သီတဂူ ခရီးသွားမှတ်တမ်း အဆက်

သီတဂူ ဘုရားဖူးအဖွဲ့သည် ၀၅/၆-၀၄-၁၂နေ့တွင် ဗာရာဏသီမြူစီယံအတွင်းရှိ ဓမ္မက္ကရုပ်ပွားတော်နှင့် ခြင်္သေ့ရုပ်ကျောက်တိုင် အခြားလေ့လာစရာများကို လေ့လာခဲ့ကြပြီး နေ့လည်စာကို ဆေးဝင်္ကဘာကျောင်းတွင် သုံးဆောင်လျက် ဗာရာဏသီတွင် သီတင်းသုံး ပညာသင်ကြားနေကြကုန်သော စာသင်သားသံဃာတော်များအား သီတဂူဆရာတော်မှ သြ၀ါဒပေး၍ သံဃာတော်မှာက ကော်ဇောကြီးတစ်ခု၊ အလတ်နှစ်ခုတို့ဖြင့် ကန်တော့ကြပါသည်။ ထို့နောက်တွင် ဂယာမြို့နယ် ဗုဒ္ဓဂယာသို့ ခရီးဆက်ခဲ့ကြပါသည်။ ၄င်းတွင် ရိုင်ရယ်ရက်ဆီးဒင့်ဟိုတယ်တွင် နှစ်တည်းခိုပြီး မဟာဗောဓိစေတီတော်၊ သတ္တဌာန၊ သုဇာတာကုန်းရှိ စေတီတော်၊ မင်းတုန်းမင်းတရားကြီး၏ဇရပ်၊ ဒုက္ကရစရိယကျင့်ရာ ဥရုဝေဠတောတို့ကိုလှည့်လည် ဖူးမျှော်ကြည့်ညိုကြရပါသည်။ ၀၇-၀၄-၁၂နေ့တွင် နေ့လည်စာကို မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးကျောင်းတွင် သုံးဆောင်ခဲ့ကြပြီး ရာဇဂြိုဟ်သို့ ခရီးဆက်ကာ ကောင်းကင်ဝှီးချဲဖြင့် ဂိဇ္ဈကုဋ်တောင်၊ ဂျပန်ဘုရားတို့ကို လေ့လာကြည်ညိုခဲ့ကြပြီး ထိုနေ့တွင် ရာဇဂြိုဟ်ရှိ ရိုင်ရယ်ရက်ဆီးဒင့်ဟိုတယ်တွင် တည်းခိုကြပါသည်။ ဆက်လက်တင်ပြပါမည်။ ။

၀၈-၀၄-၁၂နေ့မှာတော့ ရာဇဂြိုဟ်မှ နာလန္ဒကျောင်းဟောင်း၊ ကျောင်းသစ်တို့ကို လေ့လာခဲ့ပြီး ပတ္တနာရှိ ချန္နကျ ဟိုတယ်တွင် တည်းခိုခဲ့ကြပါသည်။ ၀၉-၀၄-၁၂နေ့တွင် ဟိုတယ်မှ ထည့်ပေးလိုက်သော ဆွမ်း၊ ဟင်းများကိုယူလျက် ဝေသာလီပြည်ရှိ ကေသရိယစေတီ၊ စုန္ဒစေတီတော်တို့ကို ဖူးမျှော်ခဲ့ကြပြီး ကုသိနာရုံရှိ ရိုင်ရယ်ရက်ဆီးဒင့်စ် ဟိုတယ်တွင် တည်းခိုခဲ့ရပါသည်။ ၁၀-၀၄-၁၂နေ့ နံနက်ပိုင် မဟာပရိနိဗ္ဗာနစေတီ၊ ပရိနိဗ္ဗာန်စံနေသောဆင်းတုတော်နှင့် အင်္ဂါရစေတီတို့ကို ဖူးမျှော်ခဲ့ကြပြီး နေ့လည်စာကို ဟိုတည်တွင်ပင် ပြန်လည်သုံးဆောင်ကြရပါသည်။ နေ့လည်စာသုံးဆောင်ပြီးသည်နှင့် တပြိုင်နက် ကားပေါ်တက်၍ သာဝတ္ထိသို့ ခရီးဆက်ကြရပြန်ပါသည်။ ၄င်းသာဝတ္ထိတွင် ပ၀န်ဟိုတယ်တွင် တည်းခိုခဲ့ကြပြီး၊ ၁၁-၀၄-၁၂နေ့ နံနက် သာဝတ္ထိမြို့ရှိ ဇေတ၀န်ကျောင်းဝင်းတွင် မြတ်စွာဘုရား (၂၅)၀ါလုံးလုံး သီတင်းသုံးတော်မူခဲ့သော ဂန္ဓကုဋီကျောင်းတော်နှင့် တရားဟောရာ ဓမ္မသာလာတို့ကိုဖူးမျှော်ကြည့်ညိုကြကုန်လျက် ၄င်းနေ့ နေ့လည်စာကို သာဝတ္ထိမြန်မာကျောင်းမှာ သုံးဆောင်ခဲ့ကြပါသည်။ ဆွမ်းဘုဉ်ပေးပြီး ဟိုတယ်ပြန် ပစ္စည်းသိမ်းလျက် နီပေါနိုင်ငံ၊ လုမ္ဗိနီသို့ ခရီးဆက်ခဲ့ကြရပါသည်။ လုမ္ဗိနီတွင် ဂါးဒင်း နယူး ပဲလေ့စ် ဟိုတယ်မှာ တည်းခိုခဲ့ကြပြီး ၁၂-၀၄-၁၂နေ့မှာ အသောကကျောက်တိုင်၊ မယ်တော်မာယာကျောင်းတော်တို့ကို လေ့လာခဲ့ကြပြီး နေ့လည်စာကိုတော့ ၄င်းဟိုတယ်တွင် ပြန်လည်သုံးဆောင်ကြရပါသည်။ နာရီပြန် ၂ချက်ထိုးသောအခါ ကားပေါ်ပြန်တက်စေ၍ ကပိလ၀တ္ထုနန်းတော်ဟောင်း၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ ဓာတုစေတီတော်၊ မယ်တော်မာယာအုပ်ဂူတို့ကို ကြည်ညိုလေ့လာခဲ့ကြပြီး နိဂြောဓာရုံကျောင်းတော်တို့ကိုလည်း လေ့လာခဲ့ကြရပါသည်။ ၁၃-၀၄-၁၂နေ့တွင် ယတိအဲယားလိုင်းဖြင့် ခတ္တမန္ဒူသို့ ခရီးဆက်ကြရပြန်ပါသည်။ ၄င်းမြို့တွင် အန္နပူရဏ ဟိုတယ်တွင် တည်းခိုခဲ့ကြပြီး၊ ၁၄-၀၄-၁၂နေ့တွင် သယမ္ဘူစေတီတော်နှင့် အခြားတန်ခိုးကြီးဘုရား ပုထိုးများကို လှည့်လည်ဖူးမျှော်ကြရပါသည်။ ၁၅-၀၄-၁၂နေ့မှာ နေ့လည် ၁၃း၃၀မိနစ်အချိန်တွင် ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့သို့ ထွက်ခွါသွားကြပါသည်။ စာရေးသူနှင့် မောင်ခေမာစာရတို့လည်း အိန္ဒိယလေကြောင်းလိုင်းဖြင့် ဗာရာဏသီသို့ နေ့လည် ၁၃း၅၅မိနစ်မှာ ပြန်လည်ထွက်ခွါခဲ့၍ ၁၄း၃၅မိနစ်တွင် ဗာရာဏသီသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ခရီးစဉ် တစ်လျှောက်လုံးမှာတော့ သီတဂူဆရာတော်က သူ့နေရာနှင့် သူ့ဇာတ်ကိုက်ညီအောင် ဟောပြောချက်များကတော့ နာကြားရသူတို့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးမိသဖြင့် မျက်ရည်များပင် ကျခဲ့တဲ့အထိ ထိမိလှပေသည်။ မကြာခင် ဒီဗီဒီတိတ်များ ထွက်လာပါလိမ့်မည် ကြည့်ရှုနားယူတော် မူနိုင်ကြပါစေလို့ ဆန္ဒပြုလျက်---------

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
ရှင်သုခ (မင်းလှ)

0 comments:

Post a Comment