အထက်ပါပုံတွင် ၀ဲဘက်မှ ကင်မရာမင်း မောင်ထိန်လင်းဦ၊ ကိုနိုင်အေး၊ ကိုချစ်မြ၊ ဦးသန်းလွင်၊ ကိုမြင့်အောင်၊ ဒေါက်တာမြတ်သူ၊ ဘာဘူလေးနှ င့် ဦးကျော်ရှိန်တို့ ဖြစ်ကြပါသည်။ ဂျပန် ခရီးစဉ်မှတ်တမ်းမှ ဓာတ်ပုံတချို့ကို တင်ပြလိုက်ပါသည်။
အထက်ပါ ပုံကတော့ စစ်ကိုင်းဗုဒ္ဓတက္ကသိုလ်မှ ဥက္ကဋ္ဌဆရာတော် ဦးကောဝိဒ၊ ကင်မရာမင်း မောင်ထိန်လင်းဦး၊ မန္တလေးကျောင်းအမ ဒေါ်ညွန့်ညွန့်အေးနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ လက်ထောက်ရုံးစာရေး ဒေါ်မြင့်မြင့်ကြည့်တို့ ဖြစ်ကြပါသည်။
ဤပုံသည် သီတဂူဆရာတော်နှင့်ဂျပန်သို့ လိုက်ပါသွားကြသော သီတဂူ သာသနာပြုအဖွဲ့ဝင်များ ဖြစ်ပါသည်။ သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ၊ ရှင်သုခ (မင်းလှ) စုစည်းတင်ပြသည်။ ။
read more “ ”
“ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြု လုပ်ငန်းတွေကြောင့်ပဲ၊ ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါ့တပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ် စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်” (သီတဂူဆရာတော်) တင်ပြသူ-ရှင်သုခ (မင်းလှ)
read more “ ”

သီတဂူ ခရီးသွားမှတ်တမ်း အဆက်

0 comments Wednesday, April 18, 2012
သီတဂူ ဘုရားဖူးအဖွဲ့သည် ၀၅/၆-၀၄-၁၂နေ့တွင် ဗာရာဏသီမြူစီယံအတွင်းရှိ ဓမ္မက္ကရုပ်ပွားတော်နှင့် ခြင်္သေ့ရုပ်ကျောက်တိုင် အခြားလေ့လာစရာများကို လေ့လာခဲ့ကြပြီး နေ့လည်စာကို ဆေးဝင်္ကဘာကျောင်းတွင် သုံးဆောင်လျက် ဗာရာဏသီတွင် သီတင်းသုံး ပညာသင်ကြားနေကြကုန်သော စာသင်သားသံဃာတော်များအား သီတဂူဆရာတော်မှ သြ၀ါဒပေး၍ သံဃာတော်မှာက ကော်ဇောကြီးတစ်ခု၊ အလတ်နှစ်ခုတို့ဖြင့် ကန်တော့ကြပါသည်။ ထို့နောက်တွင် ဂယာမြို့နယ် ဗုဒ္ဓဂယာသို့ ခရီးဆက်ခဲ့ကြပါသည်။ ၄င်းတွင် ရိုင်ရယ်ရက်ဆီးဒင့်ဟိုတယ်တွင် နှစ်တည်းခိုပြီး မဟာဗောဓိစေတီတော်၊ သတ္တဌာန၊ သုဇာတာကုန်းရှိ စေတီတော်၊ မင်းတုန်းမင်းတရားကြီး၏ဇရပ်၊ ဒုက္ကရစရိယကျင့်ရာ ဥရုဝေဠတောတို့ကိုလှည့်လည် ဖူးမျှော်ကြည့်ညိုကြရပါသည်။ ၀၇-၀၄-၁၂နေ့တွင် နေ့လည်စာကို မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးကျောင်းတွင် သုံးဆောင်ခဲ့ကြပြီး ရာဇဂြိုဟ်သို့ ခရီးဆက်ကာ ကောင်းကင်ဝှီးချဲဖြင့် ဂိဇ္ဈကုဋ်တောင်၊ ဂျပန်ဘုရားတို့ကို လေ့လာကြည်ညိုခဲ့ကြပြီး ထိုနေ့တွင် ရာဇဂြိုဟ်ရှိ ရိုင်ရယ်ရက်ဆီးဒင့်ဟိုတယ်တွင် တည်းခိုကြပါသည်။ ဆက်လက်တင်ပြပါမည်။ ။

၀၈-၀၄-၁၂နေ့မှာတော့ ရာဇဂြိုဟ်မှ နာလန္ဒကျောင်းဟောင်း၊ ကျောင်းသစ်တို့ကို လေ့လာခဲ့ပြီး ပတ္တနာရှိ ချန္နကျ ဟိုတယ်တွင် တည်းခိုခဲ့ကြပါသည်။ ၀၉-၀၄-၁၂နေ့တွင် ဟိုတယ်မှ ထည့်ပေးလိုက်သော ဆွမ်း၊ ဟင်းများကိုယူလျက် ဝေသာလီပြည်ရှိ ကေသရိယစေတီ၊ စုန္ဒစေတီတော်တို့ကို ဖူးမျှော်ခဲ့ကြပြီး ကုသိနာရုံရှိ ရိုင်ရယ်ရက်ဆီးဒင့်စ် ဟိုတယ်တွင် တည်းခိုခဲ့ရပါသည်။ ၁၀-၀၄-၁၂နေ့ နံနက်ပိုင် မဟာပရိနိဗ္ဗာနစေတီ၊ ပရိနိဗ္ဗာန်စံနေသောဆင်းတုတော်နှင့် အင်္ဂါရစေတီတို့ကို ဖူးမျှော်ခဲ့ကြပြီး နေ့လည်စာကို ဟိုတည်တွင်ပင် ပြန်လည်သုံးဆောင်ကြရပါသည်။ နေ့လည်စာသုံးဆောင်ပြီးသည်နှင့် တပြိုင်နက် ကားပေါ်တက်၍ သာဝတ္ထိသို့ ခရီးဆက်ကြရပြန်ပါသည်။ ၄င်းသာဝတ္ထိတွင် ပ၀န်ဟိုတယ်တွင် တည်းခိုခဲ့ကြပြီး၊ ၁၁-၀၄-၁၂နေ့ နံနက် သာဝတ္ထိမြို့ရှိ ဇေတ၀န်ကျောင်းဝင်းတွင် မြတ်စွာဘုရား (၂၅)၀ါလုံးလုံး သီတင်းသုံးတော်မူခဲ့သော ဂန္ဓကုဋီကျောင်းတော်နှင့် တရားဟောရာ ဓမ္မသာလာတို့ကိုဖူးမျှော်ကြည့်ညိုကြကုန်လျက် ၄င်းနေ့ နေ့လည်စာကို သာဝတ္ထိမြန်မာကျောင်းမှာ သုံးဆောင်ခဲ့ကြပါသည်။ ဆွမ်းဘုဉ်ပေးပြီး ဟိုတယ်ပြန် ပစ္စည်းသိမ်းလျက် နီပေါနိုင်ငံ၊ လုမ္ဗိနီသို့ ခရီးဆက်ခဲ့ကြရပါသည်။ လုမ္ဗိနီတွင် ဂါးဒင်း နယူး ပဲလေ့စ် ဟိုတယ်မှာ တည်းခိုခဲ့ကြပြီး ၁၂-၀၄-၁၂နေ့မှာ အသောကကျောက်တိုင်၊ မယ်တော်မာယာကျောင်းတော်တို့ကို လေ့လာခဲ့ကြပြီး နေ့လည်စာကိုတော့ ၄င်းဟိုတယ်တွင် ပြန်လည်သုံးဆောင်ကြရပါသည်။ နာရီပြန် ၂ချက်ထိုးသောအခါ ကားပေါ်ပြန်တက်စေ၍ ကပိလ၀တ္ထုနန်းတော်ဟောင်း၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ ဓာတုစေတီတော်၊ မယ်တော်မာယာအုပ်ဂူတို့ကို ကြည်ညိုလေ့လာခဲ့ကြပြီး နိဂြောဓာရုံကျောင်းတော်တို့ကိုလည်း လေ့လာခဲ့ကြရပါသည်။ ၁၃-၀၄-၁၂နေ့တွင် ယတိအဲယားလိုင်းဖြင့် ခတ္တမန္ဒူသို့ ခရီးဆက်ကြရပြန်ပါသည်။ ၄င်းမြို့တွင် အန္နပူရဏ ဟိုတယ်တွင် တည်းခိုခဲ့ကြပြီး၊ ၁၄-၀၄-၁၂နေ့တွင် သယမ္ဘူစေတီတော်နှင့် အခြားတန်ခိုးကြီးဘုရား ပုထိုးများကို လှည့်လည်ဖူးမျှော်ကြရပါသည်။ ၁၅-၀၄-၁၂နေ့မှာ နေ့လည် ၁၃း၃၀မိနစ်အချိန်တွင် ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့သို့ ထွက်ခွါသွားကြပါသည်။ စာရေးသူနှင့် မောင်ခေမာစာရတို့လည်း အိန္ဒိယလေကြောင်းလိုင်းဖြင့် ဗာရာဏသီသို့ နေ့လည် ၁၃း၅၅မိနစ်မှာ ပြန်လည်ထွက်ခွါခဲ့၍ ၁၄း၃၅မိနစ်တွင် ဗာရာဏသီသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ခရီးစဉ် တစ်လျှောက်လုံးမှာတော့ သီတဂူဆရာတော်က သူ့နေရာနှင့် သူ့ဇာတ်ကိုက်ညီအောင် ဟောပြောချက်များကတော့ နာကြားရသူတို့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးမိသဖြင့် မျက်ရည်များပင် ကျခဲ့တဲ့အထိ ထိမိလှပေသည်။ မကြာခင် ဒီဗီဒီတိတ်များ ထွက်လာပါလိမ့်မည် ကြည့်ရှုနားယူတော် မူနိုင်ကြပါစေလို့ ဆန္ဒပြုလျက်---------

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
ရှင်သုခ (မင်းလှ)
read more “သီတဂူ ခရီးသွားမှတ်တမ်း အဆက်”

သီတဂူ ဘုရားဖူးမှတ်တမ်း

0 comments Monday, April 16, 2012


သီတဂူ ဘုရားဖူးအဖွဲ့သည် ရန်ကုန်မြို့မှ ၂၈-၀၃-၁၂နေ့ မြန်မာလေကြောင်း MAI ဖြင့် ဘန်ကောက်၊ ထိုမှတဆင့် အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့သို့ ည(၁၀း၄၅)မိနစ်တွင် ရောက်ရှိကြပြီး Intercontinental Hotel တွင် တည်းခိုကြပါသည်။ ၂၉-၀၃-၁၂နေ့တွင် အိန္ဒိယဂိတ်၊ ကနေဒီလုဏ်ဂူနှင့် ရွှေတိဂုံဘုရားကြီးအား သွားရောက်ဖူးမျှော်ကြပြီး ၄င်းဘုရားကြီးမြေအောက်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်မှာ နေ့လည်စာ သုံးဆောင်ကြပါသည်။ ၃၀-၀၃-၁၂နေ့တွင် ရတနာဂီရိရှိ သီပေါမင်းနန်းတော်နှင့် အုပ်ဂူတို့ကို သွားရောက်လေ့လာကြပါသည်။ ၃၁-၀၃-၁၂နေ့မှာတော့ ဂုရုကြီး ဂိုအင်ကာ အေဂပ်ပူရီတွင် တည်ထောင်ထားသော ၀ိပဿနာတရားရိပ်သာသို့ သွားရောက်လေ့လာပြီး နေ့လည်စာ သုံးဆောင်ကြပြီးနောက် အဲလိုရာသို့ ခရီးဆက်ကြရပါသည်။ ၄င်းနေ့တွင် အော်ရမ်ဂဘတ်မြို့၊ ဂရင်းမီဒို ဟိုတယ်တွင် တည်းခိုကြပါသည်။ ၀၁-၀၄-၁၂နေ့ရောက်တော့ အဂျန်တာလိုဏ်ဂူနှင့် အဲလိုရာလိုဏ်ဂူများကို သွားရောက် လေ့လာဖူးမျှော်ကြရပါသည်။ ဆက်လက်တင်ပြပါမည်။

၀၂-၀၄-၁၂နေ့ရောက်ပြန်တော့ အောရမ်ဂဘတ်မှ လေကြောင်းခရီးဖြင့် ဘုံဘေ၊ ထိုမှတဆင့် နယူးဒေလီ၊ ထိုမှတဆင့် ဘိုပါးလ်သို့ ခရီးဆက်ခဲ့ပြီး ဂျေဟတ်နုမ ပဲလေ့စ်ဟိုတယ်တွင် တည်းခိုကြရပါသည်။ ထိုနေ့တွင် လေယာဉ်ပေါ်တွင် အချိန်ကုန်လျက် ဘယ်မှ မသွားဖြစ်ကြပေ။ ၀၃-၀၄-၁၂ နေ့ နံနက်တွင် အင်နိုဘာကားလေး(၁၀)စီးဖြင့် ဆန်ချီစေသို့ သွားရောက်ဖူးမျှော်ခဲ့ကြပါသည်။ နေ့လည်စာကို ၄င်းဆန်ချီစေတီအနီး ဟိုတယ်ငယ်လေးတစ်ခုတွင် သုံးဆောင်ခဲ့ကြပြီး ၄င်းဟိုတယ်တွင်ပင် ပြန်လည်အနားယူကြပြီ ည(၁၀)နာရီတွင် နယူးဒေလီသို့ ပြန်လည်ထွက်ခွါခဲ့ကြလျက် ဟိုတယ် သပတိဂီရိတွင် တည်းခိုကြရပါသည်။ ၀၄-၀၄-၁၂နေ့တွင် နယူးဒေလီမှ ဗာရာဏသီသို့ လေကြောင်းခရီးဖြင့်ပင် ထွက်ခွါခဲ့ကြရပြန်ပါသည်။ ၄င်းမြိ့တွင် ဟိုတယ်ကလပ်ခ်တွင် တည်းခိုကြပြီး မြတ်စွားဘုရား တရားဦးဟောရာ မိဂဒါဝုန်အတွင်းရှိ ဓမ္မစက္ကစေတီနှင့် ဓမ္မေခစေတီတို့ ဖူးမျှော်ကြည်ညိုကြရပါသည်။ ဆက်လက်တင်ပြပါမည်။ ။
read more “သီတဂူ ဘုရားဖူးမှတ်တမ်း”

"ကြွေးဟောင်းဆပ်လျက် ကြွေးသစ်ချစေချင်"

0 comments Thursday, February 2, 2012
“မိဘလုပ်ကျွေး၊ ကြွေးဟောင်းပေး၊ စိတ်အေးကြစေရာ၊ ကျေအေးကြစေရာ”
“သားသမီးချစ်၊ ကျွေးတုံလစ်၊ ကြွေးသစ်ချသည်မည်”---ဟူသော လင်္ကာအရ စာရေးသူနှင့်တကွ စာဖတ်ပရိသတ်အပေါင်းတို့ ကြွေးဟောင်းဆပ်လျက် ကြွေးသစ်ချကြပါစို့။
“ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍ ၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ၊ ကျင့်ဖွယ်သ္မီးတို့တာ”---ဆိုတဲ့ စာရေးသူ ငယ်ငယ်က သင်ခဲ့ရ ကျက်ခဲ့ရ မှတ်ခဲ့ရသော လင်္ကာလေးတစ်ပုဒ်က ငယ်စဉ်ကတော့ စာမေးပွဲအောင်ဘို့ ဆရာရိုက်မှာကြောက်လို့ ဒီနှစ်ခုလောက်အတွက်သာ အာဂုံဆောင်ခဲ့ဘူးပါသည်၊ ယနေ့ထက်တိုင် မေ့မရနိုင်သော လင်္ကာလေးဖြစ်ခဲ့ပါသည်။
ခုတော့ အဲဒီလင်္ကာလေးရဲ့ သဘောအဓိပါယ်က နက်နဲခက်ခဲလှချည်းတကားလို့ ဆိုရမလိုဖြစ်ခဲ့ပါသည်။ စာပေဆိုတာ အနက်အဓိပါယ် နားလည်ပါမှ စာပေရဲ့အရသာကို သိလာရပါသည်၊ စာပေ၏သဘောအဓိပါယ်ကို နားမလည်လျင် မျက်မမြင်ပုဏား ခြောက်ယောက်ကို ဆင်ကြီးခေါ်ပြဘိသကဲ့သို့ ကိုယ်ထင်ရာပြောကြ ငြင်းကြ ခုန်ကြဖြစ် ရသလို ကိုယ်ထင်ရာ ကိုယ်သဘောပေါက်ရာ စိုင်းတတ်ကြပါသည်၊ ဒါကြောင့် စာပေကို ပြည့်ပြည့်စုံစုံသိအောင် လေ့လာလိုက်စားဘို့လိုပေသည်၊ အဲဒီလင်္ကာလေး၏ အဓိပါယ် က သားသ္မီးများသည် မိဘများအပေါ် ပြုစုလုပ်ကျွေး ကြွေးဟောင်းပေးရမည့် ၀တ္တရား ငါးပါးရှိပါသည်---
၁။ မိဘများကို ပြုစုလုပ်ကျွေးရမည်၊
၂။ မိဘများ၏ လုပ်ငန်းကိစ္စအ၀၀ကို ဆောင်ရွှက်ပေးရမည်၊
၃။ မိဘများ၏ ကောင်းမွေကို ခံယူကြရမည်၊
၎။ မိဘများ ကွယ်လွန်သွားသောအခါ အလှူပေး၍ အမျှပေးဝေရမည်၊
၅။ မိဘများ၏ မျိုးရိုးကို စောင့်ရှောက်ထိမ်းသိမ်းရမည်။
ဒီလင်္ကာလေးသည် မြတ်စွာဘုရား ဟောကြားထားခဲ့သော “မာတုပေါသာက” သုတ်ကို အခြေခံပြီး ရှေးရှေးက ပညာရှင်ကြီးများ ရေးဖွဲ့ထားခြင်းဖြစ်သည်။ “ဒွိန္နာဟံ ဘိက္ခဝေ န သုပဋိကာရံ ၀ဒါမိ မာတု စ ပိတု စ” ဒီပါဠိတော်အရ မြတ်စွာဘုရားက လောကမှာ အမေနဲ့အဖေတို့ကို ဘယ်လိုပင် ကောင်းစွာကျွေးမွေး စောင့်ရှောက်ပါသော် လည်း မိဘတွေ၏ ကျေးဇူးကို ဆပ်လို့မကုန်ဘူးလို့ ဟောတော်မူခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် မြတ်စွာဘုရားကိုယ်တိုင်လည်း သူ၏မိခင်ကြီးကို ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာတရာတော်ကို နတ်ပြည်မှာ ၀ါတွင်းသုံးလပတ်လုံး ဟောတော်ခဲ့ပါသည်၊ ယနေ့ မျက်မှောက်ခေတ်အရောက်မှာ လောကုတ္တရာပညာမှာ အလွန်ပညာကြီးပြီး ထင်ရှားသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးသည် သူ၏ မိခင်ကြီးကို မင်းကွန်း ဓမ္မနာဒကျောင်းတိုက်မှာ ဇရပ်ကျောင်းဆောက်ပြီး ပြုစုကျွေးမွေး ကြွေးဟောင်းပေးခဲ့ဘူးသည်၊ မယ်တော်ကြီးက မြင်းခြံပြန်ချင်တယ်လို့ ပြောလျှင် သူကိုယ်တိုင်လိုက်ပို့သည်၊ မြင်းခြံမှာလည်း အိမ်ဆောက်ပေးပြီး ပြည့်စုံဆောင်ရွက် ပေးသည်၊ တခါ မင်းကွန်းပြန်လာချင်တယ်ပြောလျှင် ဆရာတော်ကိုယ်တိုင် သွားခေါ်ခဲ့ သည်လို့ ဆရာတော်ကြီးကိုယ်တိုင် အမိန့်ရှိခဲ့ပါသည်၊ သီတဂူဆရာတော်သည်လည်း သူ၏မိခင်ကြီးကို ဆရာတော်သီတင်းသုံးသည့် စစ်ကိုင်းတောင်ကို ခေါ်ပြီး ထုံးဘိုရပ် ကွက်ထဲမှာ အိမ်ဆောက်ပေးကာ ချမ်းချမ်းသာသာ ထားခဲ့ပါသည်၊ မယ်တော်ကြီး ကွယ်လွန်သွားသော်လည်း ယနေ့ထက်တိုင် သူ့မယ်တော်ကြီးအတွက် ရည်စူးပြီး နှစ်စဉ်အထိမ်းအမှတ်အဖြစ် သံဃာတော်များ ပင့်ဖိတ်၍ တရားဟော အမျှပေးဝေ၍ ကြွေးဟောင်းဆပ်နေဆဲဖြစ်ပါသည်။ သီတဂူဆရာတော်၏ ကြွေးသစ်ချနေသည်များကို အနည်းငယ်မျှ တင်ပြရမည်ဆိုလျှင်---(၁)။ ရဟန်း သာမဏေ သူတော် သီလရှင် တစ်သောင်းကျော်တို့ သုံးဆောင်နိုင်လောက်အောင် နေ့စဉ်ပေးလှူနေသော သီတဂူရေ အလှူတော်၊ (၂) ဂိလာနပေါင်း(၅၀)ကျော်ခန့်ကို နေ့စဉ်ကုသပေးပြီး ၀န်ထမ်းပေါင်း (၇၀)ကျော်၊ အာရုံဆွမ်း နေ့ဆွမ်းတို့ဖြင့် မပင်ပန်းရလေအောင် ဂိလာနသံဃာ(၃၀)ခန့် ကို နေ့စဉ်ဆွမ်း ကပ်နေသော သီတဂူအာယုဒါနဆေးရုံတော်၊ (၃) ကျောင်းတိုက်တွင်း သံဃာ(၈၀) ကျော်တို့ကို အာရုံဆွမ်း နေ့ဆွမ်းတို့ဖြင့် မပင်ပန်းရလေအောင် နေ့စဉ်ဆွမ်း ကပ်လျက် ပညာဒါနပေးလှူနေသော သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်၊ (၄)စာသင်သား (၂၀၀)ကျော် တို့ကို ပညာဒါနပေးနေသော ရန်ကုန်ဗုဒ္ဒတက္ကသိုလ်နှင့် (၅) စာသင်သား (၁၀၀)ကျော်တို့ကို ပညာဒါနပေးနေသော မန္တလေးသီတဂူဗုဒ္ဒတက္ကသိုလ်တို့ပင် ဖြစ်ပါ သည်။
လောကီပညာအရာမှာ အလွန်ပညာဥာဏ်ကြီးသော ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဦးသန့်ကလည်း သူ့မိခင်ကြီး ဒေါ်နန်းသောင်ကို သူနှင့်အတူ အမေရိကန်မှာ လိုက်နေချင်ရင်နေ မနေချင်ရင် မေမေ့အတွက် အမြဲတမ်းငွေပို့ပေးမယ်ဆိုပြီး ပြည့်ပြည့် စုံစုံ ထားခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့မိခင်ကြီးဒေါ်စုကို သူနှင့်အတူ ရန်ကုန်မှာ လိုက်နေရင်နေ မနေချင်ရင် နတ်မောက်မှာပဲ အိမ်ဆောက်ပေးပြီး ချမ်းချမ်း သာသာ ထားခဲ့ပါသည်။ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက မိဘကျေးဇူးသိတတ်လို့ မိဘကျေးဇူးဆပ်ဘို့အတွက် အမေ့နေ့ဖြစ်မြောက်အောင် ဆောင်ရွက်ကာ မိဘကျေးဇူး သိပြီး ကြွေးဟောင်းဆပ်ဘို့ ပြာသိုလ်လပြည့် အမေ့နေ့ဟု သတ်မှတ်နိုင်အောင် ကြိုးစား သွားခဲ့ပါသည်။ သူကြိုးစားခဲ့သည့်အတိုင်းလည်း နှစ်စဉ်ပြာသိုလ်လပြည့်နေ့တိုင်း အမေ့ နေ့ကို မန္တလေးမြို့နှင့် ရန်ကုန်မြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ယခု တင်ပြခဲ့ သည်ကား ထင်ရှားသောပုဂ္ဂိုလ်များ၏ ကျေးဇူးသိ၍ ကျေးဇူးဆပ်ပုံ သာဓကပင် ဖြစ်ပါသည်။ မထင်ရှားသော ပုဂ္ဂိုလ်များသည်လည်း ဤလောကထဲမှာ မိဘကျေးဇူး သိတတ်တဲ့ပုဂ္ဂိုလ်တွေ ထုနဲ့ထေးရှိနိုင်ပါသည်။
မြတ်စွာဘုရားလက်ထက်က သာဝတ္ထိပြည်က သူဌေးသားရဟန်း ဦးတိဿသည် သူ၏မိဘများကို ဆွမ်းခံ၍ကျွေးကာ ကြွေးဟောင်းဆပ်ခဲ့ဘူးပါသည်၊ အဲဒီအကြောင်းကို တခြားရဟန်းတွေက မြတ်စွာဘုရားကို လျှောက်ထားသောအခါ မြတ်စွာဘုရားက သူခွင့်ပြုပါသည် ကျွေးကောင်းပါသည်ဟု အမိန့်ရှိတော်မူပြီး တပည့်တို့လို လူသားမဆို ထားဘိ တိရစ္ဆာန်တွေလည်း မိဘကျေးဇူးသိပြီး ကြွေးဟောင်းဆပ်၍ ကြွေးသစ်ချဘူး ပါသည်ဆိုပြီး ကေဒါရဇာတ်ကို ဟောတော်မူခဲ့ပါ သည်။
လက်ပန်တောမှာနေတဲ့ ကေဒါရကျေးမင်းသည် ကျေးပေါင်းနှစ်ထောင်လောက် ခြံရံပြီး လယ်ကွင်းထဲ၌ စပါးတွေကို သူလည်း ၀အောင်းစားသည် စားပြီးပြန်သောအခါ စပါးနှံတစ်နှံကို ကိုက်ချီ၍ အမြဲတမ်းပြန်သွားလေ့ရှိသည်၊ အဲဒါကို လယ်စောင့် ယောက်ျားမြင်၍ လယ်ပိုင်ရှင်ကိုပြောလျင် လယ်ပိုင်ရှင်က အဲဒီကျေးကို အရှင်ရအောင် ဖမ်းလို့ စေခိုင်းလိုက်သည်၊ လယ်စောင့်ယောက်ျားက အရှင်ရအောင် ကြော့ကွင်းထောင ၍ဖမ်းကာ လယ်ပိုင်ရှင်အားပေးလျှင် လယ်ပိုင်ရှင်က အသင်ကျေးမင်း သင်သည် အဘယ်ကြောင့် စကားနှံတစ်နှံကို ကိုက်ချီ၍ ပြန်ပါသနည်း၊ သင်၏၀မ်းပိုက်သည် တခြားကျေးတွေထက် ကျယ်၍ ကိုက်ချီပါသလား၊ သင်မှာ ဂိုဒေါင်များရှိ၍ နောင်ခါ စားဘို့ သိုလောင်နေပါသလား၊ သို့မဟုတ်လျှင် သင်နှင့်ကျုပ် ရန်သူဖြစ်လို့ ကျွန်တော်၏ စီးပွားပျက်အောင် လုပ်နေပါသလားလို့ မေးခဲ့ပါသည်။
ကေဒါရကျေးမင်းက ကျွန်တော်မျိုးမှာ ၀မ်းပိုက်လည်းမကျယ်ပါ၊ ဂိုဒေါင်လည်း မရှိပါ၊ သင်နှင့် ရန်သူလည်း မဟုတ်ပါ။ အကျွန်ုပ်၏ မိအို ဘအိုတွေကို ပြုစုလုပ်ကျွေး သည် ကြွေးဟောင်းဆပ်သည်မည်ပါသည်၊ သားငယ် သ္မီးငယ်တွေကို ကျွေးမွေးစောင့် ရှောက်ခြင်းသည် ကြွေးသစ်ချသည်မည်ပါသည်၊ အကျွန်ုပ်နှင့် ဆွေမျိုးမတော်သော ကျေးအိုတွေကို ပြုစုလုပ်ကျွေးခြင်းသည် ဥစ္စာအိုးမြှပ်သည်မည်ပါသည်လို့ ဖြေကြား လိုက်ပါသည်။ ဒီတော့ လယ်ပိုင်ရှင်ပုဏ်ဏားကြီးးက ကေဒါရကျေးမင်းလေးကို လွှတ်ပေးလိုက်ပါသည်လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါသည်။
မိဘတွေကို ပြုစုလုပ်ကျွေးသောအခါ မြတ်စွာဘုရားက “ဧကေန ဘိက္ခဝေ အံသေန မာတရံ ပဋိဟရေယျ၊ ဧကေန အံသေန ပိတရံ ပဋိဟရေယျ ၀ဿသတာ ယုကော ၀ဿသတဇီဝီ ဥစ္စာဒန ပရိမဒ္ဒန နှာပန သမ္ဘာဟန” ဒီပါဠိတော်ကို မန်လည်ဆရာတော်က မဃဒေ၀လင်္ကာမှာ---
“မိကိုလက်ယာ၊ ဘကိုလုက်ဝဲ၊ ကိုင်ချီဆွဲလျက်၊ ပခုံးထက်ဝယ်၊ အသက်ရာတိုင်၊ မမုန်းနိုင်ဘဲ၊ ဆုံးတိုင်ဝပ်တွား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ကြွေးတင်ဘူး သည့်၊ ကျေးဇူးဂုဏ်ပြိုင်၊ မဆပ်နိုင်ခဲ့”---လို့ စပ်ဆိုထားပါသည်။ အမေကို လက်ျာပခုံး ထမ်း အဖေကို လက်ဝဲပခုံးမှာထမ်းပြီး အသက်ဆုံးတိုင် အမွှေးနံ့သာ လိမ်းခြယ်ပေးခြင်း ရေပူရေအေးတို့ဖြင့် ရေချိုးပေးခြင်း အကြောတွေကို ဆုတ်နယ်ပြုပြင်ပေးခြင်းတို့ဖြင့် ပြုစုလုပ်ကျွေးပါသော်လည်း မိဘများ၏ ကျေးဇူးတွေကို မည်သူတစ်ယောက်မျှ ကုန်စင် အောင် မဆပ်နိုင်ဘူးလို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါသည်။
“မိဘ သ္မီးသား၊ နှစ်ဦးကြား၊ ၀တ္တရားကိုယ်စီ၊ ရှိကြသည်”--- ဒီနေရာမှာ ဆုန်ရေသာ ရှိသည် ဆန်ရေကနည်းသည်ဟု ဆိုရိုးရှိရာ မိဘများကသာ ၀တ္တရားကျေ၍ သားသ္မီးများက ၀တ္တရားကျေတဲ့သူ ဤလောကမှာ အလွန်နည်းလွန်းလှသည်။ ဒါကြောင် ကြွေးဟောင်းကင်းသော ကြွေးသစ်ချနိုင်သော ရဟန်းကောင်း ရဟန်းမြတ်၊ ရှင်ကောင်း ရှင်မြတ်၊ သားကောင်း သားမြတ်၊ သ္မီးကောင်း သ္မီးမြတ်များဖြစ်ကြရလေ အောင် စာရေးသူအပါအ၀င် စာဖတ်ပရိသတ်အပေါင်းတို့သည် ကြွေးဟောင်းဆပ်လျက် ကြွေးသစ်ချနိုင်ကြပါစေလို့ ဆုတောင်းလျက်------

ရှင်သုခ(မင်းလှ)
read more “"ကြွေးဟောင်းဆပ်လျက် ကြွေးသစ်ချစေချင်"”

ပြာသိုလပြည့် အမေ့နေ့

0 comments Saturday, January 7, 2012


၁၃၇၃-ခု၊ ပြာသိုလပြည့်(၀၈-၀၁-၁၂)တနင်္ဂနွေနေ့သည် စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ နှစ်စဉ်ကျင်းပနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့သော မိဘတို့၏ ကျေးဇူးကို သိတတ်သူတိုင်း လိုက်နာကျင့်သုံးနိုင်ရန်အတွက် နိုင်ငံတော်က သတ်မှတ်ပေးခဲ့သော နေ့တစ်နေ့ဖြစ်ပါသည်။
အမေဆိုသည်မှာ"မာနေတီတိ မာတာ" သားသ္မီးတို့ကို မြတ်နိုးတတ်သော စိတ်ဓာတ်ရှိသော အမေမှန်သမျှကို "မာတာ"လို့ ခေါ်ပါသည်၊ အမေဖြစ်ပါသည်။ အဲဒီမြတ်နိုးတတ်တဲ့ အမေရဲ့စိတ်ထဲမှာ တစ်စုံတစ်ခုသော ကိလေသာအညစ်အကြေး မပါဘူး။ "မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တမနုရက္ခေ၊ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာနံ" မိခင်သည် မိမိရင်မှမွေးဖွားခဲ့သော တစ်ယောက်တည်းသောသားကို " အာယုနာ သမံ ကတွာ" အသက်နှင့်ထပ်တူပြု၍သော်လည်းကောင်း၊ "အတ္တနော အာယုမ္ပိ ဇဟိတွာ" မိမိ အသက်ကိုပင်စွန့်၍သော်လည်းကောင်း၊ အစဉ်စောင့်ရှောက်သကဲ့သို့ အနန္တသတွာတို့အပေါ်မှာ ကောင်းကျိုးလိုလားတတ်တဲ့ အတိုင်းအတာမရှိသော အမေ့စိတ်နှင့်တူသော မေတ္တာစိတ်ကို ပွားများကြရပါမည်။ ထိုကဲ့သို့ မိဘများက သားသ္မီးများအပေါ်မှာ အသက်ပေး၍ ချစ်တတ်သောကြောင့် မိဘတို့၏ချစ်ခြင်းမေတ္တာကို တိုင်းတာခြင်းငှါ မစွမ်းနိုင်ရကား "အပရိမာန"လို့ ခေါ်ပါသည်။ အဲဒီလောက် ကြီးမားသောမေတ္တာများဖြင့် သားသ္မီးတို့ကို ချစ်တတ်သော မိဘတို့ကို အသိဥာဏ်ရှိသော လူသားတိုင်း ရာသက်ပန် ပြုစုလုပ်ကျွေးဘို့ လိုအပ်ပါသည်။ ပြုစုလုပ်ကျွေးထိုက်ပါသည်။ ပြုစုလုပ်ကျွေးကြပါလို့ တိုက်တွန်းလိုက်ပါသည်။
ဤကဲ့သို့ အမေများသည် သားသ္မီးကို အသက်ပေးပြီး ချစ်တတ်တဲ့စိတ်တွေကြောင့် ငါ့သားဟာ ငါတစ်ယောက်တည်းအတွက် မဟုတ်ဘူး၊ တိုင်းပြည်အတွက်လည်း ဖြစ်နိုင်တယ်၊ တစ်ကမ္ဘာလုံးအတွက်လည်း ဖြစ်နိုင်တယ်ဆိုတဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ဖြင့် ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း အနန္တမေတ္တာစိတ်ဖြင့် ချစ်ပါသည်။
အသိဥာဏ်ရှိသော လူသားအမေကို မဆိုထားဘိ၊ အသိဥာဏ်မရှိသာ တိရစ္ဆာန်အမေများသည်ပင်လျှင် သားသ္မီးများ အသက်ပေး၍ ချစ်တတ်ပါသည်။ ထင်ရှားသော သာဓကတစ်ခုကို ပြောရလျှင် အိမ်မှာ မွေးထားသော ခွေးများသည် သားသ္မီးမရှိစဉ် မကိုက်တတ်သော ခွေးပင် ဖြစ်ပါသော်လည်း သားသ္မီးမွေးလာသောအခါ အနီးလာသော သခင်ကိုပင် ဟိန်းတတ် ကိုက်တတ်ပါသည်။ ကြက်များသည်လည်း ကြက်ဥများ ဥပြီး သားသ္မီးလေးများ ပေါက်လာသည်အထိ ၀ပ်ကျင်းထဲမှာ ၀ပ်ကြရသည်။ အဲဒီနောက် သားသ္မီးများပေါက်လာသောအခါ သားသ္မီးများဘေးရန် ကင်းရှင်စေရန် အတောင်နှစ်ဘက်ဖြင့်အုပ်လျက် မိဘမေတ္တာဖြင့် လုံခြုံစေပါသည်။ အန္တရာယ်ကြုံလာခဲ့ပါ သူ့မှာပါသော နှုတ်သီးဖြင့်လည်းကောင်း အတောင်ဖြင့်လည်းကောင်း ဆိတ်၍ ခတ်၍ အသက်ပေးပြီး ကားကွယ်စောင့်ရှောက်ကြကုန်၏။ သို့အတွက်ကြောင့် အဲဒီလောက် မေတ္တာကြီးမားကြကုန်သော မိဘများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် ပြုစုလုပ်ကျွေးနိုင်ကြပါစေလို့ တိုက်တွန်းလျက်-----
အမေ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စာရေးသူကိုယ်တိုင် အတူနေ စာသင်သားသူငယ်ချင်းများအား နေ့ဆွမ်း+သစ်သီးဆွမ်းတို့ဖြင့် ပြုစုလုပ်ကျွေးပါမည့်အကြောင်း ထပ်လောင်း၍ အသိပေး နိုးဆော်လိုက်ရပါသည်။ ဤကုသိုလ်ပုညကို မွေးမယ်တော်ကြီးနှင့်တကွ ကျွေးမိခင်အပေါင်းအားလည်းကောင်း၊ အနန္တသတွာ အပေါင်းအားလည်းကောင်း၊ အမျှကုသိုလ်ပေးဝေလိုက်ပါသည်၊ စာရေးသူနှင့်ထပ်တူ သာဓုကုသိုလ် ရယူနိုင်ကြပါစေသော်။ ။

ရှင်သုခ(မင်းလှ)
read more “ပြာသိုလပြည့် အမေ့နေ့”

သီတဂူ သြ၀ါဒ ကောက်နှုတ်ချက်

0 comments Sunday, December 25, 2011
မင်းတို့ ငါတို့ လုပ်ထားမှကွ၊ ခုဆိုရင် ငါတို့မှာ သားသ္မီးတွေ ပိုပိုများလာပြီ၊ ငါတို့ကို မှီခိုနေတဲ့ လူတွေများလာပြီ၊ ဒါကြောင့် ဆရာတော်က ငါတို့ အလုပ်လုပ်နေတာပါဟု ကြွေးကြော်ပြီး၊ သီတဂူအလုပ်လုပ်နေတာဟာ သူတစ်ပါးကို အနိုင်ယူလို၍၊ အသာစီးရလို၍၊ ပြိုင်ဆိုင်လို၍မဟုတ် မိမိသမိုင်းမှတ်တိုင်ကိုသာ မိမိကိုယ်တိုင် စိုက်ထူပြလို၍ ဖြစ်တယ်။

ဓမ္မ, ၀ိနယသည်, ငါတို့၏စည်းကမ်း၊ လုပ်ပိုင်ခွင့် အလုပ်ကို လုပ်နေရခြင်းသည် ငါ့တို့၏အခွင့်အရေး။
အပျက်ကိုမြင်၍ မလုပ်လျှင် မဖြစ်တာပဲရှိမယ်။ အဲဒီတော ငါတို့ရဲ့အလုပ်ဟာ ငါတို့ရဲ့ သမိုင်းမှတ်တိုင်ပဲပေါ့။

"Pushing to the front" ဤစာအုပ်ထဲမှ ထင်ရှားသောပုဂ္ဂိုလ်များဟာ ဘယ်တက္ကသိုလ်မှ ဘွဲ့ရထားသူများ မဟုတ်ကြပါဘူး။ "လောကော သတ္တာနမာစေရော" လောကကြီးဟာ ငါတို့ရဲ့ဆရာ။ လောကထဲမှာ မြင်တတ်တဲ့ မျက်လုံးနဲ့ ကြားတတ်တဲ့ နားရှိဖို့လိုတယ်၊ မြင်တာ ကြားတာမှန်သမျှကို စိစစ်ဖို့လိုတယ်၊ အဲဒါတွေအားလုံးဟာ ငါတို့ရဲ့ ဆရာပဲ။
မြေကြီးထဲက ထွက်လာတဲ့ ဓာတ်သတ္တုတွေလိုနေကြတာ၊ မြေဆိုင်ခဲတွေကို ခွဲထုတ်ပြီး ဖယ်ရှားဖယ်ရှားရင်းနဲ့ နောက်ဆုံး ရွှေရောက်သွားတယ်၊ အဘိုးအတန်ဆုံးဖြစ်သွားတယ်။ အဲဒီလိုပဲ နှစ်ပေါင်းတစ်ရာအတွင်းမှာ နောက်ဆုံး ငါတို့ရဲ့ဘ၀ကို ဖြေးဖြေးချင်း ဖြေးဖြေးချင်း၊ သင်ရင်း ကြားရင်း ကြည့်ရင်း စိစစ်ရင်းနဲ့ ထပ်တလဲလဲ မင်းတို့ငါတို့ရဲ့ နှလုံးသားကို စိစစ်ပြီးတော့ ဓာတ်ခွဲပြစ်ရမယ်။

လူ့လောကကြီးကို ကျေးဇူးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်၊ လောကကြီးကို ဖျက်ဆီးမည့် ပုဂ္ဂိုလ်တွေ ပေါတယ်၊ လောကကြီးကို ကျေးဇူးပြုတဲ့ အလုပ်တွေ၊ အပြောတွေ၊ ပြောကြ လုပ်ကြ၊ လောကကြီးကို ဒုက္ခပေးမည့်အလုပ်တွေ၊ အပြောတွေ မလုပ်မိအောင် မပြောမိအောင် မကြံမိအောင် နေကြ။
တိုင်းပြည်နဲ့ သာသနာတော်ကို အကျိုးမပြုနိုင်ဘဲ သေသွားတဲ့လူတွေ အများကြီးပဲ၊ အဲဒီအထဲ မင်းတို့ငါတို့ မပါစေနဲ့။

"As there is nothing in the world great but men, there is nothing truly great in men, but character"
" လောကကြီးမှာ လူမှတပါး ကြီးကျယ်ခန်းနားတာ ဘာမှမရှိသလို၊ လူမှာလည်းပဲ ကိုယ်ကျင့်တရားမှတပါး ကြီးကျယ်မြင့်မြတ်တာ ဘာမှ မရှိပါဘူး"။

"The more I know him, the more I love him. The more I love him, the more I know him.
"သူ့အကြောင်းကို သိလေလေ, သူ့ကို ပိုပြီးကြည်ညိုလေလေ။ သူ့ကို ကြည်ညိုလေလေ, သူ့အကြောင်းကို သိလေလေပါပဲ"

ရှင်သုခ (မင်းလှ)၂၅-၁၂-၁၁
read more “သီတဂူ သြ၀ါဒ ကောက်နှုတ်ချက်”