Showing posts with label “မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒလင်္ကာများ”. Show all posts

“မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒလင်္ကာများ”
0 comments Friday, November 4, 2011"တို့ပြည်ဌာနီ၊ ရှေးခါစီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ငြောင်းသာယာ၊ မိန့်အာဏာကို၊ ရပ်ရွာလူးများ၊ လွန်လေးစားခဲ့"။ ။
ရှေးအခါက မြန်မာပြည့်မှာ ဘုန်းကြီးကျောင်းပညာရေးသာရှိသောကြောင့် ကျောင်းထိုင်ဘုန်းကြီးများ၏ ဆုံးမသြ၀ါဒကို မိဘများကအစ သားသမီး မြေး မြစ်များပါမကျန် အလွန်လေးစား လိုက်နာကြပါသည်။ ဘုန်းကြီးကျောင်းသားမှ ကိုရင်၊ ကိုရင်ဘ၀မှ ရဟန်ဖြစ်ကြရကုန်။ တိုင်းပြည့်အုပ်ချုပ်ကြကုန်သော မင်းတို့သည်ပင်လျှင် ဘုန်းကြီးကျောင်းသားဘ၀မှ ဘုရင်မင်းဖြစ်လာရသောကြောင့် ဘုန်းကြီးကျောင်းစနစ်ပါ၍ မေတ္တာရှေးရှု မင်းပြုနိုင်ကြသဖြင့် တိုင်းပြည်လည်းအေးချမ်း တိုင်းသူပြည်သားများလည်း ချမ်းသာကြီးပွားကြကုန်၏။
"ခုကားသို့နယ်၊ မဟုတ်ဖွယ်၍၊ နယ်ပယ်ပွားစီး၊ သားသ္မီးတို့၊ ဘုန်းကြီးကျောင်းတွင်၊ စာမသင်ကြ"။ ။
ယနေ့ခေတ်မှာတော့ ကျေးလက်က ကလေးများပင် ဘုန်းကြီးကျောင်းပညာကို သင်ကြားမှု အလွန်နည်းပါလာရကား ကလေးများလည်း ရိုင်းစိုင်း၊ ဘာသာတရားကိုလည်း ကိုင်းရှိုင်းမှု အလွန်ပင် အားနည်းလာတာကို တွေ့မြင်နေရပါသည်။ ဘုန်းကြီးကျောင်းက သင်ပေးသော “ဧ၀ံ မေ သုတံ” စသည်ကို ခေတ်မမီဘူး၊ ကျောက်ခေတ်က စာတွေဟု ထင်နေကြလေသည်။ ။
"ထို့ပြင်မြို့နေ၊ ကလေးတွေက၊ တို့မေဘာသာ၊ တို့မေစာကို၊ သင်ရကောင်းမျှ၊ မထင်ကြဘဲ၊ ပြင်ကလာပေး၊ စာပထွေးကို၊ အလေးဂရု၊ အလေးပြု၏"။ ။
ထိုတွင်အမ မြို့ကကလေးများပင် မိဘစာပေဖြစ်သော ဗုဒ္ဓဘာသာစာပေများကို သင်ကြားရကောင်းမှန်း မသိကြပေ၊ ပြည်ပမှလာသော စာပထွေးများကိုသာလျှင် အလေးဂရုပြု၍ သင်ကြားနေကြပေသည်။ ။
"သူတို့ဘာသာ၊ သူတို့စာမူ၊ ခေတ်ကအလိုက်၊ လောကတိုက်ဝယ်၊ သိုက်မြိုက်ဘို့ရန်၊ အကြောင်းမှန်လည်း၊ နောင်သံသာတွက်၊ ကျိုးမဖက်၍၊ သက်သက်မျက်စိ၊ တစ်ဖက်ကြည့်တည်း"။ ။
တိုင်းတစ်ပါးမှလာသော ပညာရေး ယဉ်ကျေးမှုများသည် ဤလောက၀ယ် ကြီးပွားချမ်းသာနိုင်သော အကျိုးရှိမည်မှန်သော်လည်း သံသရာအတွက် အကျိုးမရှိရကား မျက်စိ တစ်ဖက်တည်းရှိသူနှင့်တူ၍ တစ်ဖက်ကမ်း ပညာရေးဖြစ်ပါသည်။ ။
"ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ လူအများလည်း၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း"။ ။
ဤအတိုင်းနှစ်ပေါင်းများစွာ ကြာလာခဲ့ပါက မြန်မာပြည်ပွား လူများစွာတို့သည် ရတနာသုံးပါးကို မေးကြကုန်လိမ့်မည်။ ဘာသာမဲ့တွေ ဖြစ်ကုန်လိမ့်မည်မှာ ဧကန်ဖြစ်ပေလိမ့်မည်။ ။
ထိုခါတိုင်းဖွား၊ လူအများလည်း၊ တရားလက်ကွာ၊ တစ်သက်စာကြောင့်၊ ဆက်ခါခုထက်၊ တိုး၍ပျက်လိမ့်။ ။
မိသားစုအားလုံး စားဝတ်နေရေးအတွက် တစ်နှပ်စာ တစ်သက်စာအလုပ်လုပ်နေ ရသောကြောင့် တရားထိုင်ဘို့ မဆိုထားဘိ တရားနာဖို့ပင် မစွမ်းနိုင်ရကား ခုထက်ပိုပြီး ပျက်ဆီးဘို့ပဲ ရှိပါသည်။ ။
"သို့တွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ ၀ိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းသျှင်ဟောကြား၊ သြ၀ါဒကို၊ စိတ်၌ ကြည့်ဖြူ၊ လိုက်နာယူ၍၊ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းပြောင်း၍၊ နောက်နှောင်းမြန်မာ၊ သာသနာတည်၊ ရှည်ကြာနေသို့၊ ထွန်းမည်တည်း"။ ။
လှေကြီးထိုး ရိုးရိုးကျင့်မနေဘဲ စာချဘုန်းကြီးများကလည်း မိမိကျင့်၊ တပည့်တွေကိုလည်း ကျင့်တတ်အောင်သင်၊ ဓမ္မကထိကဆရာတော်များကလည်း မိမိလည်းကျင့်၊ ဒကာ ဒကာမတွေကိုလည်း တရားကျင့်နိုင်ရန် လမ်းညွှန်ပေးနိုင်ရန် သိပ္ပ ၀ိဇ္ဇာမကျန် တတ်မြှောက်အောင် သင်ကြားလေးလထားမှ တပည့် ဒကာ ဒကာမများကို ကောင်းစွာပိုင်ပိုင် ပြသဟောကြား သြ၀ါဒပေးနိုင်မည်ဆိုလျှင် တပည့်များကလည်း ယုံယုံကြည်ကြည့်ဖြင့် လိုက်နာကျင့်သုံးကြကုန်သည်ဖြစ်၍ ကိုယ်နှုတ်စိတ်နူးညံ့ပျော့ပြောင်းပြီး သာသနာနေသို့ ထွန်းလင်းတောက်ပစေရန် ပစ္စည်းလေးပါးတို့ဖြင့် ချီးမြှောက်ထောက်ပံ့ကြလိမ့်မည် ဖြစ်ပေသည်။ ။
စုစည်းတင်ပြူ ရှင်သုခ(မင်းလှ)
read more ““မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒလင်္ကာများ””

Subscribe to:
Posts (Atom)