Showing posts with label အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်. Show all posts

အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်
0 comments Thursday, October 21, 2010၂၃. ၁၀. ၂၀၁၀-နေ့သည် အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်ဖြစ်သည်။ သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ခုနှစ်ဝါမြောက်ဝါတော်ကို မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုသိတနတ်သား အမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်မြတ်ကို ဟောကြားတော်မူရန် တာဝတိံသာနတ်ပြည်၌ ၀ါဆိုဝါကပ်တော်မူခဲ့လေသည်။ ထိုတာဝတိံသာနတ်ပြည်မှ လူ့ပြည့်သို့ ပြန်လည်ကြွတော်မူသောနေ့မှာ သီတင်းကျွတ်လပြည့်နေ့ဖြစ်၍ ထိုနေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်အား ကြိုဆိုပူဇော်သည့်အနေအားဖြင့် ဆီမီးများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်းများဖြင့် လှူဒါန်းပူဇော်ခြင်း၊ အဘိဓမ္မာဒေသနာတော်မြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ နိဗ္ဗာန်ဈေးများပြုလုပ်၍ ကျွေးမွေးလှူဒါန်းခြင်းအားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။
ထိုနေ့၌ စာရေးသူသည် သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ပူဇော်သောအားဖြင့်လည်းကောင်း၊ ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားကြကုန်ပြီးသော မွေးသမိခင် ကျေးဇူးရှင် မယ်တော်ကြီး ဒေါ်ကျင်သိန်း၊ ရဟန်းမယ်တော်ကြီး ဒေါ်ကျင်မြ၊ အစ်မကြီး မအုံးမြင့်၊ အစ်ကိုကြီး ကိုဝင်းစိန်တို့အား ကောင်းမှုတစ်ခု ဖြစ်ပါစေခြင်းအကျိုးငှါ ရည်သန်သမှု အကြောင်းပြုလျက် ဗာရာဏသီတက္ကသိုလ်ဝယ် ပညာရည်နို့ သောက်စို့တော်မူကြကုန်သော မြန်မာပြည်ဖွား သံဃာတော် (၂၂)ပါးတို့အား နေ့ဆွမ်း၊ ရေခဲမုန့်၊ သြဇာသီး၊ လိမ္မော်သီး၊ ငှက်ပျောသီးတို့ဖြင့် ဆက်ကပ်လှူဒါန်းပါသည်။ ဤကောင်းမှု၏ အကျိုးအာနိသင်ကို ကောင်းမှုရှင်နှင့်တကွ မယ်တော်ကြီး ဒေါ်ကျင်သိန်းအမှူးရှိသော မြင်အပ် မမြင်အပ်၊ ဝေးနေ နီးနေ၊ ထက်အောက်ပေါင်းစုံ သတ္တ၀ါပေါင်းများစွာတို့သည် ရရှိခံစားနိုင်ကြပါစေကုန်သတည်း။ ကုသိုလ်အမျှ ရရှိကြကုန်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြကုန်သည် ချမ်းသာကြကုန်သည် လန်းဖြာကြကုန်သည် ဖြစ်ကြပါစေကုန်သတည်း။
(နတ်လူ သာဓု ခေါ်စေသော်)
ရှင်သုခ(မင်းလှ)
read more “အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်”

Subscribe to:
Posts (Atom)