ဘုရားဖူးမှတ်တမ်း

သီတဂူဆရာတော်ဦးဆောင်သော သီတဂူအဖွဲ့သည် ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်လျက် ဗုဒ္ဓဂယာ နိုင်ငံတကာ တိပိဋက ရွတ်ဖတ်ပူဇော်ပွဲသို့ ထွက်ခွါခဲ့ကြသည်။ ထိုနေ့ နံက် ၁၁း၁၅မိနစ်မှာ ဗုဒ္ဓဂယာလေဆိပ်သို့ရောက်ပါသည်၊ နေ့လည်စာကို မြန်မာကျောင်းမှာ သုံးဆောင်ခဲ့ကြပါသည်၊ ၄င်းနောက် သုဇာတဟိုတယ်တွင် ခေတ္တမျှအနားယူကြပြီး မဟာဗောဓိဘုရားကြီးသို့ သွားရောက်ဖူးမျှော်ကြပါသည်၊ ၀၂-၁၂-၁၂နေ့နံက် ၇နာရီမှာတော့ မြန်မာကျောင်းမှ စတင်လျက် မိမိနိုင်ငံအလိုက် ဆိုင်းဘုတ်များကိုင်ဆောင်ကာ Kalachakra မည်သောကွင်းအတွင်း တည်ဆောက်ထားသော မဏ္ဍပ်တွင် နေရာယူကြပြီး နေ့လည်စာ သုံးဆောင်ကြပါသည်၊ နေ့လည် ၂နာရီမှာတော့ မဟာဗောဓိပင်အောင်တွင် ဖွင့်ပွဲအခမ်းအနား စပါသည်၊ သီတဂူဆရာတော်၊ ဆရာတော်ဦးရာဇဓမ္မာဘိဝံသနှင့် တိပိဋကဆရာလေးပါး အပါအ၀င် ပင့်ဖိတ်ထားသော နိုင်ငံတကာဆရာတော်များ နေရာယူကြပြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးရောက်သည့်အခါ အခမ်းအနား စတင်ဖွင့်ပါသည်၊ အခမ်းအနားမှာ ညနေ ၅နာရီတွင် ပြီးဆုံးသွားပါသည်။ ၀၃-၁၂-၁၂နေ့တွင် ကားငါးစီးဖြင့် ရာဇဂြိုဟ်ရှိ ဆရာဇီဝက၏ သရက်ဥယျဉ်ကျောင်းတော်ရာ၊ ဝေပုလ္လတောင်ပေါ်ရှိ ဂျပန်စေတီပေါ်တွင် တရားဟော တရားနာပြုလုပ်ခဲ့ပြီး၊ ဓာတ်တော်တိုက်နှင့် ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍာတိုက်တို့ကိုလေ့လာပြီး နာလန္ဒသို့ ခရီးဆက်ခဲ့ပြီး နာလန္ဒတက္ကသိုလ်ဟောင်းတွင် သီတဂူဆရာတော်က တရားစကားပြေားကြားခဲ့ပါသေးသည်၊ ၄င်းနောက် နာလန္ဒကျောင်းတော်ဟောင်းလေ့လာပြီး ဗုဒ္ဓဂယာသို့ ပြန်ခဲ့ကြပါသည်။ ၀၄-၁၂-၁၂နေ့တွင် သီတဂူ ဘုရားဖူးအဖွဲ့သည် ဗုဒ္ဓဂယာမှ ဗာရာဏသီသို့ ခရီးဆက်ခဲ့ပါသည်။ ဗာရာဏသီတွင် ဓမ္မစင်္ကြာရိပ်သာကျောင်းတွင် နေ့လည်စာသုံးဆောင်ကြပြီးနောက် မြတ်စွာဘုရား တရားဦးဟောတော်မူခဲ့ရာ မိဂဒါဝုန်သို့ သွားရောက်ဖူးမျှော်ကြပါသည်။ သီတဂူဆရာတော်က ဓမ္မရာဇိကစေတီပျက်ပေါ်တွင် တရားဟော တရားနာစေခဲ့ပါသည်။ ၄င်းနောက် အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြပြီး မိမိနှစ်သက်ရာ တစ်ကိုယ်တော် ရိုက်စေခဲ့ပါသည်။ ထိုမှတဖန် ကိုလှမြင့်ဆိုင်တွင် ဈေးဝယ်စေခဲ့ပါသည်။ ဈေးဝယ်ပြီးနော် ရမ်ဒရဟိုတယ်တွင် တည်းခိုကြပါသည်။ ၀၅-၁၂-၁၂ နေ့တွင် ဆရာတော်နှင့်အဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဂယာသို့ပြန်ကြပါသည်။ စာရေးသူနှင့် ဦးဓမ္မက၊ ကျောင်းအမတို့က သာဝတ္ထိသို့ ခရီးဆက်ကြပါသည်။ သာဝတ္ထိအ၀၀်တွင် တိတ္ထိတို့ကို နှိမ်နင်းပြီး တန်ခိုးပြရာ သရက်ဖြူကုန်း စေတီတော်ကိုဖူးမျှော်ပြီး မြန်မာကျောင်းတွင် တစ်ညမျှ တည်းခိုးလျက် ၀၆-၁၂-၁၂ နေ့၊ နံက်စာစားပြီးနောက် မြန်မာကျောင်းဆရာတော် ဦးသြဘာသက ဇေတ၀န်ကျောင်းတွင်းတွင် တရားဟောခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ကြပြီး၊ နေ့လည်စာကို မြန်မာကျောင်းတွင်ပင် သုံးဆောင်ကြပြီးလျှင် ကုသိန္နာရုံသို့ ခရီးဆက်ကြပါသည်။ ၄င်းမြို့တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ဂန္ဓကုဋီတိုက်အတွင်းရှိ မြတ်စွာဘုရားရုပ်ပွားတော်မြတ်ကို သင်္ကန်းကပ်လှူကြပြီး ဓာတ်ပုံရိုက်ခြင်း၊ ဘုရားရှိခိုးခြင်းများ ပြုလုပ်ခဲ့ကြပြီး Royal Resident Hotel တွင် တည်းခိုကြပါသည်။ ၀၇-၁၂-၁၂ ရက်နေ့တွင် ကုသိန္နာရုံမှ ဂယာသို့အပြန်တွင် ကေသရိယစေတီနှင့် ဝေသာလီရှိ ဓာတ်တော်တိုက်၊ ဂျပန်စေတီနှင့် ဒုတိကသင်္ဂါယနာတင်ခဲ့ရာ ၀ါဠိကာရုံကျောင်းတော်တို့ကို ဖူးမျှော်ခဲ့ကြပြီးနောက် ခရီးဆက်ခဲ့ရာ ညနေ ၅း၃၀ခန့်တွင် ဂယာရှိ သုဇာတဟိုတယ်သို့ ရောက်ကြပါသည်။ ခေတ္တမျှ အပန်းဖြေကြပြီး မဟာဗောဓိစေတီတော်ကို သွားရောက်ဖူးမျှော်ကြပါသည်။ သီတဂူအဖွဲ့တစ်ဖွဲ့သည် ၈ရက်နေ့နံက် ၁၁း၂၀မှာတော့ မြန်မာ့လေကြောင်း (MAI)ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါသွားကြပါသည်။ ရှင်သုခ(မင်းလှ)

1 comments:

Sunrisemyanmar.blogspot.com said...

သီတဂူ မိသားစုအားလုံး သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေလို့
ဆုတောင်းမေတ္တာပို့သ လိုက်ရပါသည်။

Post a Comment