လမင်းဘုရား

ပျိုရွယ်သွေးကြွ၊ ငယ်စဉ်ကမူ ငါနှင့် ငါသာ၊ နှိုင်းစရာဟု ပညာမုန်ယို၊ မဆိုစလောက် မာန်စောင် မြောက်ခဲ့မိပါသည်။ ။ ယခုမှာမူ ဇရာမုန်း၍၊ လူလုံးမလှ ယွတ်တွ ယွင်းယို၊ ခန္ဓာကိုယ်နှင့် အိုကြီးအိုမ၊ ငါ့ဘ၀သည် မလှမပ၊ ရှိခဲ့ပြီ။ ။ လောကဓာတ်ဆုံး၊ နေလုံးကွယ်ပျောက် ညမှောင်ရောက်သို့၊ မှဲ့ပြောက်ယှက်ဖြာ ငါ့ခန္ဓာလည်း၊ မကြာတိမ်မြှုပ် ဇိဝိန်ချုပ်ဖို့၊ မလှုပ်လှက်သာ ၀ိဇ္ဇာဥာဏ်ကင်း၊ အသိဖျင်းလျက် သေမင်းခေါ်က၊ လိုက်ပါရမည် ဘ၀နေ၀င်ချိန် ပါတကား။ ။ ထိုစဉ်ခိုက်ဝယ် လှိုက်လှဲ မေတ္တာ၊ ကြင်နာသနား၊ လမင်းဘုရားလျှင် ငါ့အား ချီးမြောက်၊ ကြွလာရောက်စဉ် အစ္စယော မံ ဘန္တေ၊ အစ္စာဂမာ အစဖြာလျှက် ကျမ်းလာရှိမှန်၊ တောင်းပန်လျှောက်ထား၊ ငါ့စကားကို ၀ုဒ္ဓိဟေသာ အာယတိံ သံဝရ မိန့်ဟစကား၊ ခွန်းတုံ့ကြားလျှက် မြွက်ထားဆုံးမ၊ သြ၀ါဒကို တုပ်ကွနာစဉ်၊ အသိဝင်၍ ရင်တွင်ပီတိ၊ ဂွမ်းဆီထိသို့၊ ရွန်းအိဝေဖြာ၊ ဘယာကွေကွင်း၊ ငါ့ရင်တွင်းဝယ် လမင်း ဘုရား လင်းခဲ့ပြီ။ ။ အော် ---- အနောက်ဖက်ဆီ၊ နေ၀င်ပြီမို့ ရောင်နီပြိုးပြက်၊ မလင်းလက်လည်း ရှေ့ဖက်ဆီမှ သော်တာလသည် ရွှန်းပ -- ၀င်းလက်ခဲ့ပြီတကား။ ။ လမင်းဘုရားသို့ ထာဝရ ဦးခိုက်လျှက် တပည့် ဒေါက်တာသြသဓသာရ

0 comments:

Post a Comment