Showing posts with label ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း (၂). Show all posts
Showing posts with label ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း (၂). Show all posts

ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း (၂)

0 comments Friday, December 31, 2010
အသံမစဲ မဟာပဋ္ဌာန်းပွဲတော်သည် ဆက်လက်၍ ပဋ္ဌာနဘာဏက (ပဋ္ဌာန်းရွတ်ဖတ်သူ) သံဃာတော်များ၊ ဒါယကာ+ဒါယိကာမများတို့၏ အဓိပတိတပ်ကာ အားထုတ်ကြသည့် စွမ်းအားတို့ကြောင့် အားရစရာ ကောင်းလောက် အောင်ပင် ကြည်နူးစရာဖြစ်လာခဲ့သည်။ ဒုတိယနေ့မှသည် တတိယနေ့ထိ ရွတ်ဖတ်ကြသည့် လူပုဂ္ဂိုလ်များသည် စိတ်ဝင်စားလာကြ ရွတ်ဖတ်လိုကြသည့် သဒ္ဓါတရားများ တိုးပွားလာကြသည်ကို တွေ့ရှိ ရသည်။ မိမိတို့ အားလပ်သည့် အချိန်ကို ထိထိမိမိ အရယူကြကာ ခန္ဓာသဘော စိတ်မစောပဲ နွမ်းနယ်မှုကိုပယ် ပီတိတွေရင်မှာ တွယ်၍ အားပါးတရ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်နေကြသည်မှာလည်း ပထမအကြိမ် ပြုလုပ်သည့် အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော်ကြီး ရွတ်ဖတ်ပူဇော်ပွဲကြီး၏ အောင်မြင်မှု တစ်ခုဖြစ်လေသည်။
ထူးခြားလာသည်မှာ တတိယနေ့တွင် ပေါ့တလန်ဆရာတော် အရှင်သိရိန္ဒက မောင်ရင်လေး အွန်လိုင်းကနေ အများသူငှာ ကြည်ညိုသဒ္ဓါပွားစေဖို့ ရုပ်သံလွှင့်ဖို့သင့်တယ်ဟု မိန့်တော်မူလာပါသည်။ မိမိလည်း ဆရာတော် အရှင်မြတ်၏ ကူညီထောက်ပံ့မှုကို အမြဲတစေ မျှော်လင့်သူမို့ ကောင်းလေစွ ဆရာတော် ကူညီပေးပါဟု တောင်း ဆိုလေသဖြင့် ပေါ့တလန် ဆရာတော် အရှင်သိရိန္ဒမှ ကိုယ်တော်တိုင် အဝေးရောက် လမ်းညွှန်၍ မဟာပဋ္ဌာန်း ပွဲတော်ကြီး ပိုမိုအောင်မြင် ထူးခြားစေဖို့ ပဋ္ဌာန်းတရားအသံများကို အထက်ဗဟိုဠ် ကောင်ကင်သို့ ပို့ဆောင်တော်မူခဲ့၊ ကမ္ဘာတ၀ှမ်းသို့ ဖြန့်ကျင်းတော်မူခဲ့လေသောကြာင့် ပေါ့တလန်ဆရာတော်၏ မေတ္တာ မိုးတွေ ရွာသွန်းလို့ မေပယ်စနိုးတွေ အဝေးသို့ ရှောင်ကွင်းခဲ့ရပါသည်။
ဆရာတော်နည်းအတူ Live Dhamma. Com မှမမေဟန်သွင်ကလည်း ပဋ္ဌာန်းဒေသနာတော်များ စကြာဝဠာ တစ်ခွင်မှသည် တုသိတာ ဘုံဗိမာန်နန်းဆီက သန္တုသိတ နာမမည်တွင် မယ်တော်ဖြစ်ဖူး သောတာပန်နတ်သား ကိုယ်တော်ဖျားဆီသို့ ပဋ္ဌာန်းမြတ် အဘိဓမ္မာ အနောက်ကမ္ဘာတခြမ်းမှာ ပဲ့တင်သံလွှမ်း နေပါလားလို့ လေလှိုင်းမှ ပို့သ၊ သတင်းစကား ပါးလေခဲ့သောကြောင့် ကောင်းကင်မှာ ကြည်လင်၊ စနိုးတွေ မိုးရေစက်အသွင် ပြောင်းခဲ့ရပါ သည်။
အရှင်မြတ် မထေရ်သခင်နှင့် ဒကာမ မမေဟန်သွင်တို့ ကူညီမ,စ စေတနာတွေ ဝေငှလေသောကြောင့် အဘိဓမ္မာ မြတ်ပဋ္ဌာန်း တကယ်ပင် တခေတ်ဆန်း၍ မွန် ဗမာသံတို့ဖြင့် ကောင်းကင်မှာ လွှမ်းခဲ့ရပါပြီ။
“ပြုံးလို့ရယ် ပျော်ရွှင် နွမ်းတယ်ဆို သူသိဘူး၊ ပုဂံသံ ဆူညံထွက်အောင်၊ တိုးဝှေ့ လှူဦး” လှူဖို့ဆို လက်မနှေးကြသည့် သဒ္ဓါသွေး ရဲရဲနီသော ဒကာ+ဒကာမများတို့၏ ဆွမ်းအဟာရဒါနကလည်း အံ့သြဘွယ်ပင်။ လိုလိုသေးမရှိ၊ ထားစရာ တကယ်ပင် နေရာမရှိ၊ သူသူငါ မပါ မရှိရလေအောင် ပြင်လိုက်သည့် ဆွမ်းပွဲ၊ Table ပင် ကျိုးကျခါနီးမို့ ဆွမ်းဒါယကာ+ဆွမ်းဒါယကာမများကို မိမိက အပေါ်က ကဗျာမပီ စာမညီသော စားသား ပိုဒ်ဖြင့် ဂုဏ်ပြုလိုက်ပါသည်။
အံ့မခန်းအောင် လှူဒါန်း ထောက်ပံ့ကျသော အလှူရှင်များက များလွန်း လှသဖြင့် နာမည်ဖေါ် မသီကျူးတော့ပါဘူး။ မဟာပဋ္ဌာန်းဒေသနာတော်ကြီး ကျင်းပသည့် ရက်အတွင်း အရုဏ် မနက် ညပါမကျန် ဆွမ်းကွမ်း အာဟာရ အဖျော် သစ်သီးတို့ဖြင့် လှူကြသည့် အလှူရှင်များကို မိမိက သုခီ ဟောတု၊ ဒုက္ခာ မုစ္စတု လို့ မေတ္တာပို့လိုက်ပါသည်။
ညစဉ်ညတိုင်း အိပ်ရေးမမက် သဒ္ဓါထက်ထက်ဖြင့် မရပ်မနား ရွတ်ဖတ်ပေးကြသည့် ဆရာတော် သံဃာတော် များနှင့် ပဋ္ဌာန်းဒေသနာတော်ကို ကြည်ညို၊ သဒ္ဓါစိတ်တွေ ပိုလွန်းကြသည့် သူတော်စဉ် အမျိုးကောင်းသား +အမျိုးကောင်းသမီးတို့က မအားမလပ် အလုပ်တဖက်ဖြင့် နွမ်းနယ်မှုကို ပဓာနမထား ကုသိုလ်ရယူလို အားဖြင့် ပထမအကြိမ် မဟာပဋ္ဌာန်း စုပေါင်းရွတ်ဖတ်ပွဲကြီးကို အသံမစဲစေခဲ့ကြသည်မှာ ယနေ့ဆို ခြောက်ရက် မြောက်ရှိပါပြီ။ အော် တကယ်ပင် မိမိစိတ်အစဉ်မှာ အစ္ဆရိယံ ၀တ- လက်ဖြင့် ခတ်တီး အံချီး စရာကောင်းပါပေစွ၊ အဗ္ဘုတံ ၀တ- ရှေးက မဖြစ်စဖူး တကယ်ပင် ထူးခြားပါပေစွ။
မြင့်မြတ်ကြီးကျယ် သိမ်မွေးနုညံ့ အံ့မခန်းလှသည့် အဘိဓမ္မာ မြတ်ပဋ္ဌာန်းဒေသနာတော်ကြီးကို မိမိနှုတ်ဖျား ကာယအားဖြင့် ရွတ်ဖို့ ပျော်ရွှင် စိတ်အစဉ်သည် တကယ်ပင် အဖိုးတန်လှပါပေစွ။

သဟဿမပိ စေ ၀ါစာ၊ အနတ္ထပဒ သံဟိတာ၊
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။ (ဓမ္မပဒ-သဟဿဝဂ်)
အကျိုးကျေးဇူး မဖြစ်စေသော စကားလုံးပေါင်း တထောင်သည် ကြားနားရသော သူကို ငြိမ်းအေးမှုကို မပေးနိုင်၊ အကျိုးစီးပွား ဖြစ်စေသော မြတ်ဗုဒ္ဓ၏ ပါဠိစကားတလုံး (ဓမ္မတခွန်း)သည် ကြားနာရသောသူကို ကိလေသာ ခပ်သိမ်း ကင်းငြိမ်းသဖြင့် ချမ်းသာစေနိုင်၏။
နေ့စဉ် စီးပွားရေး သားရေး မယားရေး သမီးရေးစသည်တို့ဖြင့် ကိလေသာအညစ် ထွေးထပ်ရစ်သဖြင့် သူ့အတင်း သူ့အဖျင်း စကားလုံးစုံ နှုတ်တွင် ထပ်ထပ်၊ ဖုန်းဆက်တဖုံ အချိန်ကုန်ပြောနေခြင်းထက် ယနေ့ သီတဂူဓမ္မ၀ိဟာ ရကျောင်း၊ ကျင်းပပြုလုပ် အဘိဓမ္မာ မဟာပဋ္ဌာန်းကို တပိုဒ် တပါဒ တရက် တနာရီ ရွတ်ဖတ်လိုက်ရခြင်းက ပိုလို့ပင် အကျိုးကျေးဇူ များလှသဖြင့် အော် တကယ်ပင် မီနီဆိုးတား ဒါယကာ+ဒါယိကာမတို့အတွက် အခွင့်ထူးကြီးကို ရရှိပါပေစွ။
ယော စ ၀ဿသတံ ဇီဝေ၊ ကုသီတော ဟီန၀ီရိယော၊
ဧကာဟံ ဇီဝိတံ သေယျော၊ ၀ီရိယ’ မာရဘတော ဒဠှံ။ (ဓမ္မပဒ-သဟဿဝဂ်)
ကာမဂုဏ်ပျော်ပါး နေ့စဉ်အားဖြင့် ဘာဝနာအလုပ် ကြိုးမကုတ်ပဲ ပျင်းရိ၍နေ အသက်တရာရှည်သော သူထက် တရက် တမနက် တနာရီမျှ ဘာဝနာအလုပ် ကြိုကုတ်ရှာဖွေ အားထုတ်၍ နေသောသူ၏ အသက်ရှင်ခြင်းသည် တန်ဖိုးကြီးမား အလွန်ပင် ထူးခြားလေ၏။
နေ့စဉ် ကာမအာရုံ ကာမဂုဏ်ဖြင့် အာရုံခြောက်ပါး မလပ်အားပဲ တရွေ့ရွေ့သွား အသက်ကြီး၍ လာကြသော မိမိတို့အားလုံးအတွက် တရက် တမနက် တနံနက်မျှ အသံမစဲ မဟာပဋ္ဌာန်းပွဲကို ၀မ်းသာ အားရ တက်ကြွ ပျော်ရွှင် ကိုယ်တိုင် ပါဝင် ရွတ်ဖတ်လိုက်ရခြင်း၊ ကိုယ်တိုင် ပါဝင် လှူဒါန်းလိုက်ရခြင်းသည် ပိုလို့ပင် အကျိုး ကျေးဇူ များလှသဖြင့် အော် တကယ်ပင် မီနီဆိုးတား ဒါယကာ+ဒါယိကာမတို့အတွက် အခွင့်ထူးကြီးကို ရရှိပါပေစွ။
ထို့ကြောင့် သီတဂူကျောင်း ဒါယကာ+ဒါယကာမအပေါင်းတို့သည် ကြုံလာသည့် အခိုက် သာသနာတော်ကို ဦးဖြင့် တိုက်၍ ကိုယ်ပိုင်သိ ဒါန၊ ကိုယ်ပိုင်သိ သီလ၊ ကိုယ်ပိုင်သိ ပညာ ရရှိဖို့ အရေး သီတဂူဓမ္မ၀ိဟာရကျောင်း တွင် ကျင်းပ အဘိဓမ္မာ မြတ်ပဋ္ဌာန်းကို တရက် တမနက် ရွတ်ဖတ်ဖြစ်အောင် ရွတ်ဖတ်လိုက်ကြပါဟု မေတ္တာဖြင့် အာသီသပြု တိုက်တွန်းလိုက်ရပါသည်။

ယုံကြည် ပျော်ရွှင် စိတ်အစဉ်ဖြင့်
အရှင်နာယက (မနက်ဖြန်)
read more “ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း (၂)”