ပူဇော်ထိုက်က ပူဇော်ကြပါ

0 comments Wednesday, October 26, 2011
“ရတနာသုံးပါး၊ ဆရာအား၊ ဦးဖျားထိပ်မှာပန်”
“ရတနာသုံးပါး၊ ဆရာအား၊ မမှားပူဇော်ပါ”
“ရတနာသုံးပါး၊ ဆရာအား၊ တတ်အားပူဇော်ပါ”
မြတ်စွာဘုရား ဟောတော်မူထားခဲ့တဲ့ သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်ထဲမှာ “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ၊ ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ” လူမိုက်တို့ကို ဘယ်တော့မှ မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိ သူတော်ကောင်းနှင့် ထာဝရ ပေါင်းသင်းမှီဝဲ ဆည်းကပ်နေထိုင်ခြင်း၊ ပူဇော်ခံထိုက်သူတို့ကို အမြဲဆည်းကပ်ပူဇော်ခြင်း စသည်စသည်ဖြင့် မင်္ဂလာတရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြရပါမည်။ “အစကောင်းမှ အနှောင်းသေချာ” ဆိုသကဲ့သို့ လူမိုက်ကိုရှောင်၊ ပညာရှိ သူတော်ကောင်းနှင့်ပေါင်း၊ ပူဇော်ခံထိုက်သူတွေကို ပူဇော်ခြင်းအစရှိသော မင်္ဂလာတရားတော်များကို အစဉ်တစိုက်ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ခဲ့မှသာလျှင် “နိဗ္ဗာနသစ္ဆိကိရိယာစ” ဆိုတဲ့ ဘ၀ဇာတ် သိမ်းရာဖြစ်သောနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း အကျိုးတရားတွေကို ခံစား စံစားရမည်မှာ ဧကန်မုချဖြစ်ပါသည်။
မြတ်စွာဘုရားလက်ထက်တော်အခါက အဇာတသတ္တုမင်းသားလေးသည် ရှင်ဒေ၀ဒတ္တ တည်းဟူသောလူမိုက်နှင့် ပေါင်းဖေါ်ယှဉ်တွဲမိသည့်အတွက် ဘုရင်ဖြစ်လိုခြင်းတည်းဟူသော တဏှာလောဘကြောင့် ဖခမည်းတော်ကြီး သောတာပန် ဗိမ္ဗိသာရမင်းတရားကြီးကို သတ်မိတဲ့အထိ မိုက်မဲ့ခဲ့ဘူးပါသည်။ သို့သော်လည်းဘဲ သောတာပန် ဆေးဆရာကြီး ဇီဝကတည်းဟူသော သူတော်ကောင်းနှင့် ပေါင်းဖေါ်ယှဉ်တွဲပြီး မြတ်စွားဘုရားကို ပူဇော်မှီဝဲဆည်းကပ်မိသောကြောင့် အဘကို သတ်မိတဲ့အတွက် အ၀ီစိငရဲမှခံရမည့်ဘေးမှ လွတ်မြှောက်လျက် လောဟကုမ္ဘီငရဲမှာသာ အနှစ်ခြောက်သောင်းခံရပြီး၊ ထိုငရဲမှ လွတ်မြှောက်သောအခါ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓအဖြစ်ဖြင့် ပရိနိဗ္ဗာန်စံဝင်ရမည့်အထိ အကျိုးကျေးဇူးရရှိသွားခဲ့ပါသည်။
“ပူဇော်ထိုက်သူ၊ ပူဇော်မူ၊ မှတ်ယူမင်္ဂလာ”။
ဤနေရာမှာ ပူဇော်ထိုက်သူများကား ဘုရား၊ တရား၊ သံဃာ၊ ဆရာတို့ဖြစ်ပါသည်။ ရတနာသုံးပါးကား အမြတ်ဆုံး ပူဇော်ခံထိုက်သော တရားများဖြစ်ပါသည်။ ဆရာမှာလည်း လောကီစီးပွားရေး၊ ကြီပွားရေး ပညာရေးသင်ကြားပေးသည့်ဆရာ၊ လောကုတ္တရာမဂ်ဖိုလ် နိဗ္ဗာန်သို့ရောက်ကြောင်း ဘ၀၀ိမုတ္တိပညာကို သင်ကြားပြသပေးသောဆရာဟု နှစ်မျိုးရှိပါသည်။ ပူဇော်ရမည့်အရာများကလည်း ပစ္စည်းဖြင့်ပူဇော်ခြင်း၊ ကိုယ်ကျင်းတရားဖြင့်ပူဇော်ခြင်းအားဖြင့် နှစ်မျိုးရှိပါသည်။ အဲဒါကြောင့်---
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ မမှားပူဇော်ပါ”။
ယနေ့ လူငယ်တွေ ဆရာတွေကို ပူဇော်တဲ့ အာစရိယပူဇော်ပွဲမျိုးတွေ အတော်အတန်ပင်ရှားပါး နေတာ တွေ့ရပါသည်။ အဲဒါ ဘာကြောင့်လည်းဆိုတော့ “ပူဇာ စ ပူဇနေယျာနမင်္ဂလာ” ပျက်ဆီးနေ လို့ဖြစ်ပါသည်။ လောက သားသ္မီးများဟာ မိဘကိုလုပ်ကျွေးပြုစုရမှာ ၀န်မလေးပေမဲ့ ဆရာသမားရဲ့ ၀တ်တရားတွေကို ပြုစုရမှာ အတော်ပင် ၀န်လေးနေကြပါသည်။ သူတို့လေးတွေရဲ့ အမြင်မှာ ဒီဆရာတွေသည် ငါတို့ကို စေတနာရှိလို့ သင်ပေးနေတာ မဟုတ်ပါဘူး၊ မေတ္တာရှိလို့ သင်ပေးနေတာ မဟုတ်ပါဘူး၊ သူတို့ပိုက်ဆံရလို့ သူတို့ကြီးပွားချမ်းသာဘို့အတွက်ဟု အထင်မှား အမြင်မှားတွေ ရှိနေလို့ပဲဖြစ်ပါသည်။ အဲဒီအထင်မှား အမြင်မှားတွေ မရှိရလေအောင် သားသ္မီးများကို မိဘများက သင်ကြားဆုံးမသင့်ပေသည်။ လောကမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာရယ်လို့ ဆရာသုံးမျိုး ရှိကြောင်း သင်ကြားဆုံးမသင့်ပေသည်။ စာရေးသူ ငယ်ငယ်သင်ခဲ့ဘူးတဲ့ မြင်ဆရာကို ဆော်ကားလို့ လှံဆူးသေရတဲ့ လုလင်အကြောင်းလေး တင်ပြချင်ပါသည်။ လုလင်ငယ်တစ်ယောက် သည် ဗျိုင်းတစ်ကောင် ငါးလေးတစ်ကောင်းကို အပေါ်မြောက်လိုက် ပါးစပ်ဖြင့်ဖမ်းလိုက်ဖြင့် ထပ်ခါတလဲလဲ လုပ်နေသည်ကိုမြင်၍ အတုမြင် အတတ်သင်ဆိုသလို အတူလိုက်ပြီးလေ့ကျင်ခဲ့ရာ နောက်ဆုံး လှံတံကိုပင် အပေါ်မြှောက်၍ မိမိပါးစပ်ဖြင့် ဖမ်းနိုင်သည့်အထိ တတ်မြောက်သွားတော့၏၊ ထိုသတင်းကို တိုင်းပြည့်အုပ်ချုပ်တဲ့ ဘုရင်မင်းကြီးကြား၍ လုလင်ငယ်ကိုခေါ်စေပြီး ထိုလှံဖမ်းအတတ်ကို နန်းတွင်းဝယ် ပြသခိုင်းလေးသည်၊ ဘုရင်က သင်၏ဆရာ ဘယ်သူနည်းဟု မေးသောအခါ သူ့ဆရာက တိရစ္ဆာန်ဗျိုင်းဖြစ်နေသောကြောင့် ဆရာကို ဖေါ်မပြဘဲ ကိုယ်တိုင်တတ်မြှောက်ကြောင်း လိမ်လည်လျှောက်ထားပြီး ဆက်လက်ပြသလေရာ ထိုလုလင်ငယ် အာခံတွင်းလှံဆူး၍ သေဆုံးခြင်းသို့ ရောက်ရလေသည်။ ဤပုံပြင်လေးကို သင်ခန်းစာယူလျက် ယနေ့လူငယ်များ ဆရာနှင့်တပည့် မေတ္တာအစေး မပျယ်ရလေအောင် မေတ္တာအစေး မခမ်းခြောက် ရလေအောင် ဆရာကလည်း တာဝန်ကျေ၊ တပည့်ကလည်း တာဝန်သိတတ်ဘို့ အထူးပင် လိုအပ်လှပေသည်။ အဲဒီ “ပူဇာ စ ပူဇနေယျာနမင်္ဂလာ” ပျက်ပြီဆိုလျှင် ဆရာရော တပည့်ပါ ပျက်ဆီးဆုံးရှုံးသို့ ရောက်လိမ့်မည်ဖြစ်ပေသည်။ ဆရာနှင့်တပည့် ၀တ်တရားတွေ အသီးသီးတာဝန် ကျေကြမည်ဆိုလျှင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးအစရှိသော အကျိုးတရားများကို အသီးသီး ခံစား စံစားရမည်မှာ ဧကန်စင်စစ် အမှန်ပင်ဖြစ်ပါသည်။
“ဒသသ၀ဿာယုကေသု ဘိက္ခဝေ မနုေဿသု ယေ တေ ဘ၀ိဿန္တိ အမေတ္တေယျာ အပေတ္တေယျာ အသာမညာ အဗြဟ္မညာ န ကုလေ ဇေဋ္ဌပစာယိနော, တေ ပုဇ္ဖ စ ဘ၀ိဿန္တိ ပါသံသာ စ”။ (စက္က၀တ္တိသုတ်)
ရဟန်းတို့ အသက်တန်း ဆယ်နှစ်တန်းမှ လူတို့သည် မိခင်ကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ ဖခင်ကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ ရဟန်းသံဃာတော်တွေကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ လူတော်ကောင်းသူတော်စင်တွေကို မပြုစု မလုပ်ကျွေးကြကုန်သည်၊ ကြီးကုန်သောသူတို့ကို မပြုစု မလုပ်ကျွေးကြကုန်သည်ဖြစ်၍ နေထိုင်ကြကုန်၏။ ထိုသို့ ၀တ်တရားပျက်ဆီးနေသောသူတို့ကို ပူဇော်ကြကုန်သည့်ခေတ်၊ ချီးမွမ်းကြကုန်သည့်ခေတ်ဆိုတဲ့ အဲဒီလို လူမိုက်တွေကို ပူဇော်တဲ့ခေတ်ကို ရောက်ကြပေလိမ့်မည်။ မိဘတွေက သားသ္မီးတွေကို ပြန်ပြီးပူဇော်ရတဲ့ခေတ်ကို ရောက်ကြရပေလိမ့်မည်ဟု ဟောတော်မူခဲ့ပါသည်။
ယခုအချိန်ကာလသည် သူတော်ကောင်းတရားကျင့်သုံးပြီး ပူဇော်ထိုက်သူတွေကို ပူဇော်ရမည့် အချိန်အခါကောင်းဖြစ်သည်။ အနာဂတ်ဆိုတာ မသေချာ၍ လက်ရှိပစ္စုပ္ပန်မှာ သေချာတဲ့ ပူဇော်မှုတွေ ကို များများပြုလုပ်ကြဘို့နဲ့ ပူဇော်တဲ့နေရာမှာလည်း မိမိပူဇော်မည့်ပုဂ္ဂိုလ်တွေက ပူဇော်ခံထိုက်သော ဘုရား တရား သံဃာ မိဘ ဆရာ အသက်ကြီးသူ ဂုဏ်ကြီးသူတွေ ဟုတ်ရဲ့လားဟု ကွဲပြားအောင် လေ့လာသင့်တယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုတာမျိုးက ကိုယ်ညံ့ဖျင်းရာကျသလို အချိန် ကလည်းသိပ်နောက်ကျနေပြီ နောင်တ မဖြစ်ရလေအောင် အသိအလိမ္မာ ပညာဥာဏ်ဖြင့် စဉ်းစား ဆင်ခြင်လျက် ပူဇော်ထိုက်သော ဘုရား တရား သံဃာ မိဘ ဆရာသမားများကို မမှားသော ပူဇော်ခြင်း မျိုးဖြင့် ပူဇော်ကြပါလို့ တိုက်တွန်းလိုက်ပါသည်။
“မိဘနှစ်ပါး၊ ကြီးသူအား၊ မမှားပူဇော်ပါ”
မိဘများနှင့် အသက်ကြီးသူ ဂုဏ်ကြီးတို့အားလည်း ပူဇော်ကြရပါမည်။
“ဣမာယ ဓမ္မာနုဓမ္မပ္ပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ၊
ဣမာယ ဓမ္မာနုဓမ္မပ္ပဋိပတ္တိယာ ဓမ္မံ ပူဇေမိ၊
ဣမာယ ဓမ္မာနုဓမ္မပ္ပဋိပတ္တိယာ သံဃံ ပူဇေမိ”
ဤလောကုတ္တရာကိုးပါးအားလျှော်သော အကျင့်မြတ်ဖြင့် ဘုရား တရား သံဃာရတာနာသုံးပါးအား ပူဇော်ပါ၏။
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ မမှားပူဇော်ပါ”
ပူဇောတဲ့နေရာမှာလည်း ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်းအားဖြင့် နှစ်မျိုး ရှိပါသည်။ သားသ္မီးများက မိဘတို့၏ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးခြင်းဖြင့် အမြတ်ဆုံးပူဇော်ခြင်းဖြစ်တဲ့ တရားနှင့်ပူဇော်နိုင်သလို၊ တပည့်များကလည်း ဆရာသမားများအပေါ်မှာ ဆရာတို့၏ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးခြင့်းဖြင့်လည်းကောင်း၊ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများကလည်း မြတ်စွာဘုရား၏ ဆုံးမသြ၀ါဒဖြစ်သော စာရိတ္တသီလနှင့် ၀ါရိတ္တသီလတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ပူဇော်နိုင်ကြပါ သည်။ အဲဒီလိုပူဇော်ခြင်းမျိုးကို မြတ်စွာဘုရားက ဘုရား တရား သံဃာ မိဘ ဆရာ အသက်ကြီးသူ ဂုဏ်ကြီးသူတို့ကို အမြတ်ဆုံး ပူဇော်ခြင်းမျိုးဖြင့် ပူဇော်ခြင်းဖြစ်ကြောင်း ဟောတော်မူခဲ့ပါသည်။
“သိက္ခာသုံးပါး၊ ကျင့်သူအား၊ မမှားပူဇော်ပါ”
သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါး ကျင်းကြံကြိုးကုတ်အားထုတ်နေသော သူတော်စင်တွေကိုတွေ့လျှင် ငယ်ပင်ငယ်ငြားသော်လည်း ပူဇော်ထိုက်သည့်အတွက် ပူဇော်ကြပါ။ ဘယ်လိုပူဇော်ကြရမလဲဆိုတော့---
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ မမှားပူဇော်ပါ”
၁။ ပစ္စည်းဖြင့် ပူဇော်ခြင်း၊
၂။ ကိုယ်ကျင့်တရားဖြင့် ပူဇော်ခြင်း၊
၃။ ပစ္စည်း၊ ကိုယ်ကျင့်တရား နှစ်မျိုးလုံးဖြင့် ပူဇော်ခြင်း၊
၎။ ပစ္စည်းဖြင့်လည်း မပူဇော်၊ ကိုယ်ကျင့်တရားဖြင့်လည်း မပူဇော်ပဲနေခြင်းအားဖြင့် လေးမျိုးလေးစားရှိပါသည်။
တစ်ချို့ကြတော့ လှူတော့လှူနိုင်တယ် ကိုယ်ကျင့်တရားတော့ မကျင့်နိုင်ဘူး၊
တစ်ချို့ကြတော့ လှူတော့မလှူနိုင်ဘူး ကိုယ်ကျင့်တရားကြတော့ ကျင့်နိုင်တယ်၊
တစ်ချို့ကြတော့ လှူလည်းလှူနိုင်တယ် ကိုယ်ကျင့်တရားလည်းကျင့်နိုင်တယ်၊
တစ်ချို့ကြတော့ လှူလည်း မလှူနိုင်ဘူး ကိုယ်ကျင့်တရားလည်း မကျင့်နိုင်ဘူး၊
“ယော ခေါ, အာနန္ဒ, ဘိက္ခု ၀ါ ဘိက္ခုနီ ၀ါ ဥပါသကော ၀ါ ဥပါသိကာ ၀ါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ၀ိဟရတိ သာမိစိပ္ပဋိပန္နော အနုဓမ္မစာရီ, သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစာယတိ ပရမာယ ပူဇာယ၊ တသ္မာတိဟနန္ဒ, ဓမ္မာနုဓမ္မပ္ပဋိပန္နာ ၀ိဟရိဿာမ သာမိစိပ္ပဋိပန္နာ အနုဓမ္မစာရိနောတိ။ ဧ၀ဥှိ ဝေါ, အာနန္ဒ သိက္ခိတဗ္ဗန္တိ”။ (မဟာပရိနိဗ္ဗာနသုတ္တ)
ချစ်သားအာနန္ဒ ရဟန်းပဲဖြစ်ဖြစ် ရဟန်းမပဲဖြစ်ဖြစ် ဒါယကာပဲဖြစ်ဖြစ် ဒါယိကာမပဲဖြစ်ဖြစ် လောကုတ္တရာတရားကိုးပါးနှင့် လျှော်လျှောက်ပတ်သောသီလ သမာဓိ ပညာတရားတွေကို ကျင့်ကြံ ကြိုးကုတ်အားထုတ်၍နေ၏။ ထိုပုဂ္ဂိုလ်သည် ငါဘုရားအား တရားဖြင့် အရိုအသေပြုသည်မည်၏၊ အလေးအမြတ်ပြုသည်မည်၏၊ မြတ်နိုးသည်မည်၏၊ အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည်မည်၏၊ အဲဒီလို အရိုအသေပြခြင်းစသည်တို့သည် ငါဘုရားကို အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည်မည်၏လို့ ဟောတော်မူခဲ့ပါသည်။
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ တတ်အားပူဇော်ပါ”။
မြတ်စွာဘုရားအား မြင်းမိုရ်တောင်လောက်ကြီးတဲ့ ပန်းကုံးကြီးဖြင့် ပူဇော်ပါသော်လည်း အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည် မမည်ပါဘူး။ မိထွေးတော် ဂေါတမီသည် မြတ်စွားဘုရားအား သင်္ကန်းတွေ မြင်းမိုရ်တောင်လောက်ပုံပြီး လှူပင်လှူငြားသော်လည်း အမြတ်ဆုံးပူဇော်ခြင်း မမည်ပါဘူးလို့ မြတ်စွာဘုရား ဟောတော်မူခဲ့ပါသည်။ မြတ်ဘုရား ဟောတော်မူထားခဲ့တဲ့ တရားတော်တွေကို လိုက်နာကျင့်သုံးပြီး ပူဇော်ခြင်းမျိုးကို အမြတ်ဆုံးပူဇော်ပဲလို့ ဟောတော် မူခဲ့ပါသည်။ အဲဒါကြောင့် မိဘများက ယနေ့လူငယ် သားငယ် သမီးငယ်များကို “ပူဇာ စ ပူဇနေယျာန” မင်္ဂလာတရားတော်နှင့် ပြည့်စုံအောင် နေတတ်ထိုင်တတ်ဘို့အတွက် ဆုံးမသွန်သင်လျက် ပူဇော်ခံထိုက်သော ဘုရား တရား သံဃာ မိဘ ဆရာ အသက်ကြီးသူ ဂုဏ်ကြီးသူတို့ကို ပစ္စည်းဖြင့်လည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ကိုယ်ကျင့်တရားဖြင့်လည်းကောင်း နေ့ညမပြတ် တတ်အားသမျှ ပူဇော်နိုင်ကြပါစေလို့ သမ္မာဆန္ဒပြုလျက်---
“ ပူဇော်ထိုက်သူ၊ ပူဇော်မူ၊ မှတ်ယူမင်္ဂလာ”
“ရတနာသုံးပါး၊ ဆရာအား၊ မမှားပူဇော်ပါ”
"ရတနာသုံးပါး၊ ဆရာအား၊ တတ်အားပူဇော်ပါ"
“မိဘနှစ်ပါး၊ ကြီးသူအား၊ မမှားပူဇော်ပါ”
“ပစ္စည်း တရား၊ ဤနှစ်ပါး၊ တတ်အားပူဇော်ပါ”

“သီတဂူစန်းပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရှင်သုခ (မင်းလှ)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
read more “ပူဇော်ထိုက်က ပူဇော်ကြပါ”

မာတာပိတု ဥပဋ္ဌာနမင်္ဂလာ ပျက်သုဉ်းကုန်ပြီလား?

0 comments Thursday, October 6, 2011

အထက်ဖေါ်ပြပါ ဓာတ်ပုံရှင်မှာ မိခင်ရင်းဖြစ်သော အသက်(၈၀)ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီးအတွင်း၌ စွန့်ပြစ်ထားခြင်းခံခဲ့ရသော အဘွားအို၏ ဖြစ်ရပ်မှန်တစ်ခုဖြစ်သည်။
မာတာပိတု ဥပဋ္ဌာနမင်္ဂလာအရ=မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ။ တဿာ ဥတုမှိ နှာတာယ၊ ဟောတိ ဂဗ္ဘဿ ဝေါက္ကမော၊ တေန ဒေါဟဠိနီ ဟောတိ၊ သုဟဒါ တေန ၀ုစ္စတိ=အလွန်ကောင်းသော စိတ်နှလုံးရှိသူများ။ ။ နှလုံးဖြူစင်၊ မွေးမိခင်၊ ခေါ်တွင်သုဟဒ။ ။ သံဝဇ္ဇရံ ၀ါ ဦနံ ၀ါ၊ ပရိဟရိတွာ ၀ိဇာယတိ၊ တေန သာ ဇနယန္တီတိ၊ ဇနေတ္တိ တေန ၀ုစ္စတိ=မိခင်သည် သားသမီးတို့ တစ်နှစ်လည်းကောင်း၊ ယုတ်လျှော့၍လည်းကောင်း ၀မ်းနှိုက်လွယ်ပြီးမှ မွေးဖွားခဲ့ရပါသည်။ ၀မ်းနှိုက်လွယ်ကြင်၊ ဖွားသန့်စင်၊ ခေါ်တွင် ဇနေတ္တိ။ ထနခီရေန ဂီတေန၊ အင်္ဂပါဝုရဏေန စ၊ ရောဒန္တံ ပုတ္တံ တောသေတိ၊ တောသေန္တိ တေန ၀ုစ္စတိ=မိခင်သည် ငိုကြွေး၍နေသော သားငယ် သမီးငယ်ကို နို့ချိုတိုက်ကျွေးလည်းကောင်း၊ သီချင်းသီဆို၍လည်းကောင်၊ အင်္ဂါအစိတ်အပိုင်းတွေကို ပွေ့ပိုက်၍လည်းကောင်း ချော့မြူ၏။ ။ တတော ၀ါတာတပေ ဃောရေ၊ မမံ ကတွာ ဥဒိက္ခတိ၊ ဒါရကံ အပ္ပဇာနန္တံ၊ ပေါသေန္တိ တေန ၀ုစ္စတိ= မိခင်သည် သားငယ် သမီးငယ်ကို မိမိနှင့်အတူပြုလျက် မွေးမြူတတ်ကြပါသည်။ သို့အတွက်ကြောင့် စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက ပြာသိုလ်လပြည့် အမေ့နေ့ဆိုပြီး မြန်မာနိုင်ငံမှာ ဖြစ်မြှောက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိဘကို အိမ်မှာမွေးထားသော ခွေးတွေ ကြောင်တွေကို ဘုရားဝိုင်း ကျောင်းဝိုင်းတွေမှာ စွန့်ပြစ်သလို စွန့်ပြစ်ခဲ့သော မိဘများကို ပြုစုလုပ်ကျွေးရမည့်တာဝန်ကို ပျက်ကွက်ခဲ့သော ထိုဇနီးမောင်နှံတို့သည် လောကကြောင်းဖြင့်လည်း အပြစ်သင့်၊ ဓမ္မကြောင်းဖြင့်လည်း အပြစ်သင့်ပေသည်။ ထိုမျှမက ပုဗ္ဗာစရိယဂုဏ်၊ အာဟုနေယျဂုဏ်၊ ဗြဟ္မာဟုခေါ်ဆိုထိုက်သောဂုဏ် စသည်စသည်ဂုဏ်များစွာဖြင့် ပြည့်စုံပေသော မိဘများအား စွန်ပြစ်ခဲ့သော သားသမီးတွေလောက် မိုက်မဲသောသူ လောကမှာ ရှိလိမ့်မည်မဟုတ်ပေ။ တိရစ္ဆာန်တွေထက် မိုက်မဲသောပုဂ္ဂိုလ်များဟု ဆိုလျှင်ပင် ရိုင်းမည်မထင်။ (ဘလောကာ၏ အာဘော်ဖြစ်သည်)။

သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။
စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။
အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။
''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။
ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်။
(မူရင်း)
read more “မာတာပိတု ဥပဋ္ဌာနမင်္ဂလာ ပျက်သုဉ်းကုန်ပြီလား?”