Showing posts with label မာတာပိတု ဥပဋ္ဌာနမင်္ဂလာ ပျက်သုဉ်းကုန်ပြီလား?. Show all posts
Showing posts with label မာတာပိတု ဥပဋ္ဌာနမင်္ဂလာ ပျက်သုဉ်းကုန်ပြီလား?. Show all posts
မာတာပိတု ဥပဋ္ဌာနမင်္ဂလာ ပျက်သုဉ်းကုန်ပြီလား?
0 comments Thursday, October 6, 2011
အထက်ဖေါ်ပြပါ ဓာတ်ပုံရှင်မှာ မိခင်ရင်းဖြစ်သော အသက်(၈၀)ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီးအတွင်း၌ စွန့်ပြစ်ထားခြင်းခံခဲ့ရသော အဘွားအို၏ ဖြစ်ရပ်မှန်တစ်ခုဖြစ်သည်။
မာတာပိတု ဥပဋ္ဌာနမင်္ဂလာအရ=မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ။ တဿာ ဥတုမှိ နှာတာယ၊ ဟောတိ ဂဗ္ဘဿ ဝေါက္ကမော၊ တေန ဒေါဟဠိနီ ဟောတိ၊ သုဟဒါ တေန ၀ုစ္စတိ=အလွန်ကောင်းသော စိတ်နှလုံးရှိသူများ။ ။ နှလုံးဖြူစင်၊ မွေးမိခင်၊ ခေါ်တွင်သုဟဒ။ ။ သံဝဇ္ဇရံ ၀ါ ဦနံ ၀ါ၊ ပရိဟရိတွာ ၀ိဇာယတိ၊ တေန သာ ဇနယန္တီတိ၊ ဇနေတ္တိ တေန ၀ုစ္စတိ=မိခင်သည် သားသမီးတို့ တစ်နှစ်လည်းကောင်း၊ ယုတ်လျှော့၍လည်းကောင်း ၀မ်းနှိုက်လွယ်ပြီးမှ မွေးဖွားခဲ့ရပါသည်။ ၀မ်းနှိုက်လွယ်ကြင်၊ ဖွားသန့်စင်၊ ခေါ်တွင် ဇနေတ္တိ။ ထနခီရေန ဂီတေန၊ အင်္ဂပါဝုရဏေန စ၊ ရောဒန္တံ ပုတ္တံ တောသေတိ၊ တောသေန္တိ တေန ၀ုစ္စတိ=မိခင်သည် ငိုကြွေး၍နေသော သားငယ် သမီးငယ်ကို နို့ချိုတိုက်ကျွေးလည်းကောင်း၊ သီချင်းသီဆို၍လည်းကောင်၊ အင်္ဂါအစိတ်အပိုင်းတွေကို ပွေ့ပိုက်၍လည်းကောင်း ချော့မြူ၏။ ။ တတော ၀ါတာတပေ ဃောရေ၊ မမံ ကတွာ ဥဒိက္ခတိ၊ ဒါရကံ အပ္ပဇာနန္တံ၊ ပေါသေန္တိ တေန ၀ုစ္စတိ= မိခင်သည် သားငယ် သမီးငယ်ကို မိမိနှင့်အတူပြုလျက် မွေးမြူတတ်ကြပါသည်။ သို့အတွက်ကြောင့် စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက ပြာသိုလ်လပြည့် အမေ့နေ့ဆိုပြီး မြန်မာနိုင်ငံမှာ ဖြစ်မြှောက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိဘကို အိမ်မှာမွေးထားသော ခွေးတွေ ကြောင်တွေကို ဘုရားဝိုင်း ကျောင်းဝိုင်းတွေမှာ စွန့်ပြစ်သလို စွန့်ပြစ်ခဲ့သော မိဘများကို ပြုစုလုပ်ကျွေးရမည့်တာဝန်ကို ပျက်ကွက်ခဲ့သော ထိုဇနီးမောင်နှံတို့သည် လောကကြောင်းဖြင့်လည်း အပြစ်သင့်၊ ဓမ္မကြောင်းဖြင့်လည်း အပြစ်သင့်ပေသည်။ ထိုမျှမက ပုဗ္ဗာစရိယဂုဏ်၊ အာဟုနေယျဂုဏ်၊ ဗြဟ္မာဟုခေါ်ဆိုထိုက်သောဂုဏ် စသည်စသည်ဂုဏ်များစွာဖြင့် ပြည့်စုံပေသော မိဘများအား စွန်ပြစ်ခဲ့သော သားသမီးတွေလောက် မိုက်မဲသောသူ လောကမှာ ရှိလိမ့်မည်မဟုတ်ပေ။ တိရစ္ဆာန်တွေထက် မိုက်မဲသောပုဂ္ဂိုလ်များဟု ဆိုလျှင်ပင် ရိုင်းမည်မထင်။ (ဘလောကာ၏ အာဘော်ဖြစ်သည်)။
သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။
စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။
အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။
''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။
ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်။
(မူရင်း)
Subscribe to:
Posts (Atom)
