သီတဂူ သြ၀ါဒ ကောက်နှုတ်ချက်

0 comments Sunday, December 25, 2011
မင်းတို့ ငါတို့ လုပ်ထားမှကွ၊ ခုဆိုရင် ငါတို့မှာ သားသ္မီးတွေ ပိုပိုများလာပြီ၊ ငါတို့ကို မှီခိုနေတဲ့ လူတွေများလာပြီ၊ ဒါကြောင့် ဆရာတော်က ငါတို့ အလုပ်လုပ်နေတာပါဟု ကြွေးကြော်ပြီး၊ သီတဂူအလုပ်လုပ်နေတာဟာ သူတစ်ပါးကို အနိုင်ယူလို၍၊ အသာစီးရလို၍၊ ပြိုင်ဆိုင်လို၍မဟုတ် မိမိသမိုင်းမှတ်တိုင်ကိုသာ မိမိကိုယ်တိုင် စိုက်ထူပြလို၍ ဖြစ်တယ်။

ဓမ္မ, ၀ိနယသည်, ငါတို့၏စည်းကမ်း၊ လုပ်ပိုင်ခွင့် အလုပ်ကို လုပ်နေရခြင်းသည် ငါ့တို့၏အခွင့်အရေး။
အပျက်ကိုမြင်၍ မလုပ်လျှင် မဖြစ်တာပဲရှိမယ်။ အဲဒီတော ငါတို့ရဲ့အလုပ်ဟာ ငါတို့ရဲ့ သမိုင်းမှတ်တိုင်ပဲပေါ့။

"Pushing to the front" ဤစာအုပ်ထဲမှ ထင်ရှားသောပုဂ္ဂိုလ်များဟာ ဘယ်တက္ကသိုလ်မှ ဘွဲ့ရထားသူများ မဟုတ်ကြပါဘူး။ "လောကော သတ္တာနမာစေရော" လောကကြီးဟာ ငါတို့ရဲ့ဆရာ။ လောကထဲမှာ မြင်တတ်တဲ့ မျက်လုံးနဲ့ ကြားတတ်တဲ့ နားရှိဖို့လိုတယ်၊ မြင်တာ ကြားတာမှန်သမျှကို စိစစ်ဖို့လိုတယ်၊ အဲဒါတွေအားလုံးဟာ ငါတို့ရဲ့ ဆရာပဲ။
မြေကြီးထဲက ထွက်လာတဲ့ ဓာတ်သတ္တုတွေလိုနေကြတာ၊ မြေဆိုင်ခဲတွေကို ခွဲထုတ်ပြီး ဖယ်ရှားဖယ်ရှားရင်းနဲ့ နောက်ဆုံး ရွှေရောက်သွားတယ်၊ အဘိုးအတန်ဆုံးဖြစ်သွားတယ်။ အဲဒီလိုပဲ နှစ်ပေါင်းတစ်ရာအတွင်းမှာ နောက်ဆုံး ငါတို့ရဲ့ဘ၀ကို ဖြေးဖြေးချင်း ဖြေးဖြေးချင်း၊ သင်ရင်း ကြားရင်း ကြည့်ရင်း စိစစ်ရင်းနဲ့ ထပ်တလဲလဲ မင်းတို့ငါတို့ရဲ့ နှလုံးသားကို စိစစ်ပြီးတော့ ဓာတ်ခွဲပြစ်ရမယ်။

လူ့လောကကြီးကို ကျေးဇူးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်၊ လောကကြီးကို ဖျက်ဆီးမည့် ပုဂ္ဂိုလ်တွေ ပေါတယ်၊ လောကကြီးကို ကျေးဇူးပြုတဲ့ အလုပ်တွေ၊ အပြောတွေ၊ ပြောကြ လုပ်ကြ၊ လောကကြီးကို ဒုက္ခပေးမည့်အလုပ်တွေ၊ အပြောတွေ မလုပ်မိအောင် မပြောမိအောင် မကြံမိအောင် နေကြ။
တိုင်းပြည်နဲ့ သာသနာတော်ကို အကျိုးမပြုနိုင်ဘဲ သေသွားတဲ့လူတွေ အများကြီးပဲ၊ အဲဒီအထဲ မင်းတို့ငါတို့ မပါစေနဲ့။

"As there is nothing in the world great but men, there is nothing truly great in men, but character"
" လောကကြီးမှာ လူမှတပါး ကြီးကျယ်ခန်းနားတာ ဘာမှမရှိသလို၊ လူမှာလည်းပဲ ကိုယ်ကျင့်တရားမှတပါး ကြီးကျယ်မြင့်မြတ်တာ ဘာမှ မရှိပါဘူး"။

"The more I know him, the more I love him. The more I love him, the more I know him.
"သူ့အကြောင်းကို သိလေလေ, သူ့ကို ပိုပြီးကြည်ညိုလေလေ။ သူ့ကို ကြည်ညိုလေလေ, သူ့အကြောင်းကို သိလေလေပါပဲ"

ရှင်သုခ (မင်းလှ)၂၅-၁၂-၁၁
read more “သီတဂူ သြ၀ါဒ ကောက်နှုတ်ချက်”

သီတဂူတက်လမ်း စက္ခုဒါနဆေးရုံဖွင့်ပွဲ

0 comments Wednesday, December 21, 2011

သီတဂူဆရာတော် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ သီတဂူတက်လမ်း စက္ခုဒါနဆေးရုံဖွင့်ပွဲသို့ ကြွရောက်ရာတွင် လမ်းခရီးအကြား နေ့ဆွမ်းဘုဉ်းပေးနေစဉ်




ဖွင့်ပွဲဓာတ်ပုံမျှသာ

သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် တက်လမ်းဆောက်လုပ်ရေးတို့ လှူဒါန်းသော
သီတဂူတက်လမ်း စက္ခုဒါန ဆးရုံ (လွိုင်ကော်)ကို
(၂၀- ၁၂-၂၀၁၁)နေ့ မနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကန္တာရ၀တီ ကျောင်းတိုက်ရှိ ဆေးရုံတည်နေရာတွင်ပင် ဖွင့်လှစ် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းက ဆေးရုံဆောက်လုပ်
ဖြစ်ပေါ်လာမှုကို တင်ပြလျှောက်ထားပါသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား
လျှောက်ထားပြီး၊ သီတဂူဆရာတော်ကြီးမှ သြ၀ါဒစကားမိန့်ကြားပါသည်၊
ပြည်နယ်တာဝန်ရှိသူများ၊ ပြည်နယ်သံဃာနာယက ဆ၇ာတော်များ၊
ခရစ်ယာန်ဘုန်းတော်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များက ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြပါသည်၊ ထိုအချိန်တွင် အမြှောက် ကိုးချက်ဖေါက်ကာ ဂုဏ်ပြုခဲ့ပါသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်၊ ထို့နောက် ဆေးရုံဖွင့်ပွဲ အထိမ်းအမှတ် အလံများနဲ့ ပြည်နယ်ဝန်ကြီးချုပ်က
အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါသည်၊ ၎င်းနောက် ဆေးရုံ မော်ကွန်း ကျောက်စာကို
သီတဂူဆရာတော်နဲ့ ပြည်နယ်မှ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်လမ်း
ဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းတို့က နံ့သာရေများ ပက်ဖြန်းကာ ကြွရောက်လာသော ဆရာတော် သံဃာတော်များက "ဇယန္တော ဗောဓိယာမူလေ" အစချီပြီး "ဗောဇ္ဈင်္ဂ" သုတ်များ ရွတ်ဖတ်ကြပြီး
ကြွရောက်လာသော သံဃာတော်များနှင့် ဧည်သည်တော်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကာ ဖွင့်ပွဲအခန်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပါသည်၊ သီတဂူသာသနာပြုအဖွဲ့မှ ဆေးရုံသုံးပစ္စည်းများနှင့် မီးစက်အတွက် အလှုငွေ ကျပ်သိန်ပေါင်း (၂၀၀၀)ကျော်နှင့်
တက်လမ်းဆောက်လုပ်ရေးမှ အဆောက်အဦးအတွက် ကျပ်သိန်းပေါင်း(၃၀၀၀) ကျော်ဖိုး အကုန်အကျခံ
ဆောက်လုပ် လှူဒါန်းခဲ့ကြပါသည်၊
နေ့လည်ပိုင်းတွင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် လွိုင်ကော် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကျပ်ငွေပေါင်း သိန်း(၁၅၀၀) ကျော်မျှ တန်ဘိုးရှိသော ဆေးရုံသုံးပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြပါသေးသည်၊

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ။
စပယ်ပန်း (လှဆန်းယဉ်)
(၂၁-၁၂-၁၁-၂၃း၃၅)
read more “သီတဂူတက်လမ်း စက္ခုဒါနဆေးရုံဖွင့်ပွဲ”

ဝါဆိုဆရာတော်ဘုရားကြီး၏ သြ၀ါဒအနှစ်ချုပ်

0 comments Monday, December 5, 2011

***အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ “The Hotel Lalit နှင့် "Asoka Hotel” ၌ ကျင်းပသော တစ်ကမ္ဘာလုံး ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး၌ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး၏ နှုတ်ခွန်းဆက်စကား***

ဝါဆိုဆရာတော်ဘုရားကြီးက မြန်မာဘာသာဖြင့် မိန့်ကြားတော်မူ၍ သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာပြန်ဆို ပြောကြားခဲ့သည်။ (၂၇-၁၁-၂၀၁၁)။

ချစ်ခင်လေးစားအပ်ပါသော သံဃာတော်များ၊ ထူးခြားသည့် ဧည့်သည်တော်ကြီးများ၊ ဘာသာရေး နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့ ရှေးဦးစွား “Asoka mission” ဆိုတဲ့ အသောကသာသနာပြုအဖွဲ့နှင့် စည်းရုံးရေးအဖွဲ့ဝင်များ၏ ဤမျှကြီးကျယ်ခမ်းနားသော တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး ဖြစ်ပေါ်လာအောင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့သည့်အတွက် အလေးအနက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ထို့အပြင် ဤအစည်းအဝေးကြီး၌ အကျွန်ုပ်အား နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ပေးသည့်အတွက်လည်း မြန်မာနိုင်ငံ သံဃာတော်ပေါင်း ငါးသိန်းကျော်တို့နှင့် သန်းခြောက်ဆယ်ကျော်မျှရှိသော မြန်မာနိုင်ငံပြည်သူ/သားတို့ကိုယ်စား အထူးပင်ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားလိုပါသည်။ ဤမျှကြီးကျယ်ခမ်းနားသော တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီး၌ ထူးခြားသည့်ဧည့်သည်တော်များ၊ ပညာရှိများ၊ နိုင်ငံရေး ဘာသာရေး စိတ်ဓာတ်ရေးရာ ခေါင်းဆောင်များနှင့် အတူတကွ ပါဝင်တက်ရောက်ရန် အထူးအခွင့်အရေးရရှိသည့်အတွက် အမှန်တကယ်ပင် ဂုဏ်ယူဝမ်းမြောက်ပါသည်။ အကျွန်ုပ်တို့သည် အိန္ဒိယနိုင်ငံတော်ကြီး၏ ဘာသာရေးအတွေးအခေါ်ပညာ၊ စိတ်ပညာ၊ စာပေအနုပညာ စသည်တို့၌ ကြီးကျယ်မြင့်မြတ်သော ဗုဒ္ဓကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၊ ဇိနကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၊ ရ၀ိန္ဒြာနတ်တဂိုးကဲ့သို့သော စာပေပညာရှင်များထံမှ မျိုးဆက်တစ်ခုမှတစ်ခု ယနေ့တိုင် အဆက်မပြတ် ကြီးကျယ်ဖြစ်ထွန်းရရှိနေသည်ကိုလည်း အကျွန်ုပ်တို့ အထူးပင်စိတ်ဝင်တစား ရှိရပါသည်။ မဟတ္တမဂန္ဓီ၏ အဟိံသာဝါဒသည် မြတ်ဗုဒ္ဓ၏ ကရုဏာတို့နှင့် ဆက်စပ်နေသည်မှာလည်း အထူးပင် အံ့သြဖွယ်ရာ ဖြစ်ပါသည်။ မဟာဝီရ၏ အဟိံသာဝါဒတို့သည် အာရှတိုက်၏ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များအပေါ်မှာသာ လွှမ်းမိုးနိုင်ခဲ့ရုံမျှမက ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များကိုပါ အကြီးအကျယ် လွှမ်းမိုးနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာ ဖြစ်ပါသည်။ ကြီးမြတ်သော ယောက်ျားတို့သည် ကြီးမြတ်သောစိတ်ဓာတ်ဖြင့် ကြီးကျယ်မြင့်မြတ်သော အလုပ်တို့ကို ကမ္ဘာ့သမိုင်းတွင်အောင် လုပ်ဆောင်ခဲ့ကြသည်။ ရ၀ိန္ဒြာနတ်တဂိုး ရေးသားခဲ့သော ကဗျာတို့၏ အရောင်အရိပ်များသည် ယနေ့တိုင်အောင် လူ့လောကကြီးတစ်ခုလုံးအပေါ်မှာ နွေးထွေးစွာ လွှမ်းမိုးလျက်ရှိပါသည်။ သူ၏ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားတို့အကျိုးပြု ကဗျာစာပေတို့မှာ နိုင်ငံနှင့် လူမျိုး နယ်နိမိတ်အားလုံးကို ကျော်ဖြတ်၍ ယနေ့တိုင် တစ်ကမ္ဘာလုံးကို လွှမ်းမိုးလျက် ရှိပါသည်။
ဒါကြောင့် ဒီကနေ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီး၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း အကျွန်ုပ်စကားအနည်းငယ်မျှ ပြောကြားလိုပါသေးသည်။ အမှောင်ထဲမှာ နေရတဲ့လူတို့အတွက် အလင်းရောင်ဆိုတာ တကယ်ပဲလိုက်အပ်ပါတယ်။ သို့သော် အမှောင်နှင့်အလင်း ဤနှစ်ခုသည် ပူးတွဲရပ်တည်လို့ မရပါ။ မှောင်တဲ့နေရာမှာ အကျွနု်ပ်တို့သည် အလင်းကို အစားထိုးရမှာ ဖြစ်ပါသည်။ ထို့အပြင် မီးရှိတယ် မီးလောင်တယ်ဆိုရင် ရေသည် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတစ်ခုပါ။ သို့သော် ရေနှင့်မီးတို့သည် အတူတကွတွဲ၍ မရပ်တည်နိုင်ကြပေ။ လေးစားအပ်ပါသော သံဃာတော်များ၊ ချစ်ခင်ရပါသော ဂုဏ်သရေရှိ ပရိသတ်များ ယနေ့ မျက်မှောက်ခေတ်တွင် ကမ္ဘာကြီးသည် စိုးရိမ်ပူဆွေးခြင်း၊ လုံခြုံမှုမရှိခြင်း၊ ဆင်းရဲငတ်မွတ်ခြင်းတို့အောက်တွင် အများဆုံးရောက်ရှိနေပါသည်။ ထိုဒုက္ခအပေါင်းတို့ကို ဖြစ်စေတာကတော့ ညှင်းဆဲနှိပ်စက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ပဋိပက္ခဖြစ်ခြင်းတို့ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမတစ်ခု၌ “အန္ဓီဘူတော အယံ လောကော၊ ဤလောကကြီးသည် ကန်း၏”။ “သဗ္ဗော လောကော ပကမ္ပိတော၊ ဤလောကကြီးသည် တုန်လှုပ်နေ၏”။ “သဗ္ဗော လောကော ပဇ္ဇလီတော၊ ဤလောကကြီးသည် လောင်ကျွမ်းနေ၏” ဟု မိန့်တော်မူထားတာ ရှိပါသည်။ သစ္စာတရားကို မသိနားမလည်ခြင်း၊ အာဏာနှင့်စည်းစိမ်ကို မက်မောခြင်းတို့ကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး၌ ကမ္ဘာမြေကြီး သွေးနီစွန်းခဲ့သည်မှာ များပြားလှပေသည်။ ထို့ကြောင့် ယနေ့မျက်မှောက်ကမ္ဘာမှာ လူသားအားလုံးတို့ကို ငြိမ်းချမ်းစွာ ညီညွတ်စွာ အတူတကွ လက်တွဲကြဖို့ အရေးကြီး လိုအပ်နေပြီ ဖြစ်ပါသည်။ ဤလိုအပ်ချက်က ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ၊ စိတ်ဓာတ်ရေးရာခေါင်းဆောင်များ၊ နိုင်ငံရေးရာခေါင်ဆောင်များကို အထူးပင် စိန်ခေါ်နေပြီဖြစ်ပါသည်။ အကျွန်ုပ်တို့အားလုံး ထိုစိန်ခေါ်ချက်များကို ရင်ဆိုင်ရပါလိမ့်မည်။ အကျွန်ုပ်တို့ ခေါင်းဆောင်များအားလုံး ကမ္ဘာကြီး၏လိုအပ်ချက်တို့အပေါ်မှာ တာဝန်ရှိနေကြသည်ဆိုတာကို လက်ခံကြရပေလိမ့်မည်။ ယနေ့ ကမ္ဘာသူ/သားတို့ ကိုးကွယ်နေကြသည့် ဘာသာတရားတိုင်းမှာ အပြင်လွှာအကာနှင့် အတွင်းပိုင်းအနှစ်ဟူ၍ နှစ်မျိုးရှိပါသည်။ ကျမ်းစာများ၊ ပုံဝတ္ထုများ၊ ယုံကြည့်မှုများ၊ အခန်းအနားများ၊ ရဇ်စသည်ပူဇော်ခြင်းများမှာ ဘာသာတရားအားလုံး၏ အပေါ်လွှာအကာပင် ဖြစ်ပါသည်။ ထိုအပေါ်ယံ အကာအခေါက်များက ဘာသာတရားတစ်ခုနှင့်တစ်ခုကို ခြားနားကွဲပြားစေကြတာ ဖြစ်ပါသည်။ သို့သော် ဘာသာတရားတိုင်းမှာ အတွင်းပိုင်းအနှစ်ဆိုတာ ရှိပါတယ်။ အတွင်းအနှစ်သို့ရောက်လျှင် ဘာသာတရားအားလုံး တူညီသွားကြပါသည်။ ဒါန၊ သီလ၊ ကိုယ်ကျင့်တရား၊ လူ့ဘ၀စည်းကမ်းစိတ်ဓာတ်ထိမ်းခြင်း၊ စိတ်ဓာတ်ဖြူစင်ခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ၊ ပညာတို့မှာ ဘာသာတရားတိုင်း၏ အနှစ်သာရ တူမျှနေသော အချက်ပင်ဖြစ်ပါသည်။ လူသားတိုင်း အညီအမျှ လက်ခံနိုင်ကြသည့် သီလ၊ သမာဓိ၊ ပညာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ ဤအချက်များကို အားလုံးသော ဘာသာရေးခေါင်ဆောင်တို့က လောကကြီးတစ်ခုလုံးကို အလေးအနက်ထား၍ သင်ကြားပို့ချပေးဖို့ လိုအပ်ပါသည်။ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ကြသည့် လူသားအားလုံးတို့က အထက်ပါ ဘာသာရေးအနှစ်သာရကို အလေးအနက်ထားပြီး လိုက်နာကျင့်သုံးကြဖို့ လိုအပ်ပါသည်။ အကယ်၍သာ ဘာသာရေးခေါင်ဆောင်များနှင့် ဘာသာဝင်အားလုံးတို့က ဘာသာတရား၏ အနှစ်သာရကို သင့်တင့်လျှောက်ပတ်စွာ အလေးအနက်ထား ဦးစားပေးကျင့်သုံးနိုင်ကြမည်ဆိုလျှင် ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ ပညာ၊ အဟိံသာတရားတို့က ပဋိပက္ခနှင့် စစ်မက်များကို လျှော့ပါးသွားအောင် ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ အားလုံးသော လူသားတို့သည် မိမိတို့ ယုံကြည်ရာ ကိုးကွယ်ရာကို လွတ်လပ်စွာယုံကြည်ခွင့် ကိုးကွယ်ခွင့် ဟောပြောခွင့် ရှိသင်ပေသည်။ သို့သော် လူသားတိုင်း သတိပြုရမှာက ဆိုင်ရာဆိုင်ရာ ဘာသာတရားတို့၏ အနှစ်သာရကို ကျင့်သုံးလိုက်နာဖို့ မချွတ်မယွင်း မပျက်ကွက်ရန်ပင် ဖြစ်ပါသည်။ ထို့အပြင် မိမိဒဘာသာတရားဖြင့် အခြားသောဘာသာတရားတို့ကို အနှောက်အယှက်မပြုရန်လည်း အရေးကြီးပေသည်။ ဓမ္မာသောကမင်းကြီး၏ ကျောက်စာ၌ ဖေါ်ပြထားသကဲ့သို့ မိမိတို့၏ ဘာသာတရားထွန်းကားရေးအတွက် အခြားအခြားသော ဘာသာတရားနှင့် ဘာသာဝင်တို့ကို မနှောက်ယှက်ရန် မပုတ်ခတ်ရန် အရေးကြီးပေသည်။ ဤကဲ့သို့ ဘာသာတရားများ များပြားစွာရှိရာ၌ ဘာသာအယူဝါဒ အမျိုးမျိုးရှိကြကုန်သော လူတို့သည် မြတ်ဗုဒ္ဓကို ချဉ်းကပ်ကြသည့်အခါ မြတ်ဗုဒ္ဓက ဤကဲ့သို့ ပြန်လည်၍ မိန့်တော်မူဘူးပါသည်။ “အို အချင်းလူသားတို့ သဘောမတူနိုင်သည့်အချက်များကို ဘေးဖယ်ထားလိုက်ကြပါစို့၊ သဘောတူညီနိုင်သည့် အချက်များကိုပဲ ဆွေးနွေးပြောဆိုကြပါစို့၊ အကျွန်ုပ်တို့ ကျင့်သုံးလိုက်နာရမည့် ကျင့်စဉ်များ၌ ငါတို့ ကျင့်သုံးရမည့် ကျင့်စဉ်များ၌ည ငါတို့အားလုံး သဘောတူနိုင်သည့်အချက်များကိုပဲ ထည့်သွင်းဆွေးနွေးကြပါစို့၊ အဘယ့်ကြောင့် မတူညီသည့်အချက်များကို ရှေးတန်းတင်၍ ငြင်းခုံနေကြပါသနည်း?” ဤသို့လျှင် အံ့ချီးဖွယ်ကောင်းသော ပညာရှင်တို့၏ ညီညွတ်ရေးစကား၏ စွမ်းရည်သတ္တိများသည် ယနေ့ထက်တိုင်အောင် ကမ္ဘာပေါ်၌ ထင်ရှားတည်ရှိလျက်ပင် ရှိပါသေးသည်။ ဆူပူသောင်းကြမ်းခြင်း၊ နှောက်ယှက်ဖျက်ဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုသာ စူးစိုက်လုပ်နေကြမည်ဆိုလျှင် ထိုရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်တို့သည် မိမိတို့၏ သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမများကို ညှင်းပန်းနှိပ်စက်နေကြသူများ ဖြစ်သည်မှာ ရှင်းလင်းစွာ သိသာလှပေသည်။ သူတို့ဟာ သီးမခံနိုင်ခြင်း၊ ခွင့်မလွတ်နိုင်ခြင်းက တုန့်ပြန်သည်မှာ ရက်စက်ကြမ်းကြုတ်ခြင်း ပုန်းအောင်းလုပ်ကြံခြင်းတို့ ဖြစ်ကြပါသည်။ အခြားတစ်ဖက်၌ ကောင်းခြင်းမင်္ဂလာဆိုသည်မှာ ကရုဏာတရားပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရက်စက်ကြမ်းကြုတ်သူတို့မှာ သနားခြင်းကရုဏာတရားကိုပင် အကျိုးအမြတ်ရကြပေလိမ့်မည်။ ဤသည်ကား သဘာဝဥပဒေဖြစ်သည်။ ဤသည်ကို ဘုရားသခင်၏ အညီအမျှဆုံးဖြတ်ချက်ဖြစ်ခြင်းဟု ခေါ်ဆိုနိုင်သည်။ ဆိုလိုသည်မှာ ဆူပူသောင်းကြမ်း ရက်စက်ကြမ်းကြုတ်သူများကို ကရုဏာပြုရမည်ဟု ဆိုချင်သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ “ရန်ကို ရန်တုန့်ပြန်ခြင်းဖြင့် ရန်ပွဲမငြိမ်းနိုင်၊ ဆဲဆိုသူကို ပြန်လည်ဆဲဆိုခြင်းဖြင့် ဆဲဆိုပွဲကြီး ကျယ်ပြန့်လာနိုင်သည်။ စွပ်စွဲသူကို ပြန်လည်စွပ်စွဲခြင်းဖြင့် စွပ်စွဲမှုတွေ ရှုပ်ထွေးလာနိုင်သည်။ ရန်ပြုခြင်း၊ စွပ်စွဲခြင်း၊ ဆဲရေးခြင်းတို့ကို သီးခံခြင်း၊ ခွင့်လွတ်ခြင်း၊ မေတ္တာထားခြင်းတို့ဖြင့်သာ ငြိမ်းအေးစေနိုင်သည်။ တိုက်ခိုက်လာသူကို ပြန်လည်၍ တိုက်ခိုက်ခြင်းဖြင့် မငြိမ်းအေးနိုင်၊ အကြမ်းဖက်သူကို ပြန်လည်၍ အကြမ်းဖက်ခြင်းဖြင့် မငြိမ်းချမ်းနိုင်၊ ရက်စက်ခြင်း အကြမ်းဖက်ခြင်းတို့ကို ခန္တီ၊ မေတ္တာတို့ဖြင့်သာ ငြိမ်းချမ်းစေနိုင်သည်။ ဤသည်ကား ကမ္ဘာ့လူသားတို့ ကျင့်သုံးသည့်တရား၊ ကမ္ဘာဆုံးအောင် ကျင့်ရမည့်တရား၊ ဘာသာတရားတိုင်းမှာ ရှိရမည့်တရား ဖြစ်သည်။ ဤသည်ကား ဓမ္မ၊ ဓမ္မဆိုတာ ဤကမ္ဘာမှာ ဗုဒ္ဓလည်းမဟုတ်ဘူး၊ Buddhism, Hinduism, Sikhism, Islamism, Judism, Jainism, Christianity” လည်း မဟုတ်ပါဘူး။ ဓမ္မဆိုတာ ဘာအစ်ဇင်းမှ မဟုတ်ပါဘူး။ တကယ်စင်စစ် ဓမ္မဆိုတာ သစ္စာတရားပဲ ဖြစ်ပါတယ်။ ဓမ္မက အကျွန်ုပ်တို့ကို သင်ပြသည်မှာ မည်သူ့ကိုမျှ ဒုက္ခနပေးပါနှင့်တဲ့၊ အကျွန်ုပ်တို့သည် သူတပါးကို ဒုက္ခပေးမည်ဆိုလျှင် အကျွန်ုပ်တို့စိတ်ထဲမှာ ရှေးဦးစွာ ဒုက္ခဖြစ်နေပြီဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ သူတပါးကို ဒုက္ခပေးမည်ဆိုသည့် မလိုလားအပ်သည့် စိတ်ယုတ်မာတို့ကို အကျွန်ုပ်တို့ ထုတ်ဖယ်ဖြစ်နိုင်လျှင် အကျွန်ုပ်တို့ချက်ချင်း အကျွန်ုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းရေး ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆိုတာကို အကျွန်ုပ်တို့ရဲ့ ကိုယ်တွင်းမှာပဲ ရှာဖွေတွေ့ရှိနိုင်ပါသည်။ အကျွန်ုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းရေးရဖို့ အကျွန်ုပ်တို့ကိုယ်တွင်းက ယုတ်မာသောစိတ်ဓာတ် (Mental negativities of mind) များကို ထုတ်ဖယ်ပြစ်ဖို့ အရေးကြီးပါသည်။ ဤသို့ အားထုတ်နိုင်ကြလျှင် အကျွန်ုပ်တို့ တစ်ယောက်ချင်း ပိုင်ဆိုင်ထားသည့် ငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံး ဖြန့်ကျက်နိုင်မည် ဖြစ်ပါသည်။ အကျွန်ုပ်တို့ တစ်ယောက်ချင်း၏ ငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံးသို့ဖြန်နိုင်ကြပါစေ။
အထူးလေးအပ်ပါသော ထေရ၀ါဒနှင့် မဟာယာနသံဃာတော်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် ဓမ္မမိတ်ဆွေများ -----------------
နိဂုံးချုပ်ပြောကြားလိုသည်မှာ အကျွန်ုပ် အထက်မှာ ပြောခဲသည့်အတိုင်း ဤတစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးက လူသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြခြင်းဟူသော အဓိကရည်ရွယ်သုံးခုကို တည်ဆောက်ပေးမည့် စိတ်ဓာတ်များကို ဖြန့်ချိနိုင်လိမ့်မည်ဟု အကျွန်ုပ်တို့ သဘောတူ လက်ခံယုံကြည်သည်။ ထို့အပြင် ယဉ်ကျေးမှု၊ ယုံကြည်မှု လူမျိုး အမျိုးမျိုးရှိကြသည့် လူသားလုံးတို့အတွက် အကျွန်ုပ်တို့ အစည်းအဝေးတက်ရောက်လာကြသည့် ဘာသာရေးခေါင်းဆောင် အားလုံးတို့ကလည်း တာဝန်အသီးသီး ခွဲဝေယူကြလိမ့်မည်ဆိုတာကို အကျွန်ုပ်တို့ သဘောတူ ယုံကြည်လက်ခံပါသည်။ မြန်မာနိုင်ငံ ထေရ၀ါဒသံဃာငါးသိန်းကျော်တို့ကိုယ်စား၊ သန်းပေါင်းခြောက်ဆယ်ကျော်သော ပြည်သူ/သားတို့ကိုယ်စား ပြောကြားလိုသည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လူသားအားလုံး တည်ငြိမ်ရေး၊ ကမ္ဘာ့လူသားအားလုံးတို့ မပူမပန် မကြောင့်မကြ စားဝတ်နေမှု ပြည့်စုံရေးတို့အတွက် ဤအစည်းအဝေးကြီးက ချမှတ်သည့် လုပ်ငန်းစီမံချက်များ အားလုံးတို့ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း၊ အားပေးကြောင်း ပြောကြားလိုပါသည်။ ထို့အပြင် ဘာသာရေးကို အခြေခံ၍ ဆင်ခြင်တုန်တရား ကင်းမဲ့ခြင်း၊ တရားဥပဒေ ကင်းမဲ့ခြင်း၊ ဆူပူသောင်းကြမ်းခြင်းတို့ကို ဆန့်ကျင်တိုက်ဖျက်ရာ၌ အားလုံးသော အစည်းအဝေးတက်ရောက်လာကြကုန်သော ညီတော်နောင်တော်တို့ တစ်သွေးတည်း တစ်သံတည်း ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟုလည်း လှိုက်လှိုက်လှဲလှဲ ယုံကြည့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါသည်။ ။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
“သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ သန့်သန့်ရှင်းရှင်း ထွန်းတောက်ပါစေ”

(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ-ရှင်သုခ(မင်းလှ)
(28-11-11-01:40)
read more “၀ါဆိုဆရာတော်ဘုရားကြီး၏ သြ၀ါဒအနှစ်ချုပ်”

ကမ္ဘာ့ငြိမ်းချမ်းရေးမှ အဆက်

0 comments Sunday, December 4, 2011
တောင်ကုန်းပေါ်က ဆင်းပြီး အမှတ်သုံးကားပေါ်တက်၊ ကားပေါ်ကဆင်းပြီး ပုတ်ရဟန်းမင်းကြီး၏ ရထားပေါ်တက်တော့လည်း အမှတ်သုံးတွဲမှာပဲ ဖြစ်လေသည်။ အပြန်မှာ ယှဉ်တွဲထိုင်လာသူကတော့ တရုပ်နိုင်ငံ၊ ရှောင်လင်ကျောင်းတိုက်က သိုင်းကစားတတ်သည့် တရုပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးပင် ဖြစ်သည်။ အစီစီမြို့သို့ အသွားတုန်းက ရထားပေါ်မှာ ကွန်ဂိုဘုန်းတော်ကြီးနှင့် ကွန်ဂိုဘာသာရေးအကြောင်းတို့ကို ဆွေးနွေးမိကြသည်။ အစီစီမြို့မှ ရောမမြို့သို့ ပြန်သောအခါမှာတော့ တရုပ်ရှောင်လင်ဘုန်းကြီး မေးသမျှ မြန်မာ့ဘာသာရေးအကြောင်းတွေကို ပြောခဲ့ရလေသည်။ တွေးတောမိသည်မှာ တရုပ်ပြည်က ယန်စီမြစ်သည်လည်း ပင်လယ်သို့ ၀င်၏။ မြန်မာ့ ဧရာဝတီမြစ်သည်လည်း ပင်လယ်မှာပင် အဆုံးသတ်၏။ အိန္ဒိယနိုင်ငံက ဂင်္ဂါမြစ်သည်လည်း ပင်လယ်သို့ရောက်တော့ ပန်းဝင်သည် မဟုတ်လော့?. အီဂျစ်က နိုင်းမြစ်၊ ဥရောပက ရိုင်းမြစ်၊ မြောက်အမေရိကက မစ္စစပီမြစ်၊ တောင်အမေရိကက အမေဇုံတို့သည်လည်း ပင်လယ်သို့သာ ၀င်ကြလေကုန်၏။ အမည်တို့ကို ကုန်းပေါ်မှာ ထားခဲ့ကြလေသည်။ ပင်လယ်ထဲသို့ရောက် အမည်ပျောက်၍ ပေါင်းကြလေကုန်၏။
“Peace, Harmony, Co-Existence”, ဟူသည် အမည်အမျိုးမျိုးရှိသောမြစ်တို့ ပင်လယ်သို့ ၀င်ကြကုန်သည်နှင့် တူ၏။ အောက်တိုဘာလ နှစ်ဆယ့်ခုနှစ်ရက်နေ့ည ရှစ်နာရီခန့် ဘာတီကန်နန်းတော်သို့ ပြန်ရောက်၏။ မိုးတစ်ဖွဲဖွဲ ကျရောက်နေသည်။ မိုးရေမှုန်တို့အောက်က ရွှေရောင်တောက်ပနေသော စိန့်ပီတာကျောင်းတော်ကြီး၏ အမိုးလုံးလုံးကို လျှစ်စစ်မီးမောင်းများ အားကောင်းစွာထိုးထားသဖြင့် ရှုမ၀နိုင်အောင် ကြည့်နူးရသည်။ မိုးဖွဲများ သဲလာသဖြင့် ရောမမြို့တော်၏ လမ်းတို့မှာ ငွေရောင်တောက်နေသည်။ ခပ်ဖြေးဖြေးမောင်းခဲ့ရသည့်အတွက် ညဆယ့်တစ်နာရီရောက်မှ ဟိုတယ်ပြန်ရောက်ကြလေသည်။ ဟိုတယ်ပြန်ရောက်တော့ တီဗွီ တယ်လီဗေးရှင်းမှ သတင်းများ ဖွင့်ကြည့်သည်။ ဘာသာပေါင်းစုံ အစည်းအဝေးမှ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို နောက်တစ်ကြိမ်ပြန်လွင့်တာ ကြည့်လိုက်ရသည်။ နှစ်ဆယ့်ရှစ်ရက် နံနက်ခင်းတွင် မနက်စာ စောစောစား၍ ပုတ်ရဟန်းမင်းကြီး၏ ရုံးချုပ်သို့ သွားကြရသည်။ အရေးကြီးသော နေရာတိုင်း၌ ၀ါ-စိမ်း-နီ အကွက်ဆင်းဖြင့် ချုပ်ထားသည့် ယူနီဖေါင်းကို ဆင်မြန်းထားသော ဆွစ်ဇာလန်လူမျိုး လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေကြသည်ကို တွေ့ရသည်။ အချို့က ဓာတ်ပုံတွဲရိုက်ကြသည်။ ပုတ်ရဟန်းမင်းကြီး၏ ရုံးချုပ်ခန်းမဆောင်ကြီး တစ်ခု၌ “VIP” သတ်မှတ်ထားသည့် ဘာသာရေးခေါင်းဆောင် နှစ်ရာ့ငါးဆယ်ခန့်ကို ပုတ်ရဟန်းမင်းကြီးကိုယ်တိုင် တစ်ယောက်ချင်း တစ်ယောက်ချင်း အသီးအသီး တွေ့ဆုံ၍ လက်ဆွဲနှုတ်ဆက်ကာ နှုတ်ဆက်စကား ပြောကြားသည်။ ဤနေရာမှာ ဘာသာရေးခေါင်းဆောင်တို့က လက်ဆောင်ပစ္စည်းအမျိုးမျိုး ပေးကမ်းကြသည်။ အရေးကြီးပုဂ္ဂိုလ်နှင့် အရေးမကြီးပုဂ္ဂိုလ်ကို လည်ပင်း၌ ချိတ်ဆွဲရသည့် မှတ်ပုံတင်ကဒ်ပြား၌ အရောင်ဖြင့် ခွဲထားသည်။ အနီရောင် မှတ်ပုံတင်ကဒ်ကို “VIP” ပေး၍ အပြာရောင်ကို ရိုးရိုးတက်ရောက်သူအား ပေးထားသည်။ ထို့နောက် ထိုခွဲထားချက်အတိုင်း ခန်းမဆောင်ကြီးတစ်ခု၌ အနီ-အပြာအမှတ်အသားဖြင့် အီတလီအရသာမျိုးစုံပါဝင်သည့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံလေသည်။ နေ့လည်စာ စားပြီးသောအခါ ဘာတီကန်ကို ကြည့်ကြသည်။ စိန့်ပီတာကျောင်းတော်ကြီးကို လှည့်လည်ကြည့်ရှုကြသည်။ မြန်မာ Mission” နှင့် ထိုင်း “Mission” ကို ထိုင်းလူမျိုးဘစ်ရှော့အဆင့်ရှိ ရိုမာန်ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး “Andrew” က လိုက်လံရှင်းလင်းပြသ ဟောပြောသည်။ ဘာတီကန်ရုံးအဖွဲ့က စီမံထားသော ဓာတ်ပုံဆရာ၏ ရိုက်ကွက်စီဒီ ဓာတ်ပြားများကို ဘာတီကန်မြို့တော်အတွင်း စိန့်ပီတာကျောင်းပေါက်ဝက ဓာတ်ပုံဆိုင်တစ်မှာ အကြောင်းသိသော အဖွဲ့ဝင်ကိုယ်စားလှယ်တော်တို့က တိုးလျှိုး၍ ကူးယူခဲ့ကြသည်။
နှစ်ဆယ့်ရှစ်နေ့ ညနေခင်းနှင့် ညဥ့်ဦးယာမ် ရောမမြို့အလှအပကို အနည်းငယ်မျှ ကြည့်ရှုခဲ့ကြပြီး ဟိုတယ်ပြန်၍ ပစ္စည်းသိမ်းရသည်။ နှစ်ဆယ့်ကိုးရက်နေ့ နံနက်ခင်း ဟိုတယ်မှထွက်၍ ရောမလေဆိပ်သို့ သွားကြရသည်။ မြန်မာသံရုံးက ကပ်သော မြန်မာထမင်းဟင်းအရသာကို မြိန်ယှက်စွာစားသုံးကြပြီး အီတလီလေကြောင်းဖြင့် ရောမမြို့မှ မီလန်မြို့သို့ ခရီးဆက်ခဲ့ကြသည်။ ထိုင်းလေယာဉ်ပျံသည် ရောမတစ်လှည့် မီလန်တစ်လှည့် အဆင်းအတက်ပြုလုပ်သည်ဖြစ်ခြင်းကြောင့် အပြန်တွင် ရောမရက်နှင့် မကြုံဘဲ မီလန်ရက်နှင့် ကြုံနေခြင်း ဖြစ်သည်။ မီလန်သို့ရောက်တော့ ထိုင်းလေယာဉ်ပျံကောင်တာသို့ဝင်၍ ချက်ကင်လုပ်ပါသည်။ လေယာဉ်ပျံအင်ဂျင်စက်ထဲ ငှက်တွေ ၀င်သွား၍ လေယာဉ်ပျံ မတက်နိုင်တော့ပါဟု ထိုင်းလေယာဉ်ဝန်ထမ်းများက ဆိုကြသည်။ မိမိစုထားသည့် ထိုင်းလေယာဉ်ပျံ ပျံသန်းထားသည့် မိုင်ပေါင်းရှစ်သောင်းခန့်တို့ ကိန်းအောင်းနေသော ပလက်တီနန်ကဒ်ကို ပြလိုက်တော့ မီလန်မြို့လေဆိပ်က ထိုင်းလေကြောင်းအမှုထမ်းတို့သည် ချက်ချင်းခရီးဆက်နိုင်အောင် စီမံပေးကြသည်။ အီတလီနိုင်ငံ၊ မီလန်မြို့မှ ဂျာမဏီလေယာဉ်ပျံသို့ တင်ပေးလိုက်သည်။ မီလန်မှ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖတ်မြို့သို့ ဂျာမန်လေကြောင်းဖြင့် ညရစ်နာရီမှာ ရောက်ကြသည်။ ဖရန့်ဖတ်လေကြောင်းရှိ ထိုင်းလေကြောင်းဝန်ထမ်းတို့က လေဆိပ်ထဲမှာစီးသော ဘက္ထရီဖြင့်မောင်းသော ကားကလေးဖြင့် ထိုင်းလေယာဉ်ပျံဆိုက်ထားသော ဂိတ်အရောက်ပို့ပေးကြသည်။ အကောက်ခွန်နှင့် လူဝန်မှုကြီးကြပ်ရေး လုံခြုံရေးတို့ကို အစစ်အဆေးခံယူခြင်း၊ ဖြတ်သန်းခြင်းတို့၌ ဘက္ထရီကားကလေးကိုမောင်းသောဂျာမန်လူမျိုး ယာဉ်မောင်းအမျိုးသမီးကြီးက ဆောင်ရွက်ပေးသဖြင့် ကားပေါ်က မဆင်းလိုက်ရဘဲ အဆင့်ဆင့်ဖြတ်သန်း၍ လေယာဉ်ပျံ တံခါးပေါက်သို့ ရောက်သွားသည်။ နောက်ဆုံးခရီးသုံးယောက် သီတဂူဆရာတော်၊ အတွင်းရေးမှူးသုံး ဦးဝင်းအောင်နှင့် ဖာသာတင်ဝင်းတို့ သက်ပြင်း ဟင်းကနဲချ လေယာဉ်ပျံထိုင်ခုံပေါ် ထိုင်ချလိုက်ကြသည်။ အချင်းချင်းကြည့်၍ ပြုံးနေကြသည်။ ကမ္ဘာ့အ၀ှမ်း ငြိမ်းချမ်းပါစေ! သတ္တလောကတစ်ခုလုံး ကြိမ်မီးအုံးသလို ဖြစ်ခြင်းမှ လွတ်မြောက်ကြပါစေ!.
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ! ဟု အားလုံး ဆုတောင်းကြပါသည်။ ထိုင်း၊ အီတလီ၊ ဂျာမဏီတို့ကို ဖြတ်သန်းခဲ့ရသော ပုတ်ရဟန်းမင်းကြီး စီမံသည့် ငြိမ်းချမ်းရေးခရီးမှ ပြန်လာပြီးနောက်၊ အောက်တိုဘာလ သုံးဆယ်ရက်နေ့မှာတော့ မြစ်ကြီးနား၊ ပူတာအို စက္ခုဒါနခရီးကို ဆက်ကြရလေသည်။ ရပ်နေသော ရေသည် ညစ်၏၊ မပြတ်စီးနေသော ရေသည် သန့်ရှင်း၏။

မှတ်ချက်/ ပုတ်ရဟန်းမင်းကြီး၏ ကမ္ဘာ့ငြိမ်းချမ်းရေး မိန့်ခွန်းကို သီးခြားဖေါ်ပြထားပါသည်။

(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ---ရှင်သုခ (မင်းလှ)
Royal Residency, Buddha Gaya, R. No. 301,
02-12-11, 23:45နာရီမှာ လက်ရေးမူပြီးသည်။
read more “ကမ္ဘာ့ငြိမ်းချမ်းရေးမှ အဆက်”

ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲ

0 comments Saturday, December 3, 2011
ကမ္ဘာပေါ်လူသားတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ဘာသာတရားတို့သည် အပြင်အပ အသွင်အပြင် သို့မဟုတ် အပေါ်ယံ အနေအထားအမျိုးမျိုး မတူခြားနား ကွဲပြားကြသော်လည်း အတွင်းကျကျ အနှစ်သာရ “Inner core” မှာမူ များစွာတူညီကြပေပြီ။ ဥပမာ သီလ “Precept”, မေတ္တာ “Universal love”, ကရုဏာ “Compassion”, ပညာ “Wisdom”, ဤဆိုခဲ့သည့် အဓိကကျသော အချက်အလက်တို့မှာ ဘာသာတရားအားလုံးတို့၏ “Commom Platform”, သဖွယ်ဖြစ်သော “(Ethical System), များ ဖြစ်ကြသည်။ သူ့နည်းသူ့ဟန်ဖြင့် ကျင့်သုံးကြပုံများ ကွာခြားနိုင်ဖွယ်ရှိသော်လည်း အားလုံးတို့၏ ဦးတည်ချက်မှာ သန္တိ (သျှန္တီ)၊ ငြိမ်းချမ်းခြင်း။ အကမ္ပိ၊ မတုန်လှုပ်ခြင်း သို့မဟုတ် တည်းငြိမ်ခြင်း။ “Stabality”, ၀ိမုတ္တိ၊ လွတ်မြောက်ခြင်း။ “Freedom” ဟူသည့် ဘုံရည်ရွယ်ချက်များ၌ သူ့နည်း သူ့ဟန်ဖြင့် တူညီကြသည်က များပေသည်။ ထို့ကြောင့် ဘာသာတရားတိုင်း၌ ခွင့်လွတ်ခြင်း၊ “Forgiveness”, သီးခံခြင်း၊ “Tolerance”, အနတ္တ၊ “Self-lessness”, ကိုယ်ကျိုးမဖက်ခြင်း။ သူတပါးတို့၏ အကျိုးစိးပွားကို ဆောင်ရွက်ခြင်းတို့သည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘုံကျင့်စဉ် “Common Ethic” များဖြစ်သည်ဟု သဘောရပေသည်။ အီတလီနိုင်ငံ၊ ရောမမြို့ထဲက ဘာတီကန်မြို့တော်တွင် ဗဟိုဌာနချုပ်ထားရှိသော သို့မဟုတ် ရုံးစိုက်သော ရေစ်ယာန်ဘာသာဝင်တို့၏ အကြီးဆုံး အကြီးအကဲ ပုတ်ရဟန်းမင်းကြီးက အထောက်အပံ့ “Sponsor” ပေးသဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံ အစည်းအဝေးပွဲကြီး တစ်ခုကို ရောမမြို့တော်မှ သုံးနာရီခွဲမျှ ရထားစီး၍သွားရသော ရောမမြို့၏ အနောက်ဘက်ယွန်းယွန်းမှာ ရှိသည့် အစီစီ (……) တောင်ပေါ်မြို့လေး တစ်ခု၌ ကျင်းပခဲ့သည်။ ရိုမာန်ကက်သလစ် ဘာသာဝင်တို့၏ခေါင်းဆောင် ပုတ်ရဟန်းမင်းကြီးက အသွားအပြန် လေယာဉ်စရိတ်များ၊ ဟိုတည် တည်းခိုခများ၊ ပြည်တွင်းခရီးစဉ် သွားလာမှုများအားလုံးကို တာဝန်ယူ၍ နိုင်ငံပေါင်း(၁၀၀)ကျော်မှ ဘာသာတရားအားလုံးတို့၏ ဘာသာရေးခေါင်းဆောင်ပေါင်း(၂၀၀)ကျော်ကို ဖိတ်ကြားခဲ့သည်။ ရောမမြို့လေဆိပ်၌ ရိုမာန်ကက်သလစ် ဘုန်းတော်ကြီးများ၊ သီလရှင်များက ယုယုယယ လှိုက်လှိုက်လှဲလှဲ ကြိုဆြိုကပါသည်။ ဖိုက်စတားဟိုတည်များ၌ နေရာထိုင်ခင်းပေးပါသည်။ အလွန်အရေးကြီးပုဂ္ဂိုလ်များကို သီးခြားကားငယ်ကလေးများဖြင့် ကြိုဆိုသယ်ဆောင်ကြပြီး အခြားပုဂ္ဂိုလ်များကို အဆင့်မြင့် ဘတ်စ်ကားကြီးများစီစဉ်၍ အကူအညီ အစောင့်အရှောက် လမ်းညွှန်ပုဂ္ဂိုလ်များဖြင့် ခရီးဦးကြိုဆို ပြုကြပါသည်။ မြန်မာနိုင်ငံမှ သီတဂူဆရာတော်၊ ရိုမာန်ကက်သလစ်ဘုန်းတော်ကြီး ဦးတင်ဝင်း၊ သီတဂူအတွင်းရေးမှူးသုံး ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။ နေရာတကာ အင်္ဂလိပ်စကားပြော၍မရသော အီတလီ၌ ရောမရောက် မြန်မာသံရုံးက သံအမတ်နှင့် သံတမန်ဝန်ထမ်းများက ကြိုဆိုခြင်း၊ လမ်းညွှန်ခြင်း၊ လိုက်လံပြသခြင်းတို့ခြင့် “Buddhist Mission”, ကို များစွား အကူအညီ အထောက်အပံ့ပေးခဲ့လေရာ အခက်အခဲ အဖုအထစ်မရှိ ချောမောပြေဖြစ်၍ အလွန်ဝမ်းသာ ကျေးဇူးတင်ရပေသည်။
၂၇-ရက်နေ့ နံနက်စာကို ဟိုတယ်မှာ စောစောစားကြပြီး ပုတ်ရဟန်းမင်းကြီး၏ ဗဟိုဌာနဖြစ်သော ဘာတီကန်မြို့တော် စိန့်ပီတာကျောင်းတော်ကြီးသို့ သွားကြရသည်။ စိန့်ပီတာကျောင်းတော်ကြီး၏ အနီး၌ ပုတ်ရဟန်းမင်းကြီး၏ရထား စိုက်ရောက်ထားပြီး ဖြစ်သည်။ အတွဲပေါင်း(၇)တွဲပါသော ပုတ်ရဟန်းမင်းကြီး၏ တွဲတို့ကို နံပါတ်အစဉ်အတိုင်း ထိုးထားသည်။ သီတဂူအဖွဲ့စီးလာသော ဘတ်စ်ကားမှာ နံပါတ်သုံးဖြစ်၍ ရထားရောက်တော့လည်း တွဲနံပါတ်သုံးမှာပင် နေရာယူကြရပါသည်။ ရထားမှာ ထမင်းဆိုင်တွဲ၊ ကော်ဖီဆိုင်တွဲပါသဖြင့် အလွန်အစဉ်ပြေပါသည်။ ဒိုးလျှိုပေါက် အမြီးမှခေါင်း၊ ခေါင်းမှ အမြီးသို့ သွားလာနိုင်ပါသည်။ တွဲပေါ်ရောက် ကြည့်လိုက်တော့ “Syprus, Greek, Turkis, Azarbaijan, Iran, Iraq, အစရှိသော “Middle-East” က ဘာသာရေးခေါင်းဆောင်များ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ္စတန်၊ ကာဇစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စတဲ့ “Central Asia” နိုင်ငံများမှ မရင်းနှီးဘူးသည့် ဘာသာရေးခေါင်းဆောင်များ၊ ထို့အပြင် တောင်အာဖရိကနှင့် တောင်အမေရိကတိုက်မှ ဘာသာရေးခေါင်းဆောင်များကို တွေ့ရပေသည်။ ဘာတီကန်မှ ရထားထွက်သည့်အခါ ရထားတွဲများကို ဒိုးလျှိုပေါက် လျှောက်လှမ်းကြည့်မိခဲ့ရာ အရောင်အသွေးမျိုးစုံနှင့် အဆင်အပြင် အသွင်အပြင် အမျိုးမျိုးအဖုံဖုံတို့နှင့် ဘာသာရေးမျိုးစုံတို့၏ ပန်းမျိုးပွင့်သည့် ပန်းဥယျာဉ်တစ်ခု ရွေ့လျားနေသကဲ့သို့ တွေးထင်မိလေသည်။
လမ်းဘေးဝဲယာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အပြည့်အ၀ ချထားသည်ကို အစီစီမြို့ရောက်သည့်အထိ တွေ့ရသည်။ ရထားလမ်းနှင့် မော်တော်ကားလမ်း ဘေးချင်းယှဉ်လျက် သွားသောနေရာတိုင်း၌လည်း အီတလီပုလိပ်တို့၏ လုံးခြုံရေးယာဉ်များ ၀ဲယာနှစ်ဖက်ညှပ်၍ လိုက်ပါလာသည်ကို တွေ့ရသည်။ ကောင်းကင်ယံက ဟယ်လီကော်ပတာ ရဟတ်ယာဉ်လုံခြုံရေးလည်း တစ်လျှောက်လုံးလိုက်ပါလာလေသည်။ လမ်းဘေးဝဲယာတို့၌ ခရီးတစ်လျှောက်လုံး ပန်းခိုင်များ၊ အလဲငယ်ကလေးများကို ဝှေ့ရန်းနှုတ်ဆက်ကြသည့် လူအုပ်ကြီးမှာ မိဘဆွေမျိုးတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ခရီးအဝေးမှ ရွာသို့ပြန်လာရာတွင် ရွာအ၀င်မှ ဆွေမျိုးဥာတကာတွေ ကြိုဆိုနေကြသလိုပင် ဖြစ်သည်။ မိမိနှင့် နှစ်ခုံတွဲမှာ ဘေးတိုက်ယှဉ်၍ထိုင်လာသူကား နယူးယောက်မြို့မှ ဘစ်ရှော့(Bipshop)တစ်ပါးဖြစ်သည်။ မျက်နှာချင်းဆိုင်ခုံမှ နှစ်ယောက်တွဲမှာ ကညာနှင့် ကွန်ဂိုတို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည်။ ဘာတီကန်မှ ခုနှစ်နာရီထွက်သော ရထားသည် အစီစီမြို့သို့ ဆယ်နာရီမှာရောက်သည်။ အစီစီမြို့ က မြို့ဝင်မြို့ထွက် ကြိုဆိုနေသည့် လူအုပ်ကြီးမှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ဆွေမျိုးများနှင့် ပြန်လည်ဆုံးတွေ့သည့်အလား အားပါးတရ ကြည့်နူးမှုကို ခံစားရသည်။ အစီစီမြို့၊ စိန့်ဖရန်စစ်ဘုရားကျောင်းကြီး၏ အ၀င်ဝမှ ပုတ်ရဟန်းမင်းကြီးက စောင့်ကြိုနေသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ကို ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်သည်။ ကျောင်းတော်ကြီး၏ ဘုရားဝတ်ပြု ခန်းမဆောင်၌ အားလုံးစုဝေးကြသည်။ ထိုကျောင်းတိုက်ကြီး၏ အကြီးအကဲ ရိုမာန်ကက်ကလစ်ဘုန်းတော်ကြီး ---------က နှုတ်ခွန်းဆက်စကား မြွက်ကြားသည်။ ဘာသာရေးခေါင်းဆောင် တစ်ဆယ့်ငါးယောက်ခန့်က ငြိမ်းချမ်းရေးစကား၊ သီးခံခွင့်လွတ်ခြင်း မေတ္တာစကား မိန့်ကြားကြသည်။ ပုတ်ရဟန်းမင်းကြီးက ထိုနံနက်အခန်းအနား၏ အပိတ်နှုတ်ဆက်မိန့်ခွန်း မိန့်ကြားသည်။ ထိုအစီစီမြို့၊ စိန့်ဖရန်ဆစ်ကျောင်းတိုက်ကြီး၏ ဧည့်ခန်းမဆောင်ကြီး၌ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးကြသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ အတူတကွ နေ့လည်စာ သုံးဆောင်ကြသည်။ နေ့လည်စာ စားပြီးလျှင် ဆယ့်နှစ်နှစ်နာရီမှ တစ်နာရီအထိ ဘာသာရေးခေါင်းဆောင် တစ်ယောက်စီ တစ်ယောက်စီတို့အား တစ်ယောက်စီ တစ်ယောက်စီနေဖို့ ကမ္မဋ္ဌာန်းကျောင်းငယ်လေးများနှင့်တူသည့် သီးခြားအခန်းငယ်လေးများ ပေးသည်။ ဘာသာရေးခေါင်းများ အသီးအသီး တစ်ယောက်စီ တစ်ယောက်စီ သူ့နည်း သူ့ဟန်ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းများ တောင်းကြရန်ဖြစ်သည်။
သီတဂူဆရာတော်ကိုယ်တိုင်ကတော့ ရတနာသုတ်ကို ကိုးခေါက်ရွတ်၍ ပရိတ်နှင့်ဆုတောင်း ပေါင်းလိုက်သည်။ ခေတ္တမျှမှိန်း၍ ငြိမ်ငြိမ်နေနေတုန်း တံခါးခေါက်သံကြား၍ ကြည့်လိုက်ရာ နေ့လည် တစ်နာရီ ဆယ့်ငါးမိနစ် ရှိနေပေသည်။ ခပ်သုတ်သုတ်ပြေးဆင် နံပါတ်သုံးကားပေါ်တက်ပြီး ကားတန်းကြီးထွက်ခဲ့ရာ စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ ရုပ်အလောင်းသိမ်းဆည်းထားရာ အစီစီမြို့၏ အနောက်ဘက် တောင်ကုန်းပေါ်သို့ တက်ရလေသည်။ စစ်ကိုင်းတောင်နှင့် ခပ်ဆင်ဆင် တူတော့သည်။ ကျောင်းကြီး၏အပေါက်ဝ ရင်ပြင်မှာ ဆောက်ထားသော စင်မြင့်ပေါ်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ခု ပြုကြသည်။ တစ်ယောက်လျှင် စက္ကန့်သုံးဆယ် လေးဆယ်မျှစီ ငြိမ်းချမ်းရေးစကား ပြောကြသည်။ ပုတ်ရဟန်းမင်းကြီးက အခန်းအနားသိမ်းစကားကို မြွက်ကြားသည်။ အပြစ်ရှိသူ လုသားတို့ အပြစ်ကင်း၍ သန့်ရှင်းခြင်း၊ လွတ်မြောက်ခြင်း အထိမ်းအမှတ်ကို ရည်ရွယ်သည်ဟု ယူဆသည်။ ခိုဖြူအကောင် တစ်ရာခန့် ကောင်းကင်သို့ လွတ်တင်ခဲ့ကြပါသည်။ ထို့နောက် စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ အရိုးတော်များ သိမ်းဆည်းထားရာ ကျောင်းတော်ကြီးအတွင်းသို့ ၀င်ကြသည်။ ပြန်ထွက်လာတော့ တောင်ထိပ်ရင်ပြင်မှ နေ၍ ရှေ့နောက်ဝဲယာ ကြည့်မိရာ စစ်ကိုင်းတောင် ဆွမ်းဦးပညရှင် ရင်ပြင်တော်က နေ၍ အရှေ့အနောက် ကြည့်လို့ မြင်ရသည့်မြင်ကွင်း၏ အရသာမျိုးနီးနီးကို ခံစားရချေသည်။
တောင်ကုန်းပေါ်ကအဆင်း ၀ဲယာတောင်တန်းတစ်လျှောက် ဈေးဆိုတန်းများမှာ မန္တလေးတောင်တန်းအတက်၊ ကျိုက်ထီးရိုးတောင်တန်းအတက်က ဈေးဆိုင်တန်းများနှင့် ခပ်ဆင်ဆင်တူသည်ကို သတိပြုမိသည်။

ဆက်လက် ဖတ်ရှုရန်---
read more “ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲ”

ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး

0 comments


***ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး***
ဤအစည်းအဝေးကြီးပွဲကြီးကို -2011-ခု၊ နိုင်ဝင်ဘာလ၊ 27-28-29 ရက်နေ့များတွင် သုံးရက်တိုင်တိုင်ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ စုစည်းညီညွတ်မှုအထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း၊ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား၏ ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။
နိုင်ငံပေါင်း (47)နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူပေါင်း (500)ခန့်တက်ရောက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်တို့၏ အစည်းအဝေးပွဲကို နယူးဒေလီမြို့တွင်အခြေစိုက်သော မဟာယာန၊ ၀ဇီရာယာန၊ ထေရ၀ါဒတို့ပူးပေါင်းပါဝင်သည့် အသောကမစ်ရှင် အသောကသာသာနပြုအဖွဲ့က တာဝန်ယူ၍ စည်းရုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖိတ်ကြားထားသော ဧည့်သည်တော်များ၏ အသွား အပြန်ခရီးစရိတ်နှင့် (5)ရက်စာ ဟိုတယ်ခများကို အသောကမစ်ရှင်အဖွဲ့က လှူဒါန်းခဲ့သည်။ ထို့ပြင် အထူးဧည့်သည်တော်များကိုမူ အိန္ဒိယအဲယားလိုင်းဖြင့် ဗုဒ္ဓဂယာနှင့် ဗာရဏသီ သံဝေဇနိယဒေသနှစ်ခုသို့ ညအိပ်ဘုရားဖူးပို့ပေးခဲ့ပါသည်။ ဤဗုဒ္ဓဘာသာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်မှာ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇီရာယာနဗုဒ္ဓဘာသာဂိုဏ်း အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ကျယ်ပြန့်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းတည်ထောင်ရန်ရည်ရွယ်သည်။ ထိုဗုဒ္ဓဘာသာအစည်းအရုံးကြီးကို (International Buddhist confederation(IBC) ဟုခေါ်ဆိုသည်။ ဤအဖွဲ့အစည်းကြီးသည် ဗုဒ္ဓဘာသာဂိုဏ်းအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း မကြာမကြာတွေ့ဆုံဆွေးနွေး၍ အသိဥာဏ်များဖလှယ်ကြရန် ချစ်ခင်ရင်းနှီးမှုများကိုတည်ဆောက်ကြရန် ဗုဒ္ဓသာသနာထိန်းသိမ်းရေး, ပြန့်ပွားရေး, တိုးတက်ရေးနှင့်ကာကွယ်စောက်ရှောက်ရေးတို့ကို ဗုဒ္ဓဘာသာဝင်အားလုံး အတူလက်တွဲဆောင်ရွက်ကြရန်ရည်ရွယ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာအမွေအနှစ်များ၊ အထူးသဖြင့် လုမ္ဗိနီ၊ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ သာဝတ္ထိ၊ ကုသိန္နာရုံ၊ ဆန်ချီ၊ အဂျန်တာအစရှိသော ဒေသများကို ၀ိုင်းဝန်းထိန်းသိမ်းစောက်ရှောက်ကြရန် ရည်ရွယ်သည်။ လူငယ်များအတွက် အခြေခံ ဗုဒ္ဓသာသနာပြုကျောင်းများနှင့် စကော်လာ ပညာရှင်များအတွက် ကောလိပ်၊ တက္ကသိုလ်များကို တည်ထောင်ကြရန် ရည်ရွယ်သည်။ အတိုချုပ်မှာ "United Buddhist organization" တစ်ခုဖွဲ့စည်း၍ "common plat fount" တစ်ခုတည်ဆောက်ကြကာ လက်တွဲလမ်းလျှောက်ကြရန် ဗုဒ္ဓသာသနာကို ကာကွယ်စောက်ရှောက်ကြရာနှိုက် တစ်ခုတည်းသောအသံ (united voice) ဖြင့် ကာကွယ်စောက်ရှောက်ကြ ရန်ရည်ရွယ်သည်။ သို့ဖြစ်ခြင်းကြောင့် "global Buddhist congregation" က "International Buddhist confederation" ကို ဖွဲ့စည်းသည်။ ဤအဖွဲ့အစည်းကြီး၏ အောက်၌ ဆပ်ကော်မတီများစွာဖြစ်လာမည်။ လိုရင်းအချက်မှာ "Buddhist confederation" က "collaboration of Buddhist affair" လုပ်ရမှာဖြစ်သည်။ ဂင်္ဂါ ယမုနာနှင့် အိန္ဒုမြစ်နှင့် အမည်မျှသာကွဲပြားကြခြင်းဖြစ်သည်။ ရေဆိုသည်မှာ အတူတူပင်ဖြစ်သည်။ ဂင်္ဂါ၊ ယမုနာ၊ အိန္ဒုမြစ်တို့သည် သူတို့၏ အမည်နာမများကို ကုန်းပေါ်မှာအားလုံးထားခဲ့ကြပြီး ကောင်းကင်ပြာအောက်က ဆားငန်ရေမှာ ပေါင်းသွားကြသည်။ ပင်လယ်သမုဒ္ဒရာ၌ "confederate" နှင့် "collaborate" လုပ်လိုက်ကြသည့်အတွက် တစ်ရောင်တည်း တစ်သွေးတည်း အရသာ တစ်ခုတည်းဖြစ်ကြလေကုန်၏။ ဤဗုဒ္ဓဘာသာအစည်းအဝေးကြီးကို နိုဝ်င်ဘာလ(27)ရက် နံနက် (9)နာရီမှာ အသောကဟိုတယ် အစည်းအဝေးခန်းမဆောင်ကြီး၌ ကျင်းပပါသည်။ ထေရ၀ါဒပါဠိဖြင့် ပရိတ်ရွတ်ခြင်း၊ သက္ကဋကိုအခြေခံသော တိဗက်သံဖြင့် ပရိတ်ရွတ်ခြင်းတို့ဖြင့် ဖွင့်လှစ်သည်။ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ "lov zan" က နှုတ်ခွန်းဆက်စကား မိန့်ကြားသည်။ အိန္ဒိယနိုင်ငံသမ္မတ, ၀န်ကြီးချုပ်, ယဉ်ကျေးမှုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ကြမည်ဖြစ်သော်လည်း တိဗက်သံဃာတော်တို့ ခေါင်းဆောင်စီမံသော အစည်းအ၀းကြီး၌ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား တက်ရောက်သည်ကို တရုတ်နိုင်ငံအစိုးရက ကန့်ကွက်သည်ဖြစ်ခြင်းကြောင့် အိန္ဒိယ အစိုးရ၏ အဖွဲ့အစည်းများမှ မည်သူမျှ တက်ရောက်လာခြင်းမရှိတော့ပေ။ နံနက်ခင်းဖွင့်ပွဲ၌ တိဗက်၊ ကိုရီးယား၊ ဂျပန်၊ သီရိလင်္ကာ၊ လာအို ၊ ကမ္ဘောဒီးယား၊ မြန်မာကိုယ်စားလှယ်တို့ အသီးသီးစကားပြောကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ရွှေကျင်နိကာယ သံဃရာဇာ သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး မြန်မာလိုပြောကြားသည့် မိန့်ခွန်းကို သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဘူတန်၊ မွန်ဂိုလီးယား ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ပန်ဂျပ်၊ အာဖရိကနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်များကလည်း အသီးသီးမိန့်ခွန်းပြောကြသည်။ လားမားကြီး "lov zan" က ကျေးဇူးတင်စကားပြော၍ ဖွင့်ပွဲအစီအစဉ်ပြီးဆုံးသည်။ ညနေ (၆)နာရီ၌ စကာပြောမည့်ပုဂ္ဂိုလ်များနှင့် အလုပ်အမှုဆောင်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းကြသည်။ ညပိုင်းတွင် ယဉ်ကျေးမှုအကများဖြင့် ဧည့်ခံ၍ ညစာစားပွဲကျင်းပသည်။ လူပုဂ္ဂိုလ်များနှင့် မဟာယာနသံဃာတော်တို့ ညစာစားသုံးကြသည်။ (၂၈)နေ့၌ အစည်းဝေးကို ဆက်လက်ကျင်းပရာ "lalit Hotel" ၌ အခန်းလေးခန်းခွဲ၍ ကျင်းပသည်။ အခန်းတစ်ခုမှာ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖြန့််ချိခြင်းနှင့် ဖွဲ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းများ အကြောင်းကို ဆွေးနွေးကြသည်။ ဤအခန်း၌ စကားပြောသူ (၇)ယောက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် သီတဂူဆရာတော်က စာတမ်းတစ်ခု မှတ်တမ်းတင် ပြောကြားခဲ့သည်။ (ထိုစားတမ်း၏မြန်မာပြန်ကို သီးခြားဖေါ်ပြမည်)။ အခန်းကဏ္ဍ(၂)၌ ဗုဒ္ဓတရားတော်နှင့် စိတ်ဓာတ်ကြံ့ခိုင် ကျန်းမာရေးအကြောင်း ဆွေးနွေးကြသည်။ တတိယအခန်းကဏ္ဍ၌ ကိုယ်ကျင့်တရားနှင့် ဘ၀တန်ဘိုးအကြောင်း ဆွေးနွေးကြသည်။ စတုတ္ထအခန်းကဏ္ဍ၌ ပြောင်းလဲနေသော ကမ္ဘာ၌ ဗုဒ္ဓဘာသာ၏အနေအထား အသက်မွေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအကြောင်းတို့ကို ဆွေးနွေးကြသည်။ အထူးကဏ္ဍတစ်ရပ်အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ပတ်ဝန်းကျင်နှင့် သဘာဝကမ္ဘာအကြာင်းကို "Park Hotel" တွင် ကျင်းပသည်။ (၂၉)ရက်နေ့ နံက်၌ "Lalit Hotel" ၌ပင် အသိပညာများစုစောင်းခြင်း၊ "Collective wisdom, Engaged Buddhism, လူမှုရေး ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးကြသည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် အကြမ်းဖက်းခြင်း၊ ဆူပူသောင်းကြမ်းခြင်းတို့ကို ဗုဒ္ဓ၀ါဒရှုဒေါင့်မှ တုန့်ပြန်ခြင်းနှင့် ဗုဒ္ဓသာသနာ၌ အမျိုးသမီးတို့၏ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးကြသည်။ ညနေပိုင်း (၆)နာရီခွဲ၌ အထူးအစည်းအဝေးအဖြစ် မိမိဆိုင်ရာ ညီညွတ်သော ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၏ အကြောင်းကို ဆွေးနွေးကြသည်။ "Park Hotel" ၌ သိပ္ပံပညာ၊ နည်းပညာတို့၌ ဗုဒ္ဓဘာသာဝင်တို့၏ အမြင်ဟူသော အကြောင်းအရာကို ဆွေးနွေးကြသည်။ (၃၀)ရက်နေ့ နံနက်ခင်း၌ လားအိုသံဃာ့ရာဇာ မြန်မာရွှေကျင်နိကာယ သံဃာ့ရာဇာ ၊ တိဗက်သံဃာ့ရာဇာ (ဒလိုင်းလားမား)တို့ ခေါင်းဆောင်သော ဂိုဏ်းပေါင်းစုံ အရောင်စုံ အသွင် အပြင်မျိုးစုံသော သံဃာတော်အားလုံးတို့နှင့် ခရစ်ယန်၊ အစ်စ်လာမ်၊ ဟိန္ဒူ၊ အခြားဘာသာဝင်များ စုပေါင်း၍ မဟတ္တမဂန္ဓီဗိမာန်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပကြသည်။ ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံတို့ စုဆောင်း၍ မြန်မာ၊ လားအို၊ တိဗက် သံဃာ့ရာဇာသုံးပါးတို့က ဗောဓိပင်သုံးပင်ကို နေုရုအထိမ်းအမှတ် ဥယျာဉ်၌ စိုက်ပျိုးကြသည်။ လားအိုက မဟာဗောဓိ၊ တိဗက်(ဒလိုင်းလားမား)က သီဟိုဠ်ဗောဓိ၊ မြန်မာက အာနန္ဒာဗောဓိကို စိုက်ပျိုးခဲ့ကြသည်။ (၃၀)ရက်နေ့ ညနေပိုင်း၌ "International Buddhist Confederation" ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများကို အပြီးသတ်သုံးသတ် ဆုံးဖြတ်ကြသည်။ ညပိုင်း၌ အသောကမစ်ရှင် ကျောင်းတိုက်အတွင်း ဂျပန်ဘုန်းတော်ကြီးများစီမံထုတ်လုပ်သည့် သဒ္ဓမ္မပုဏ္ဍရိကကျမ်းလာသော ဘုရားလောင်းဆယ်ပါးတို့အကြောင်း ဇာတ်လမ်းခင်း၍ စတိတ်ရှိုးပြသည်။ အမေရိကမှလာသည့် ဂျပန်နွယ်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုက ဓမ္မတေးသီချင်းတို့ကို "Rock and Roll" ဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေသွားသည်။ ရောင်စုံမီးတို့ဖြင့် ရှုမငြီးဖွယ်ထိုးထားသော ဗောဓိသတ္တဇာတ်လမ်းများကိုကြည်၍ "Rock and Roll" ဓမ္မတေးများကို နားထောင်လျက် လူပုဂ္ဂိုလ်များနှင့် မဟာယာနဘုန်းတော်ကြီးတို့ ညစာစားပွဲမှာ အထူးမြိန်ရှက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မြင်မိသည်။ သီတဂူသာသနာပြု ကပ္ပိယကာရကအဖွဲ့ဝင်တို့ ကုလားလို ဒိုစာခေါ်သည့် တိုရှည်မုန့်များကို စားကြသည်။ တိုးစားသည့်လူတန်းကြီးမှာလည်း အတော်ရှည်ပါသည်။ နယူးဒေလီ၏ ဆောင်းဦးသည်လည်း အတော်ချမ်းအေးပါသည်။ မြူတွေဆိုင်းလာသဖြင့် စလိုက်မီးရောင်တို့ မုန်မှိုင်းလာသည့်အခါ ဗောဓိသတ္တများလည်း အိပ်တန်းဝင်သွားကြသည့်အလား စင်မြင့်ပေါ်က ပျောက်သွားကြသည်။ "Rock and Roll" ဓမ္မအသံက နယူးဒေလီ၏ ကြိတ်ကြိတ်တိုးမောင်းနှင်နေသော မော်တော်ကားအသံတို့ကို လွှမ်းမိုးသွားသည်။ ရရာကားတောင်း၍ အသောကမစ်ရှင် ဗောဓိသတ္တစတိတ်ရှိုးမှ ပြန်ခဲ့ရာ ည(၁၀)နာရီခွဲမှာ "Lalit Hotel" သို့ ပြန်ရောက်သည်။ ရေနွေးပူပူချိုး၍ အိပ်ယာဝင်ခဲ့သည်။ အိပ်ယာထဲရောက်တော့ မြင်ရောင်နေသည်မှာ အင်္ကျီမပါတဲ့ ဘုရားလောင်း ဆယ်ရောက်တို့တော့ထွက်ခန်း ဘယ်လောက်များချမ်းလိုက်မလဲဟုတွေးမိသည်။ ကြားရောင်နေမိသည်မှာလည်း ဘုရားလောင်းစတိတ်ရှိုးက "Rock and Roll" ဓမ္မတေးသံဖြစ်သည်။ "Hold Samsara, Hold Samsara, Hold Samsara" အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့ ဖြစ်သည်။ နိုဝင်ဘာ(၃၀)ရက်နံနက်ခင်း အခန်းအနားသိမ်းပွဲ၌ တိဗက်ပရိတ်ဖြင့် အခန်းအနားဖွင့်သည်။ Organization ကော်မတီက စတင်စကားပြောသည်။ ဗီယက်နမ်ဘုန်းတော်ကြီး သစ်ကွမ်ဘက (IBC) ဖွဲ့စည်းခြင်းနှင့် အခြေခံသဘောတရားဖွဲ့စည်းပုံ ရည်ရွယ်ချက်တို့ကို ကြေညာသည်။ ကိုရီယား၊ ဂျပန်၊ တိဗက်၊ သီဟိုဠ်၊ ဂျာမဏီ၊ အင်္ဂလန်ကိုယ်စားလှယ်များ မိန့်ခွန်းပြောသည်။ အထူးသဖြင့် ဂျာမန်ကိုယ်စားလှယ်က ဘိက္ခုနီသာသနာပြန်လည်ဖေါ်ထုတ်ဖို့ ဦးစားပေးပြောသွားသည်။ သူပြုစုထားသည့် ဘိက္ခုနီသာသာနအကြောင်း စာအုပ်ငယ်လေး၌ နိဒါန်းရေးပေးရန် ဒလိုင်းလားမားအား တောင်းပန်သွားသည်။ စာအုပ်လက်ဆောင်များ အပြန်အလှန် ပေးကြသည်။ အထူးကိုယ်စာလှယ်များကို တိဗက်ရဟန်းမင်းကြီးက ကိုယ်တိုင်လက်ဆောင်ပေးသည်။ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမားက နိဂုံးချုပ် အနှစ်ချုပ်စကား ပြောကြားသည်။ သူ၏အနှစ်ချုပ်စကားကို ထပ်မံ၍အနှစ်ချုပ်ရလျှင် ဗုဒ္ဓဘာသာတရားတော်သည် ရှေးခေတ်က အာရှတိုက်၏ကိုးကွယ်ရာတရား "Asian Religion" ဖြစ်ခဲ့သည်။ သို့သော် ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့ဘာသာတရား "World Religion" ဖြစ်နေပြီ၊ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုးပွားအောင်လုပ်ဖို့ ပြန့်ပွားအောင်လုပ်ဖို့ တိုက်တွန်းလေသည်။ ထို့အပြင် ဗုဒ္ဓတရားတော်များ၏ မူရင်းအခြေခံမှာ ပါဠိဘာသာဖြစ်သည်ဟု မိန့်ကြားသည်။ ပါဠိဗုဒ္ဓ၀င်ကို ဖေါင်ဒေးရှင်းချ၍ သက္ကတဗုဒ္ဓ၀င်ကို အပေါ်က အိမ်သဖွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ တန္တရစ်ဗုဒ္ဓ၀င်ကား အိမ်၏ အချွန်အတက်များသာဖြစ်သည်ဟု မိန့်ကြားတော်မူသွားသည်။ ဗုဒ္ဓဘာသာဂိုဏ်းတွေအားလုံး အပေါ်ယံအကာပိုင်းမှာ မတူညီနိုင်ကြသော်လည်း အတွင်းအနှစ်သာရပိုင်းမှာ တူညီနိုင်ပါသည်။ ဘာသာတရားတို့၏အနှစ်သာရသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်။ သီလကောင်းမှ သမာဓိရမည်၊ သမာဓိရှိသော ပုဂ္ဂိုလ်မှ ပညာဖြင့် သစ္စာကိုထိုးထွင်းသိမြင်နိုင်မည်။ ပညာဝင်မှ ကိလေသာထွက်သည် ကိလေသာချုပ်ခြင်းကို နိရောဓဟုခေါ်သည်။ အဲဒါကြောင့် မဟာယာနတွေ ဟိနယာနတွေ ဘိက္ခုတွေ ဘိက္ခုနီတွေ ဒီနာမည်တွေက အပိုတွေပဲ "Inner core" အတွင်းပိုင်းအနှစ်သာရက သီလ၊ သမာဓိ၊ ပညာပါပဲ၊ "Inner core" ရှိမှုညညနမ စနခေန ကိုရတယ်။ အဲဒါကြောင့် ဘာအစ်ဇင်း ဘယ်ယာနကိုကျင့်ကျင့် အသွင်အပြင်တွေ အမည်နာမတွေ အရေးမကြီးပါဘူး အတွင်းပိုင်းအနှစ်သာရကို ကျင့်၍ အတွင်းပိုင်းငြိမ်းချမ်းရေးရအောင် လုပ်ကြပါဟု မိန့်ကြား၍ နိဂုံးချုပ်ပါသည်။ ဒလိုင်းလားမားကိုကြည့်ရတာ ဂါရ၀ နိဝါတရှိသည့် ရိုးသားသော ရဟန်းသူတော်စင်တစ်ပါးဖြစ်သည်ဟု ယူဆသည်။ လားအို၊ မြန်မာသံဃာ့ရာဇာနှစ်ပါးကို ဖူးမျှော်ချင်သည်ဟု သတင်းလာပို့သည့်အခါ ဖူးချင်လျှင် ကြွာလာခဲ့ပါ လက်ခံတွေ့ဆုံပါမည်ဟု ပြန်လည်သတင်းပို့လိုက်တော့ (၂၉)ရက်နေ့ နေ့လည်ခင်း (၃)နာရီမှာ မြန်မာကိုယ်စားလှယ်တော်အဖွဲ့တည်းခိုရာ "Lalit Hotel" သို့ ရောက်ရှိလာပါသည်။ ဟိုတယ်အတွေတွေ မန်နေဂျာက ဟိုတယ်(၁၄)ထပ် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး တည်းခိုနေသော အခန်းဘေးက ဧည့်ခန်းကိုပြင်ဆင်ပေးပါသည်။ လုံခြုံရေးအစောင့်များနှင့် ညနေ(၃)နာရီတွင် ရောက်ရှိလာပါသည်။ လားအိုသာသနာပိုင်ဆရာတော်ကြီးကို လက်ဆွဲနှုတ်ဆက် လက်အုပ်ချီ ဒူးကိုအကြိမ်ကြိမ်ဦးတိုက်၍ ရှိခိုးနှုတ်ဆက်သည်။ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးကိုလည်း လက်အုပ်ချီ၍ နဖူးခိုက် ဦးတိုက်လျက် အကြိမ်ကြိမ်ရှိခိုးလေသည်။ ပြီးတော့ စကားပြောကြသည်။ သီတဂူဆရာတော်ကို စတင်၍ မေးသည်မှာ အခုအသက် ဘယ်လောက်ရှိပြီလဲ၊ အသက်ဘယ်လောက်တုန်းက ရဟန်းဝတ်သလဲ?၊ မေးပြီးတော့ သူအသက်(၂၀)က ရဟန်းဝတ်တာ အခု (၈၅)နှစ်ရှိပြီ၊ (၆၅)၀ါရပြီဟုဆိုပါသည်။ ၀ါဆိုဆရာတော်ကြီး၏ သက်တော်ကို မေးသည် (၉၆)နှစ်ရှိပြီဟု ပြောသည့်အခါ ဦးတိုက်၍တိုက်၍ နဖူးခိုက်လျက် အကြိမ်ကြိမ်ရှိခိုးပြန်ပါသည်။ ၀ိနည်းအကြောင်းပြောကြသည် ထေရ၀ါဒမှာ (၂၂၇)သွယ်ရှိသည် တိဗက်မှာ (၂၅၃)ရှိသည်ဟု ပြောပါသည်။ များများနည်းနည်းဘုရားပေးတဲ့ စည်းကမ်းတွေပဲ အကုန်လိုက်နာလျှင် ကောင်းသည်ဟုဆိုပါသည်။ သုတ္တန်တွေကတော့ အများကြီးပဲ ဒါပေမဲ့ ကျင့်ရမှာကတော့ မဂ္ဂင်ရှစ်ပါးပါ အဘိဓမ္မာဆိုတာ သစ္စာတရားပဲဟု ဆွေးနွေးကြသည်။ သစ္စာသိရင် နိရောဓပဲပေါ့ဟုဆိုသည်။ ဗုဒ္ဓသာသနာမှာ မူရင်အကျဆုံးဆိုတာကို သဘောတူလက်ခံသည်။ သီလ၊ သမာဓိ၊ ပညာသည် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အနှစ်သာရဆိုသည်ကိုလည်း သဘောတူလက်ခံသည်။ သစ္စာတရားသည် ငြိမ်းချမ်းရေးတရားပင်ဖြစ်သည်၊ အားပါးတရ ပွင့်ပွင့်လင်းလင်း ပြောကြသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနှင့် တိဗက်သာသနာပိုင် ပုဂ္ဂိုလ်တို၏ ဆွေးနွေးခန်းကို သီတဂူဆရာတော်ကြီးနှင့် ဒေါက်တာမျိုးမြင့်တို့က ဘာသာပြန်ပေးကြသည်။ ကာလေန ဓမ္မသာကစ္ဆာ အမှန်ပင်ဖြစ်သည်။ ဓမ္မသာကစ္ဆာနိဂုံး၌ ၀ါဆိုဆရာတော်ကြီးက စိတ်ဓာတ်ကြံကြံခိုင်ခိုင်ထား လောကဓမ်ရှစ်ပါး မုန်တိုင်းတိုက်ခိုက်ရာ၌ မတုန်လှုပ်စေနဲ့ဟု မိန့်ကြားတောေ်မူသည်။ တိဗက်သံဃာ၊ မြန်မာသံဃာ မေတ္တာကြိုး ခိုင်ခိုင်ချည်ထားရမည်ဟု မိန့်ကြားတော်မူသည်။ နဖူးတိုက် ဦးခိုက်၍ပြန်ခါနီးတွင် မြန်မာတို့ ၀ိနည်းစည်းကမ်းကောင်းကြောင်း ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန်လေးစားချစ်ခင်ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည် ကမ္ဘာမှာ အလွန်ကျော်ကြားသည့်ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက်ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ မိန့်ကြားချက်ကို ဘာသာပြန်၍ပြောလိုက်သည်။ ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျှော်သည့်အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှဲ့ပါ။ ဟေ့ ဟေ့ ဖိတ်ဖို့ မမေ့နဲ့ပါဟု ပြုံးပြုံးပျော်ပျော်ပြော၍ ဟိုတယ်မှ ပြန်လည်ထွက်ခွါသွားပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"။
"သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ ထွန်းတောက်ပါစေ"။

(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ---ရှင်သုခ (မင်းလှ)
ွှ့The Hotel Lalit New Delhi, R. No.1209
၀၁-၁၂-၁၁/ ၂၃း၄၀နာရီမှာ လက်ရေးမူပြီးသည်။
read more “ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး”