်ထည်ကိုလည်း ပေးလိုက်ဖို့ စီစဉ်ထားတယ်။ သူ့သားလေးကတော့ အဘိုးဖြစ်သူကို ဂေဟာပို့မယ်ဆိုတာ မကျေနပ်ဘူး။ ဒါပေမယ့် ဖခင်ရဲ့ နောက်ယူတဲ့ မိန်းမဆန္ဒအရ ပို့ရမှာ။ အဘိုးကို ဂေဟာပို့ခါနီးရောက်တော့ ဖခင်ရဲ့ နောက်မိန်းမက ဒီလောက်ကောင်းတဲ့ နှစ်ယောက်အိပ်စောင်ကြီးကို ပေးဖို့မလိုဘူးဆိုပြီး အဘိုးကွယ်ရာမှာ ယောင်္ကျားကို ကန့်ကွက်တယ်။ ဒါနဲ့ သားငယ်က ဖခင်ကို ဒီစောင်က ကြီးလွန်းတယ်ဆိုရင် တစ်ယောက်အိပ်ဖြစ်အောင် စောင်ကို ထက်ဝက်ခွဲလိုက်ပေါ့။ ပြီးတော့ တစ်ဝက်ကို အဘိုးနဲ့ ထည်ပေးလိုက်ပြီး ကျန်တစ်ဝက်ကိုတော့ သူ့ကို ပေးထားပါလို့တောင်းတယ်။ ဘာလုပ်ဖို့လဲဆိုတော့ “ အဖေ အသက်ကြီးလို့ အခုလို ပို့တဲ့အခါမှာ ပေးဖို့ပါ”လို့ ပြန်ပြောတဲ့ မြေးအဘိုး သားအဖ သုံးယောက်တို့အကြောင်းပါ။
ကြွေးဟောင်းနှစ်မျိုးလုံးဟာ ယူထားပြီးရင် မလွဲမသွေ ပြန်ဆပ်ရတာကတော့ သေချာပါတယ်။ ကျေးဇူကြွေးကို ပြန်ဆပ်ရတာက သိတတ်တဲ့ သားကောင်း သမီးကောင်းတို့ရဲ့ နိယာမအစဉ်အလာကောင်းတစ်ရပ် ဖြစ်သလို ကျေးဇူးကန်းမိတဲ့ ကြွေးဟောင်းကို ပေးဆပ်ရတာကလည်း ဓမ္မရဲ့ နိယာမ အစဉ်အလာအမှန်တစ်ရပ် ဖြစ်ပါတယ်။
ဘုရားအစရှိတဲ့ အရိယာ အရှင်မြတ်ကြီးများ ကြွေးဆပ်ကြပုံကိုလည်း အတုယူတန်ယူ၊ သံဝေဂပွားတန်ပွားကြဖို့အတွက် လေ့လာမှတ်သားသင့်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူးတုံ့ကို ပေးဆပ်ပူဇော်ပြီး ကြွေးဆပ်ခြင်းနှင့် ပတ်သက်လို့တော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မယ်တော် ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို ကျေးဇူးကြွေးဆပ်ဖို့(၇)၀ါမြောက်မှာ တာဝတိံသာနတ်ပြည်အထိ ကြွရောက်ပြီ မယ်တော်ဟောင်း နတ်သားအမှုးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားကာ ကျေးဇူးဆပ်ခဲ့ပုံကို လူတိုင်း သိဖူးကြားကြမှာပါ။ သတိထား အသိပွားရမှာကတော့ သဗ္ဗညူဘုရားရှင်ဖြစ်ပြီးလို့ သံသရာခရီးဆုံးနေပြီ။ မိမိကိုယ်တော်တိုင်အတွက် ဆင်းရဲချမ်းသာဆိုတဲ့ လောကကျိုးများလည်း မလိုအပ်၊ လောကုတ္တရာကျိုးအရလည်း အထွတ်ထိပ်ရောက်နေပြီ ဖြစ်ပေမယ့် မိဘရဲ့ကျေးဇူး ကြွေးဟောင်းကိုတော့ အတင်မခံဘဲ အကျေပေးဆပ်ခဲ့ပုံ ဆင်ခြင်မိကြဖို့ပါ။
ဒါကြောင့်လည်း ရှေးဆရာမြတ်တို့က သီတင်းကျွက်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ်သာမက မိဘကျေးဇူးသိတတ်တဲ့ “ သားကောင်းရတနာများနေ့”လို့လည်း ခေါ်ဆို ထိုက်ကြောင်း မိန့်ကြားကြပါတယ်။ အလားတူပဲ လက်ယာရံ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလည်း နောက်ဆုံး ပရိနိဗ္ဗာန်ပြုခါနီးမှာတောင် အမိရဲ့ကျေးဇူး ကြွေးဟောင်းကို တရားဟောပြီးကျေအောင် အမိရဲ့ကျေးဇူးဆပ်ခဲ့ဘူးပါတယ်။
မြတ်စွာဘုရားရှင်နဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်တို့ရဲ့ ကြွေးဆပ်ပုံကတော့ အတုယူစရာ မိဘတို့ရဲ့ ကျေးဇူးဟောင်း ကြွေးပေးဆပ်ခြင်းဖြစ်ပါတယ်။ သံဝေဂယူဖို့ ကောင်းလှတဲ့ မိဘအပေါ် ပြစ်မှားမိတဲ့ ဆိုးကြွေးပေးဆပ်ရပုံနဲ့ ပတ်သက်လို့တော့ လက်ဝဲရံ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ပရိနိဗ္ဗာန်ပြုခါနီးမှာ ပေးဆပ်ခဲ့ရတဲ့ ကြွေးပါပဲ။
အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးက တန်ခိုးဣဒ္ဓိပါဒ်အရာမှာ အထွတ်အထိပ်ရောက်အောင် ကြီးမားတော်မူတဲ့အတွက် အထက်နတ်ပြည်လောကနဲ့ အောက်ဥဿာဒငရဲပြည်လောကများအထိ ဒေသစာရီ ကြွတော်မူပြီး အဲဒီ အထက်အောက်ဒေသတွေမှာ တွေ့ရတဲ့ နတ်သားတို့ ငရဲသားတို့ရဲ့ အတိက်ကံများကိုလည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ လူ့ပြည်ကို ပြန်ရောက်တဲ့အခါမှာ ရတနာသုံးပါး ဦးထိပ်ထားပြီး ကုသိုလ်ကောင်းမှု ပြုကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ တပည့်သားတွေထဲက “ဘယ်သူ ဘယ်သူတွေဖြင့် ကောင်းမှုကြောင့် နတ်ပြည်လောကမှာ စည်းစိမ်ချမ်းသာတွေ ဘယ်လိုခံစား နေကြရတယ်” ဆိုတာကို ကိုယ်တွေ့မျက်မြင် တွေ့ဆုံမေးမြန်းခဲ့တဲ့အတိုင်း ပြန်ပြီး ဟောပြသလို အောက်ဥဿာဒငရဲမှာ တွေ့ကြုံရတဲ့ တိတ္ထိတို့ရဲ့ တပည့်တွေထဲက“ဘယ်သူ ဘယ်ဝါဖြင့် ဘယ်ငရဲမှာ ခံစားနေရတယ်” ဆိုတာကိုလည်း ကိုယ်တွေ့အဖြစ် ဟောပြပါတယ်။
အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီး ကိုယ်တော်တိုင် ကိုယ်တွေ့မျက်မြင် ဟောပြောချက်များကို ကြားနာကြရတဲ့အတွက် လူအပေါင်းတို့ဟာ တိတ္ထိတို့ကို ရှောင်ခွာပြီး ရတနာသုံးပါးကို ဆည်းကပ်ကြသူတွေ ပိုများလာတယ်။ ဒါကို တိတ္ထိတို့က ရန်ငြိုးဖွဲ့ပြီး “အရှင်မဟာမေဂ္ဂလာန်ကို သတ်ဖြတ်ဖို့ “သမဏဂုတ္တ” ဆိုတဲ့ ဓားပြဗိုလ်ကို ငွေအသပြာတစ်ထောင်ပေးပြီး လုပ်ကြံခိုင်းတယ်။ အရှင်မြတ်ကြီးဟာ ပင်ကိုအားဖြင့် ပရိနိဗ္ဗာန်ပြုဖို့ (၇)ရက်လောက်ပဲလိုတော့တဲ့ အချိန်ဖြစ်ပါတယ်။
“သမဏဂုတ္တ”ဆိုတဲ့ လူဆိုးဓားပြဗိုလ်ဟာ အခြံအရံ သူခိုးဓားပြများနဲ့အတူ မထေရ်မြတ်ကြီး သီတင်းသုံးနေတဲ့ ကာဠသိလာကျောက်ဖျာ ရှိရာအရပ်ကို သွားရောက် ၀ိုင်းဝန်းကြပေမယ့် မထေရ်မြတ်ကြီးက တန်ခိုးအဘိညာဉ်နဲ့ ကောင်းကင်ကို ပျံတက်ပြီး တိမ်းရှောင်နိုင်တယ်။ ဒီလိုနည်းနဲ့ (၆)ရက်အထိ တိမ်းရှောင်နိုင်ခဲ့ပေမယ့်(၇)ရက်မြောက်မှာတော့ မထေရ်မြတ်ရဲ့ ရှေးက ပြုမှားခဲ့တဲ့ အကုသိုလ်ကံက အကျိုးပေးခွင့် ကြုံလာတယ်။ မထေရ်မြတ် ပြုမှားမိတဲ့ အကုသိုလ်ကံကတော့ ရှေးနုစဉ်ကာလ ဘ၀တစ်ခုမှာ မယားရဲ့ ဂုံးချောစကားကို နားထောင်ပြီး မျက်မမြင် မိဘနှစ်ပါးကို တောထဲအထိ လှည်းနဲ့ခေါ်ဆောင်ပြီး လူဆိုးဓားပြများ ထကြွသောင်းကျန်း ဟန်ဆောင်ကာ ရိုက်နှက်သတ်ဖြတ်ဖို့ ကြိုးစားခဲ့မိတာပါပဲ။
လူဆိုးများဟန်ဆောင်ပြီး ရိုက်နှက်တဲ့အခါ မျက်မမြင် မိဘနှစ်ပါးက တကယ့် ခိုးသားဓားပြတွေ ထင်မှတ်ပြီး သားကို လွတ်အောင်ရှောင်ပြေးဖို့ ပြောဆို ငိုကြွေးရင်း သတိပေးကြတယ်။
မထေရ်မြတ်အလောင်း သတို့သားက မိဘတို့ရဲ့ မေတ္တာတရားကို အံ့သြလောက်အောင် သိလိုက်ရတဲ့အခါ နောင်တရပြီး ခိုးသားဓားပြတွေ ထွက်ပြေးကြတဲ့ အခြင်းအရာမျိုး ပြုပြီးတော့မှ မိဘများကို သက်သာရာ ရစေပြီး အိမ်ကိုပြန်ခေါ်လာခဲ့ကာ လုပ်ကျွေး ပြုစုပါတယ်။
ဒီနေရာမှာ တချို့က “ ရှင်မောဂ္ဂလာန်အလောင်း သတို့သားဟာ မျက်မမြင် မိခင်ကြီးကို ရိုက်သတ်ခဲ့တယ်”လို့ အစဉ်အလာ အမှတ်မှား အပြောမှားကြတာရှိတယ်။ အမှန်က အသေတော့ မသတ်မိပါဘူး။ သတ်ဖို့ ရည်ရွယ်ပြီး ရိုက်ပုတ်ရုံ ရိုက်ပုတ်ခဲ့တာပါ။ မိခင်ကိုသာ မဟုတ်ဘူး၊ မိဘနှစ်ပါးလုံးကို ပြစ်မှားမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အကုသိုလ်ကံ အကျိုးပေးခွင့် ကြုံလာတဲ့အတွက် မြေလျှိုးမိုးပျံပြီး သိကြားမင်းရဲ့ ဝေဇယန္တာပြာဿဒ်ကိုပင် ဆတ်ဆတ်ခါ တုန်လှုပ်အောင် စွမ်းဆောင်နိုင်တဲ့ မထေရ်မြတ်ရဲ့ တန်ခိုးဣဒ္ဓိပါဒ်ဟာ အားနွဲ့တဲ့ အဖြစ်ရောက်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံး ပရိနိဗ္ဗာန်ပြုမည့်နေ့မှာတော့ တန်ခိုးနဲ့ တိမ်းရှောင်နိုင်စွမ်းမရှိတော့တာပါ။ ကြွေးဟောင်းကို ပေးဆပ်ဖို့ မငြင်းဆန်လိုတဲ့အတွက် တန်ခိုးအဘိညာဉ်ဝင်စားဖို့ကို မလုပ်တော့ပဲ ဘုရား ရဟန္တာပင် ဖြစ်သော်လည်း အကုသိုလ်ကံကြွေဟောင်း၏ လောကီလူသားများ အတုယူ သံဝေဂယူစရာ အပြစ်ရှိက ခံရစမြဲပါလို့ ပြလိုတာကြောင့် ဖြစ်ပါတယ်။
မထေရ်မြတ်ရဲ့ အတိက်ကံဟာ မိဘများကို တကယ် အသေသတ်ခဲ့တာမဟုတ်ဘဲ သတ်ဖို့ ကြိုးစားရိုက်ပုတ်ခဲ့ခြင်းသာ ဖြစ်တဲ့အတွက် ခိုးသားများ ရိုက်ပုတ်သတ်ဖြတ်ပေမယ့် ပလာလပီဌိက ကမ္ဗကရဏလို့ခေါ်တဲ့ အရိုးတွေကို ကြေမွအောင် ရိုက်ထုပြီး တစ်ကိုယ်လုံးကို ကောက်ရိုးကရွက်လို ခွေလို့ရအောင် ပြုလုပ် သတ်ဖြတ်ကြတာပါပဲ။ ဒါပေမယ့် မထေရ်မြတ်ရဲ့ ကံဟောင်းက မိဘကို အသေသတ်ခဲ့တာ မဟုတ်လို့ လူဆိုးများ လက်ချက်နဲ့ အသက်ဆုံးသည်အထိ မဖြစ်ခဲ့ပါဘူး။ အဘိညဉ်ပတ်တီးနဲ့ ခန္ဓာကိုယ်ကို ခိုင်မတ်အောင် ရစ်နှောင်ဖွဲ့စည်းပြီး ကောင်းကင်ခရီးနဲ့ မြတ်စွာဘုရားရှိရာကို ကြွရောက်ကန်တော့ပြီးမှ ကာဠသိလာကျောက်ဖျာရှိရာ တောအုပ်ကို ပြန်ကြွပြီး ပရိနိဗ္ဗာန်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်များကို ကြည့်လိုက်ရင် “ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်”ဆိုတဲ့ စကားဟာ အလွန်လေးနက် မှန်ကန်တဲ့ စကားဖြစ်သလို ကောင်းဆိုးနှစ်တန် လောကဓံအတွက်လည်း စွယ်စုံရ ကုသ ကာကွယ်ဆေးကြီးတစ်လက်လို့ ထင်မိပါတယ်။ ကြွေးသစ်မတင်အောင် ကာကွယ်ဖို့ အဆိုးအကောင်း ကြွေးဟောင်းနှစ်မျိုးထဲက အကောင်းကြွေးဟောင်းများဖြစ်တဲ့ မိဘဆရာတို့ရဲ့ ကျေးဇူးကြွေးကို ကျေပွန်အောင်ပေးဆပ်ကြဖို့နဲ့ ကြွေးဟောင်းဆိုးကို ပေးဆပ်တဲ့အနေနဲ့ လောကဓံအဆိုးကို ခံရတဲ့အခါမှာလည်း “ ဒါဟာ ငါပေးရမယ့် ကြွေးဟောင်းတွေကို ကျေအောင်ပေးဆပ်နေရတာပဲ”ဆိုတာ သဘောပေါက်ပြီး သည်းခံနိုင်ကြဖို့ပါ။ “ပြုသူအသစ် ဖြစ်သူအဟောင်း”ဆိုတဲ့ ရှေးလူကြီး သူမတို့ရဲ့ စကားဟာလည်း ဒီသဘောကိုပဲ ရည်ရွယ်တာ ဖြစ်မှာပါပဲ။ ဒီနေရာမှာ “ လယ်တီဆရာတော်ကြီး”မိန့်ကြားခဲ့တဲ့ “ ကိုယ့်ပစ္စည်း လူခိုးခံရတာဟာ ကိုယ်ကလည်း တစ်ချိန်ချိန်မှာ သူများပစ္စည်း ခိုးခဲ့လို့ပေါ့ကွ” ဆိုတဲ့ စကားကိုလည်း နှလုံးမူသင့်မယ် ထင်ပါတယ်။
လူ့ဘ၀ကို ရရှိခြင်း၊ သာသနာတောနဲ့ ကြုံတွေ့ခြင်းဆိုတဲ့ ရတောင့်ရခဲ အခြေခံ ဒုလဘတရား နှစ်ပါးကို ရရှိကြတဲ့အခိုက်မှာ မိမိတို့ဘက်က ဖြည့်စွက်တည်ဆောက် ပေးရမည့် သဒ္ဓါ စတဲ့ ဣနြေ္ဒများနဲ့ ပြည့်စုံခြင်း၊ ဒုက္ခခပ်သိမ်းမှလွတ်အောင် ရုန်းထွက်လိုခြင်း၊ သူတော်ကောင်းတရားကို နာယူမှတ်သားခြင်းဆိုတဲ့ ဒုလဘသုံးခုကို မပျက်မကွက် ဖြည့်စွက်ပြီး ဒုလဘငါးခုလုံး ပြည့်စုံတဲ့ အဆင့်မြင့်လူသားများဖြစ်ကြဖို့အတွက် ဒီဒုလဘတရားဆိုတဲ့ အခွင့်ထူးတွေကို ပျက်စီးစေတတ်တဲ့ အဆိုးအကောင်း ကြွေးဟောင်းများ ကင်းရှင်းပြီး အဆိုးကြွေးသစ်များ မတင်အောင် ကြိုးစားကြပါစို့။
မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆရာ့ကျေးဇူးဆိုတဲ့ ကြွေးဟောင်းကို မပေးဆပ်ရုံမျှ မကဘဲ ဘာမဟုတ်တဲ့ ပစ္စည်းလေးပါးနဲ့ ဒကာ ဒကာမတို့ကို အကြောင်းပြုပြီး ဆရာသမားအပေါ်မှာ အလွန်ဝန်လေးတဲ့ ကြွေးသစ်တွေ တိုးသည်ထက်တိုးအောင် လုပ်ဆောင်နေကြတဲ့ တပည့်မျိုးတွေကို အံ့သြတုန်လှုပ်စရာကောင်းလောက်အောင် မျက်မြင်တွေ့ကြုံနေရလို့ အခုလိုသတိပေးလိုက်ရတာပါ။
ကြွေးဟောင်းလည်းကျေ၊ ပေးဆပ်စရာ ကြွေးသစ်ကင်းပြီး သာသနာတွင်း ကုသိုလ်ထူးများကို ဆည်းပူးရယူနိုင်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment