သာမညဖလသုတ် အခါတော်နေ့

0 comments Saturday, November 20, 2010
၁၃၇၂-ခု၊ တန်ဆောင်မုန်းလပြည့်(၂၁-၁၁-၁၀)တနင်္ဂနွေနေ့သည် သာမညဖလသုတ် အခါတော်နေ့ဖြစ်ပါသည်။ ဆီးနှင်း၊ မြူ-တိမ်၊ သူရိန်-မီးခိုး ညစ်မျိုးငါးပါး ကင်းစင်ပသည့် လပြည့်ဝန်းကြီးကိုကြည့်ပြီး မဂဓတိုင်းကြီး၏ပြည့်ရှင် ဘုရင်အဇာတသတ္ထုမင်းသည် ဤအခါအချိန်မျိုးမှာ မည့်သည့်ပုဂ္ဂိုလ်ထံသွားပြီး တရားတော်များနာရလျှင် ကောင်းမည်နည်းဟု အကြံအစည်ဖြစ်ပါသည်။ ထို့ကြောင့် မင်းတိုင်ပင်ခံ အမတ်တို့အား မေးမြန်းလေရာ ပုရာဏကဿပအစရှိသော ဒိဋ္ဌိဆရာကြီးခြောက်ယောက်ထံသွားပြီး တရားနာလျှင် ကောင်းလိမ့်မည်ဟု အကြံပြုကြလေသည်။ အဇာတသတ္ထုမင်းသည် သွားရောက်၍ ရဟန်းပြုရခြင်း၏ အကျိုးကို မေးမြန်းရာ ဒိဋ္ဌိဆရာကြီးခြောက်ယောက်တို့က-ကုသိုလ်၊ အကုသိုလ်၊ ငရဲ၊ တိရစ္ဆာန်၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ချမ်းသာဆိုတာ မရှိဘူးဆိုတဲ့ နတ္ထိက၀ါဒကိုလည်းကောင်း၊ ဆင်းရဲခြင်း ချမ်းသာခြင်းသည် အကြောင်းကင်းလျက်ဖြစ်တယ် အကြောင်းမရှိဘူးဆိုတဲ့ အဟေတုက၀ါဒကိုလည်းကောင်း၊ ဘာလုပ်လုပ် လုပ်ချင်တာလုပ် လုပ်ရာမရောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ ရုပ်ကလာပ်၊ ဓားဆိုတာ ရုပ်ကလာပ်၊ လူတစ်ယောက်က လူတစ်ယောက်ကို ဓားနဲ့ထိုးလျှင်ပင် ပြစ်မှုမရောက်ဘူးဆိုတဲ့ အကိရိယ၀ါဒကိုလည်း ဖြေကြားကြကုန်၏။ အဲဒါကြောင့် အဇာတသတ္တုမင်းကြီး အလွန်စိတ်ပင်ပန်းခဲ့ရလေသည်။ ထိုဒိဋ္ဌိဆရာကြီး ခြောက်ယောက်တို့၏တရားများသည် မိစ္ဆာဒိဋ္ဌိတရားများပင် ဖြစ်သောကြောင့် တကယ့်အေးချမ်းမှုကို ပေးစွမ်းနိုင်သောတရားများ မဟုတ်ကြောင်း သိရှိလျက် သမားတော်ကြီးဇီဝကအား မေးမြန်းလေသော် သမားတော်ကြီး ဇီဝကက သဗ္ဗညုမြတ်စွာဘုရားထံသွားပြီး တရာတော်များနာလျှင် ကောင်းမည်ဟုအကြံပေးပြီး မြတ်စွာဘုရား အထံတော်သို့ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ်တို့ဖြင့် ၀န်းရံလျက် ခေါ်ဆောင်သွားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က ဤသာမညဖလသုတ်တော်ကို ဟောတော်မူခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလစသည်ဖြင့် ဆောက်တည်ကျင့်ကြံအားထုတ်ရမည့် ကိုယ်နှုတ်စိတ်ကို ထိမ်းသိမ်းကျင့်ရမည့်တရားများကို ဟောကြားတော်မူပါသည်။ ရဟန်းပြုရုံမျှဖြင့် ဘုဇိဿသုခကို ရရှိခြင်းဆိုတဲ့ ကျေးကျွန်အဖြစ်မှ ကင်းလွတ်ခြင်း ချမ်းသာကို ခံစားရပါသည်။ ထိုမှတပါး သီလကို ဆောက်တည်ခြင့်းဖြင့် အန၀ဇ္ဇသုခ၊ သမာဓိ၏အကျိုးကျေးဇူးဆိုတဲ့ ၀ိဝေကသုခ၊ ပညာတရား၏ အကျိုးကျေးဇူး ၀ိမုတ္တိသုခကို ရရှိမည်ဖြစ်တဲ့ အဆင့်ဆင့်အားထုတ်ရပုံမျာကို ဟောကြားတော်မူခဲ့ပါသည်။ ထိုအခါမှစ၍ အဇာတသတ္ထုမင်းသည် သာသနာပြုမင်းတစ်ပါး ဖြစ်လာသော်လည်း အဖကို သတ်မိသောအပြစ်ကြောင့် အ၀ီစိငရဲတွင် နှစ်သုံးသောင်း ကျရောက်ခံစားရလေသည်။ အမှန်စင်စစ်အားဖြင့် နှစ်ခြောက်သောင်းခံရမှာဖြစ်ပေမဲ့ ရတနာသုံးပါးကို အကြွင်းမဲ့ သက်ဝင်ယုံကြည့်ကိုးကွယ်ခဲ့သောကောင်းမှုကြောင့် လွတ်မြှောက်ခဲ့ခြင်းဖြစ်လေသည်။ ဤသည်ကို အကြောင်းပြု၍ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလသုတ် အခါတော်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။
ထိုနေ့တွင် စာရေးသူနှင့် ဦးဝိသုတအားဖြင့် သူငယ်ချင်းနှစ်ပါးတိုင်ပင်လျက် ဗာရာဏသီတက္ကသိုလ်တွင် ပညာရည်နို့သောက်နေကြကုန်သော မြန်မာပြည့်ဖွား သံဃာတော် (၂၃)ပါးတို့အား နေ့ဆွမ်း၊ မုန့်၊ သစ်သီးစသည်တို့ဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ ဤကုသိုလ်ပုည ပြုသမျှကို မယ်တော်ကြီးနှင့်တကွ မြင်အပ် မမြင်အပ်၊ ဝေးနေ နီးနေ၊ ဝေနေယျများစွား သတ္တ၀ါမှန်သမျှ အနန္တတို့အား အမျှပေးဝေလိုက်ပါသည်၊ အမျှရကြကုန်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း။ ။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ ။

ရှင်သုခ (မင်းလှ)
read more “သာမညဖလသုတ် အခါတော်နေ့”

လှေကလေး ပျော်ပျော်စီးရအောင်

0 comments Thursday, November 18, 2010
ဒီနေ့ သူတော်ကောင်းအပေါင်းတို့ ဘာလုပ်တဲ့နေ့လဲဆိုရင် ရိက္ခာကောင်းတွေ စုဆောင်းတဲ့နေ့ဖြစ်တယ်။ ဘယ်လိုရိက္ခာကောင်းတွေ စုဆောင်းတဲ့နေ့လဲဆိုတော့ နေ့တိုင်းလည်း ဘုရားတပည့်တော်တို့ လှူနေတာပဲဘုရား၊ အဘယ်ကြောင့် ဒီနေ့မှ ရိက္ခာကောင်းတွေ စုတဲ့နေ့လို့ ဟောရပါသလဲဆိုရင် နေ့တိုင်းစုနေတဲ့ ရိက္ခာတွေက ဘုံဆိုင်ရက္ခာတွေ စုနေကြတာဖြစ်တယ်။ အဘယ်ကြောင့် ဘုံဆိုင်ဖြစ်ရသလဲဆိုရင် ရေ၊ မီး၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်သောသူစတဲ့ ရန်သူမျိုးငါးပါးနဲ့ မပြတ်ဆက်ဆံနေလို့ ဘုံဆိုင်။ ဒီနေ့ စုဆောင်းလိုက်တဲ့ ရိက္ခာကောင်းတွေက ဘယ်ရန်သူမျိုးမှ မဖျက်ဆီးနိုင်ဘူး တမလွန်ဘ၀ကိုလည်း ယူသွားလို့ရတယ်၊ အဲဒါကြောင့် ကိုယ်ပိုင်ရက္ခာကောင်းတွေကို စုနေတာဖြစ်တယ်။ ဒီရိက္ခာကောင်းက ဘာလုပ်ဖို့လဲဆိုတော့ ကူတို့စီးဖို့ပဲတဲ့၊ မြတ်စွာဘုရားက (၃၁)ဘုံသား သတ္တ၀ါတွေကို သနားလွန်းလို့ မဂ်ဖိုလ်သို့ရောက်နိုင်တဲ့ ကုသိုလ်တွေကို ပြုစေချင်လွန်းလို့ ဥပမာအမျိုးမျိုးနဲ့ ဟောတော်မူခဲ့ပါတယ်။
အဲဒီ ဥပမာ အမျိုးမျိုးထဲက ဒီနေ့ သူတော်ကောင်းတို့ရဲ့ အလှူမှာ ကူတို့လှေကလေး ဥပမာပေးဟောတဲ့တရားနဲ့ ဓမ္မဒါနပြုပါ့မယ်။ အဲဒါကြောင့် တရားနိဒါန်းပျိုးတဲ့အနေနဲ့ လိုက်ဆိုလိုက်စမ်းပါ။
(ကူတို့လှေပမာ၊ ရုပ်ခန္ဓာ၊ တူစွာမှတ်ကြလေ)=သုံးခေါက်ဆိုပါ။
မြတ်စွာဘုရားက ချစ်သား ချစ်သမီတို့ သင်တို့ရထားတဲ့ ခန္ဓာကိုယ်ကြီးက ကူတို့လှေကြီးနဲ့တူတယ်။ ကူတို့လှေဆိုတာ ချောင်းတွေ မြစ်တွေဖြတ်ပြီး ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း၊ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို ပို့ပေးရတဲ့ကူတို့လှေ၊ အဲဒီကူတို့လှေပေါ်မှာ လှော်တဲ့လူရယ်၊ စီးတဲ့လူရယ် လူနှစ်ယောက်အမြဲပါရတယ်။ ကူတို့လှေပေါ်မှာ စီးတဲ့လူရှိမှ ကူတို့လှေသမားက လှော်ပို့ပေးတယ်။ ဒါကြောင့် လှေစီးတဲ့လူက ဘယ်သူလဲဆိုတော့---ဆိုလိုက်--
(နာမ်ခန္ဓာမူ၊ လှေစီးသူ၊ ပုံတူမှတ်ကြလေ) သုံးခေါက်ဆို။
ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်း၊ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းပို့တဲ့ ကူတို့လှေစီးကြသလိုပဲ ဟောဒီရုပ်ခန္ဓာ ကူတို့လှေပေါ်စီးလိုက်ကြမည့် ခရီးသွားတွေက ဘယ်သူတွေလည်းဆိုတော့ စိတ်၊ စေတသိက်နာမ်ခန္ဓာတွေ။ စိတ်(၈၉)ပါး။ စေတသိက်(၅၂)ပါး။ အဲဒီ စိတ် စေတသိက်ဆိုတဲ့ နာမ်ခန္ဓာတွေက လှေစီးသမား ခရီးသွားနဲ့တူတယ်။ အဲဒီတော့ စိတ် စေတသိက်ဆိုတဲ့ နာမ်ခန္ဓာခရီးသွားတွေက အမြဲပဲ စီးနေကြတော့မှာလားဆိုတော့ မဟုတ်ဘူး၊ လောကမှာရှိတဲ့ ကူတို့လှေစီးတဲ့ခရီးသွားတွေ ကိုယ်လိုချင်တဲ့ဆိပ်ကမ်းရောက်ဆင်းပြီး ကိုယ်အလုပ်ရှိရာဌာနကို အနှံ့သွားကြသလိုပဲ၊ အဲဒီ ရုပ်ခန္ဓာပေါ် စီးနင်းလိုက်ပါကြတဲ့ နာမ်ခန္ဓာ စိတ် စေတသိက်ဆိုတဲ့ ခရီးသွားတွေကလည်း သူတို့လိုချင်တဲ့ဆိပ်ကမ်းရောက်ရင် ရုပ်ခန္ဓာဆိုတဲ့ ကူတို့လှေကြီးပေါ်ကဆင်းပြီး သူတို့သွားချင်တဲ့နေရာကို ခရီးဆက်ကြရအုံးမယ်တဲ့။
ကူတို့လှေပမာ၊ ရုပ်ခန္ဓာ၊ တူစွာမှတ်ကြလေ။
နာမ်ခန္ဓာမူ၊ လှေစီးသူ၊ ပုံတူမှတ်ကြလေ။
အို နာ နှစ်ဝ၊ လှော်ပို့ကြ၊ နေ့ည မဆိုင်းပေ။
လောကမှာ လူတွေစီးနေကြတဲ့ ကူတို့လှေကြီးမှာ ဦးစီးနဲ့ ပဲ့စီးလို့ ကူတို့သမားနှစ်ယောက်ရှိသလို၊ ရုပ်ခန္ဓာလှေကြီးပေါ်မှာ လိုက်ပါစီးနေတဲ့ စိတ် စေတသိက်ဆိုတဲ့ နာမ်ခန္ဓာလှေသမားတွေကို ဟိုဘက်ကမ်းရောက်အောင် လှော်ခတ်ပို့နေတာက ဇရာဆိုတဲ့ ကူတို့သမားကြီးရယ်၊ ဗျာဓိဆိုတဲ့ ကူတို့သမားကြီးရယ်ဖြစ်တယ်။ ဒါဖြင့် ဒီဇရာ ဗျာဓိဆိုတဲ့ ကူတို့သမားကြီးနှစ်ယောက်က ဘယ်ဘက်ကမ်းကနေ ဘယ်ဘက်ကမ်းကို လှော်ပို့နေကြတာတုန်းဆိုရင် ဇာတိပဋိသန္ဓေနေတယ်လို့ခေါ်တဲ့ ဒီဘက်ကမ်းကနေ မရဏဆိုတဲ့ ဟိုဘက်ကမ်းရောက်အောင် ပို့နေကြတာဖြစ်တယ်။
လောကမှာ စီးနေရတဲ့ ကူတို့လှေသမားတွေက နေ့လည်ဘက်မှာ လှော်နေကြတာဖြစ်တယ်၊ ညဘက်ရောက်တော့ နားကြရလိမ့်ဦးမယ်လေ၊ ဒီရုပ်ခန္ဓာ လှေကြီးလှော်နေတဲ့ လှေသမားကြီးနှစ်ယောက်ကတော့ နေ့လည်းမနား ညလည်းမနားရဘူး အမြဲတန်း လှော်ခတ်နေကြရတယ်။ အဲဒါကြောင့် ဆိုလိုက်ပါ---
အို နာ နှစ်ဝ၊ လှော်ပို့ကြ၊ နေ့ည မဆိုင်းပေ၊
ဇာတိ ကမ်းမှ၊ မရဏ ကူးကြ လူတိုင်းလေ။
ရုပ်ခန္ဓာကြီး လှော်တာက ဇရာနဲ့ ဗျာဓိ၊ ဇရာက ဦးကလှော်၊ ဗျာဓိက ပဲ့ကလှော်၊ ဇာတိပဋိသန္ဓေက ကမ်းလို့ခေါ်ဆိုရတဲ့ ဒီမှာဘက်ကမ်းကနေ မရဏ သေခြင်းဘက်ကမ်းရောက်အောင် လှော်ပို့နေကြတာဖြစ်တယ်။ လူတွေကသာ အိပ်နေကြတာ သူတို့ကတော့ လှော်ခတ်နေကြတယ်လေ၊ တမနက်လင်းတာနဲ့ မရဏလမ်းဘက် နီးသွားတာပဲ မဟုတ်လား။ တနေ့ထက် တနေ့၊ တလထက် တစ်လ၊ တနှစ်ထက် တစ်နှစ်၊ ပိုပိုနီးသွားတယ်ပဲလေ၊ လူတိုင်း ကူတို့စီးနေရတာ၊ ဘယ်သတ္တ၀ါမှ မလွတ်ဘူး၊ ကူတို့စီးပြီး သွားနေကြတာချည်းပဲ မဟုတ်ပါလား၊ လောကမှာ ကူတို့လှေစီးပြီး ခရီးသွားတဲ့အခါ မိမိတို့ သွားလိုတဲ့ဆိပ်ကမ်းရောက်တော့ ဆင်းသွားတဲ့အခါ ချမ်းသာတဲ့သူက ရိက္ခာကောင်းကောင်းနဲ့ စားချင်တဲ့ အစားအစာ၊ ၀တ်ချင်တဲ့ အ၀တ်တွေဝတ်၊ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ခရီးဆက်ကြသလို၊ ဆင်းရဲတဲ့သူတွေကတော့ ဒုက္ခပင်လယ်ဝေရပေါ့လေ၊ အဲဒါကြောင့် ရိက္ခာကောင်းကောင်းပါမှ လိုအပ်တဲ့နေရာကို ချမ်းချမ်းသာသာ သွားနိုင်သလို ဒီရုပ်ခန္ဓာလှေကြီးပေါ်မှာ ဇရာ ဗျာဓိဆိုတဲ့ လှေသမားကြီးနှစ်ယောက်လှော်လို့ သေခြင်းဆိုတဲ့ မရဏကမ်းရောက်အောင် ခရီးဆက်ရဦးမယ်၊ ဒီတော့ သံသရာခရီးမှာ ရုပ်ခန္ဓာလှေကြီးစီးပြီး ခရီးဆက်ကြရဦးမယ်။ အဲဒါကြောင့် သံသရာခရီး သွားနေကြတဲ့ သူတော်ကောင်းအပေါင်းတို့မှာ ရိက္ခာကောင်းတွေ လိုလာပြီလေ၊ ရိက္ခာကောင်းဆိုတာက အိမ်မှာရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေကို ဆိုလိုတာ မဟုတ်ဘူးနော်။ အဲဒီပစ္စည်းတွေက ဟိုဘက်ဘ၀ ရုပ်ခန္ဓာလှေပေါ်ကို ယူသွားလို့မရဘူး၊ ဒီဘ၀ ရုပ်ခန္ဓာရဲ့ လှေစီးတဲ့အခါလေးမှာပဲ သုံးလို့ရတယ်လေ၊ အဲဒီ ပစ္စည်းတွေက ရန်သူမျိုး ငါးပါးနဲ့ ဆက်ဆံနေတာဖြစ်တယ်။ အဲဒါကြောင့် သံသရာပင်လယ်ကြီးကလွတ်အောင် ဘာပစ္စည်းတွေ ယူသွားရမလဲဆိုတော့ သီလ၊ သမာဓိ၊ ပညာ-ရိက္ခာကောင်းတွေယူသွားရမယ်၊ အဲဒီပစ္စည်းတွေကမှ မိမိသွားလိုတဲ့ လူဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတွေကို သွားနိုင်မယ်။
ဒါကြောင့် မြတ်စွားဘုရားက ဒါန၊ သီလ၊ ဘာဝနာတရားတွေကို ယူကြ၊ ဒါမှ သံသရာခရီးမှာ ချမ်းချမ်းသာသာ ကျင့်ကြံနေထိုင်ရမှာဖြစ်တယ်။ ဒါကြောင့် သံသရာပင်လယ်မှာ ခန္ဓာလှေကြီး ပျော်ပျော်စီးရအောင် ရိက္ခာကောင်းနဲ့တူတဲ့ ဒါန၊ သီလ၊ ဘာဝနာတရားတွေကို စုဆောင်းကြရမယ်နော်။ ကဲဆိုလိုက်---ကိုယ်နောက်ပါကြောင်း၊ ရိက္ခာကောင်း၊ စုဆောင်းယူကြလေ။
ထိုကဲ့သို့ ဒါန၊ သီလ၊ ဘာဝနာ ရိက္ခာကောင်းတွေကို နေ့စဉ်နေ့တိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ပြီးတော့ နိဗ္ဗာန်တည်းဟူသော မအိုရာ၊ မနာရာ၊ မသေရာဖြစ်တဲ့ ဆိပ်ကမ်းသို့ မိမိ၏ခန္ဓာကိုလှေကြီးပေါ်မှာ ဒါန၊ သီလ၊ ဘာဝနာကူးသမားများနဲ့ လှေကလေး ပျော်ပျော်စီးနိုင်ကြပါစေလို့ ပတ္ထနာအောင်ဆု ပြုလိုက်ကြကုန်ရာသတည်း။
(သာဓု၊ သာဓု၊ သာဓု)

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

ရှင်သုခ(မင်းလှ)
read more “လှေကလေး ပျော်ပျော်စီးရအောင်”