ကဆုန်လပြည့် ဗုဒ္ဓနေ့

0 comments Tuesday, May 17, 2011
*ဆုပန်နေ့ လပြည့်နွေကဆုန်*
လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊
သုမေဓာလောင်း၊ ညွန်ပြောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မ်းလျားမှောက်ခုံ၊
ဆုပန်နေ့ လပြည့်နွေကဆုန်။***။

*ဖွားမြင်နေ့ လပြည့်နွေကဆုန်*
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗိနီတော၊ သာမောရဂုံ၊
မာယာမယ်ဖျား၊ ပတ္တမြားနှုတ်ငုံ၊
ဖွားမြင်နေ့ လပြည့်နွေကဆုန်။***။

သန္ဓေယူခါ၊ ဆယ်လကြာသော်။
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗိနီနှိုက်၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့၊ လမ်းပါကို။ ။

*ဗုဒ္ဓနေ့ လပြည့်နွေကဆုန်*
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဥရုဝေဠ၊ သာစွရဂုံ၊
မာန်စွယ်ငါးဆင့်၊ နှိမ်နင်းအကုန်၊
ဗုဒ္ဓနေ့ လပြည့်နွေကဆုန်။***။

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမှိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဘော်လူတို့၊ ငြမ်းပါကို။***။

*ပြန်လည်တွေ့ လပြည့်နွေကဆုန်*
တစ်ရာ့လေးနှစ်၊ သက္ကရာဇ်ကြုံ၊
ကပ္ပိလနန်း၊ ကြွမြန်းခိုလှုံ၊
ဗုဒ္ဓ၀င်ဇာတ်၊ ဟောလတ်ဖုံဖုံ၊
ုပြန်လည်တွေ့ လပြည့်နွေကဆုန်။ ။

*သိမ်းသောနေ့ လပြည့်နွေကဆုန်*
ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
နိဗ္ဗာန်ကြွလို့၊ ဘ၀ဇာတ်ခုံ၊
သိမ်းသောနေ့ လပြည့်နွေကဆုန်။***။

*တရားနတ်စည်၊ ဆော်ရွန်းလည်က၊
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊
သတ္တ၀ါကို၊ ခေမာသောင်သို့၊
ဖေါင်ကူတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနှိုင်းမယုတ်၊ ကုဿိနာရုံ၊
အင်ကြင်းစုံ​နှိုက်၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊
စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို။***။

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားခြေတော်ရင်းနှိုက် သဗ္ဗညုတ ဘုရားအဖြစ်ကို ရရှိဘို့ရန် ဆုပန်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင့် ကိလေသပရိနိဗ္ဗာန်စံတော်မူခြင်းတည်းဟူသော သစ္စာလေးပါးနှင့်တကွ အလုံးစုံကုန်သော တရားတော်များကို အကုန်အစင်သိမြင်သော ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း၊ ၄င်းကဆုန်လပြည့်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ သာကီဝင်မင်းအပေါင်းတို့အား ဘုရားဖြစ်စဉ်ဗုဒ္ဓ၀င်ကို ဟောတော်မူခြင်း၊ ၄င်းကဆုန်လပြည့် အင်္ဂါနေ့တွင်ပင် ခန္ဓပရိနိဗ္ဗာန်စံတော်မူခြင်းတည်းဟူသော ပရိနိဗ္ဗာန်စံတော်မူခြင်းတို့ကြောင့် ဒီကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ရှေးပညာရှင်များက ခေါ်ဝေါ်သမုတ်ခဲ့ကြပါသည်။
read more “ကဆုန်လပြည့် ဗုဒ္ဓနေ့”