မေတ္တာအခါတော်နေ့
၁၃၇၂-ခု၊ ၀ါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်(၂၅-၀၈-၁၀)နေ့ဖြစ်ပါသည်။ သီတဂူဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ၀ါခေါင်လဆန်း(၁၁)ရက်၊ (၂၁-၀၈-၁၀)နေ့တွင် အင်းစိန်ထောင်၌ အကျဉ်းကျနေကြသော အကျဉ်းသာ (၉၇၀၀)ကျော်တို့အား မေတ္တာအခါတော်နေ့ ကရုဏာအလှူတော်ကို ပြုလုပ်ကျင်းပြီး တရားတော်များလည်း ဟောကြားပြီးဖြစ်ပါသည်။ ဤနေ့၌ ဆရာတော်သည် ပုဂံသီတဂူကျောင်းဆောင် ဖွင့်ပွဲရှိ၍ ကြိုတင်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ မိတ္တေ ဘ၀ါ မေတ္တာ-တဲ့၊ မေတ္တာဆိုတာ မိတ်ဆွေဖွဲ့တဲ့ ကျင့်စဉ်ဖြစ်ပါသည်။ အဲဒါကြောင့် မေတ္တာကို အဘိဓမ္မတ္ထသင်္ဂဟမှာ အဒေါသလို့ အရကောက်ပါသည်။ စိတ်မဆိုးခြင်း၊ အမျက်မထွက်ခြင်းလို့ အဓိပ္ပါယ်ရပါသည်။ မေတ္တာတရားသည် ပူလောင်မှုကို ဘယ်တော့မှ မဖြစ်စေပါဘူး၊ အေးမြခြင်းကိုပဲ ဖြစ်စေပါသည်။ ဟိတကာရပ၀တ္တိလက္ခဏာ မေတ္တာ-တဲ့၊ ဟိတကာမစိတ်လို့ခေါ်ပါသည်။ မနာပဘာဝဒဿနပဒဋ္ဌာနာ-တဲ့၊ သတ္တလောက၏ ကောင်းကျိုးနှင့်ယှဉ်သော မြင်ခြင်းဖြင့် ကြည့်ရှုရပါသည်။ သတ္တလောကတစ်ခုလုံး၏ ကောင်းကျိုးကို လိုလားတဲ့စိတ်ဖြစ်ပါသည်။ သတ္တလောကတစ်ခုလုံး၏ ကောင်းကျိုးကို ကိုယ်စိတ်နှစ်လုံးသုံးပါးဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မေတ္တာနိသာကရော လောကေ၊ သမ္မာ ဘာတု သုခံကရော၊ မေတ္တာသီတလရံသီဟိ သုခန္တု ဖုသိတာ ပဇာ။ လို့ ဟောတော်မူထားခြင်းဖြစ်ပါသည်။ အဲဒါကြောင့် မေတ္တာသည် လရောင်စမ်းတဲ့ ညချမ်းပမာ အေးမြခြင်းကို ခံစားရပါလိမ့်မည်။ ချမ်းသာခြင်းကို ပေးဆောင်မှာဖြစ်ပါသည်။ အဲဒါကြောင့် မေတ္တာအကျိုး၊ ဆယ့်တစ်မျိုးကား၊ ချမ်းသာသုံးမျိုး၊ အိပ် နိုး၊ အိပ်မက်၊ ချစ်လျက် လူ နတ်၊ စောင့်ကြပ် နတ်များ၊ မီးကား မလောင်၊ ဆိပ်ကောင် မသင့်၊ မ၀င်လက်နက်၊ စိတ်လည်းကြည်လင်၊ ကြည့်ရွှင်မျက်နှာ၊ သေခါ မတွေဝေ၊ လားလေဗြဟ္မာ့ရွာ၊ ဆယ့်တစ်ဖြာတည်း-တဲ့။ ဒါကြောင့် မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းကို တင်ပြရမည်ဆိုလျှင် မြတ်ဗုဒ္ဓလက်ထက်တော်အခါက ရဟန်းတော်အပါး-၅၀၀-တို့သည် မြတ်ဗုဒ္ဓအထံတော်မှ (၀ါဆိုလမတိုင်မီ) အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ချမ်းသာသို့ရောက်ရှိနိုင်သော သမထ၀ိပဿနာကမ္မဋ္ဌာန်းကို သင်ယူပြီး ယူဇနာ(၁၀၀)ဝေးသော တောအုပ်ကြီးတစ်ခုသို့ သွားရောက်ကာ ၀ါဆိုဝါကပ်လျှက် တရားအားထုတ်တော်မူကြကုန်၏။ ထိုရဟန်းတော်များ၏ သီလ သမာဓိ ပညာဂုဏ်တို့ကြောင့် ရုက္ခစိုး ဘုမ္မစိုးနတ်တို့သည် မိမိတို့ဆိုင်ရာ သစ်ပင်ဘုံဗိမာန်တို့၌ မနေ၀ံ့ကြတော့ချေ။ ထိုအခါ ရဟန်းတော်အပါး (၅၀၀)တို့အား သူတို့တောအုပ်အတွင်း၌ မနေနိုင်အောင်၊ ဌာနေသို့ပြန်သွားလေအောင် အမျိုးမျိုး အနှောက်အယှက်များ ပေးခဲ့ကြသဖြင့် ရဟန်းတော်များသည် မြတ်ဗုဒ္ဓထံသို့ ပြန်သွားခဲ့ကြရကုန်၏။ မြတ်ဗုဒ္ဓသည် အကြောင်းအခြင်းအရာတို့ကို ဆင်ခြင်သုံးသပ်ပြီး၍ ထိုရဟန်းတော်တို့အား မေတ္တာသုတ်တော်ကို ချီးမြှင့်တော်မူခဲ့လေသည်။ ထိုရဟန်းတော်တို့သည်လည်း မြတ်ဗုဒ္ဓချီးမြှင့်တော်မူလိုက်သော မေတ္တာသုတ်တော်ကို (၀ါခေါင်လပြည့်နေ့တွင်) သူတို့သီတင်းသုံးခဲ့သော တောစပ်မှစ၍ ရွတ်ဆိုပွါးများကာ တောထဲသို့ ၀င်တော်မူခဲ့ကြ၏။ မေတ္တာဟူသည် အချင်းချင်း ရန်မလိုသောစိတ်ဓာတ်၊ ကူညီရိုင်းပင်းလိုသောစိတ်ဓာတ်ပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် မေတ္တာဟူသည် ခြောက်လှန့်သောသဘော၊ ခြိမ်းခြောက်သောသဘောတို့ကို လက်ကမ်းကြိုဆိုခြင်းသဘောထားသို့ ပြောင်းလဲပေးခြင်းပင်ဖြစ်သည်။ ထိုအခါ ဘုမ္မစိုး၊ ရုက္ခစိုးနတ်တို့သည် ရဟန်းတော်များနှင့် မိတ်ဆွေများဖြစ်သွားကြကာ မည်သည့်အနှောက်အယှက်မျိုးကိုမျှ မပေးခဲ့ကြတော့ချေ။ ထို့အပြင် ထိုရဟန်းတော်တို့ တရားအားထုတ်ရာတွင် ကိုယ်စိတ်နှစ်ပါး တည်ငြိမ်အေးချမ်းစွာ တရားအားထုတ်နိုင်ရန် အကူအညီများ ပေးခဲ့ကြလေသည်။ ထိုကြောင့် ထိုဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟူ၍ မော်ကွန်းကမ္ဗည်းတင်ထားခဲ့ကြကုန်၏။ သတ္တ၀ါအချင်းချင်း မေတ္တာထားနိုင်ကြပါစေကုန်သတည်း။ မေတ္တာထားနိုင်ကြကုန်သည်ဖြစ်၍ ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ ချစ်ခင်ကြပါစေကုန်သတည်း။ အချင်းချင်း ချစ်ခင်စုံမက်ကြကုန်သည်ဖြစ်၍ တစ်ဦး၏အကျိုးကို တစ်ဦးက ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။ ။
ထိုနေ့၌ ကောင်းမှုတစ်ခု ဖြစ်ပါစေခြင်းအကျိုးငှါ သီတဂူ နောင်တော် ညီတော်သုံးပါး တိုင်ပင်ညှိနှိုင်းလျက် ဗာရာဏသီတက္ကသိုလ်တွင် ပညာရည်နို့ အတူသောက်စို့နေကြကုန်သော စာသင်သား သံဃာတော် (၁၃)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လုပ်ကျွေးပါသည်။ ဤကုသိုလ်ကောင်းမှု၏ အဘို့ဘာဂကို ပစ္စည်းလေးပါး ထောက်ပံ့ကြကုန်သော ဒါယကာ ဒါယိကာမအပေါင်းအားလည်းကောင်း၊ မယ်တော်ကြီးဒေါ်ကျင်သိန်း၊ ကြီးတော် ဒေါ်ကျင်မြ၊ အမကြီး မအုံးမြင့်၊ အစ်ကိုကြီး ကိုဝင်းစိန်နှင့် မြင်အပ် မမြင်အပ်၊ ဝေးနေ နီးနေ၊ ဘ၀ဇာတ်ဆုံး ဘ၀ဇတ်မဆုံး၊ ရှည်ရှည် တိုတို၊ ငယ်ငယ် လတ်လတ်၊ ပုပု ၀၀အစရှိသော ခပ်သိမ်းသော သတ္တ၀ါအနန္တတို့အား ပုညကုသိုလ် ပေးဝေလိုက်ရပါသည် ကောင်းထွေ သာဓု၊ သာဓု၊ သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။ သာဓုခေါ်ဆိုနိုင်ကြကုန်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကုန်သတည်း။ ။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။ ။
ရှင်သုခ(မင်းလှ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment